▪︎One Year Strategy ကို NUG အားစိုက်လုပ်ဆောင်မယ်
ဒီတစ်နှစ်အတွင်း အားစိုက်လုပ်ဆောင်ကြမယ့် One Year Strategy(တစ်နှစ်မဟာဗျူဟာ)ကို အစိုးရအဖွဲ့အတွင်းမှာ ဆွေးနွေးပြီးပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောပါတယ်။ အဲဒီ One Year Strategy ကို မဟာမိတ်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးကြပြီးဖြစ်တာမို့ ဆက်လက်အားစိုက်လုပ်ဆောင် သွားကြရမယ့်အလုပ်တွေ အများကြီးရှိနေတယ်လို့ ၀န်ကြီးချုပ်က ဆက်ပြောပါတယ်။ ဆက်လက်လုပ်ဆောင်ကြရမယ့် အလုပ်တွေအတွက် ဝန်ကြီးဌာနတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရမှာတွေ ကြိုတင်ပြင်ဆင်ကြရမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်ပေးကြဖို့ ၀န်ကြီးချုပ်က ဒီနေ့ပြုလုပ်ခဲ့တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

▪︎ကုလဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုလက်ခံဖို့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၃၅၈ ဖွဲ့တောင်းဆို
ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေဟာ လက်ရှိတာ၀န်ထမ်းဆောင်ဆဲကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုလက်ခံသင့်တယ်လို့ Fortify Rights က ဒီနေ့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်း(မြန်မာစံတော်ချိန် စက်တင်ဘာ ၁၄ ရက် မနက် ၁ နာရီ)မှာစတင်မှာဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ တရားမ၀င်၊ ရာဇ၀တ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ကုလသမဂ္ဂခန်းမဆောင်အတွင်း အဲဒီလိုစစ်ကောင်စီအတွက် နေရာမရှိသင့်ဘူးလို့ Fortify Rights အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။ Fortify Rights နဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း ၃၅၇ ဖွဲ့တို့ဟာ ကုလသမဂ္ဂအဖွဲ့၀င် နိုင်ငံတွေအနေနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဆက်လက်အသိအမှတ်ပြုဖို့ အိတ်ဖွင့်ပေးစာတစ်စောင် ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

▪︎စစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ အချက်အလက်သန်းပေါင်းများစွာကို ဖေ့စ်ဘုတ်က ကုလစုံစမ်းစစ်ဆေးသူတွေထံ ပေးအပ်
မြန်မာစစ်တပ်ရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို အထောက်အပံ့ဖြစ်နိုင်တဲ့ အချက်အလက်သန်းပေါင်းများစွာကို Facebook က ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးယန္တရားထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ အဲဒီယန္တရား(IIMM)အကြီးအကဲက ပြောပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတာ၀န်ပေးအပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ဟာ ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ မြန်မာစစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေအတွက် အမှုတည်ဆောက်ရေး ဆက်လက်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ IIMM ဟာ ဖေ့စ်ဘုတ်နဲ့ ရင်းမြစ် ၂၀၀ ကျော်ကနေ အခြားသော အခြားသောသတင်းအချက်အလက်တွေနဲ့အတူ သက်သေအထောက်အထား၊ လေ့လာဆန်းစစ်မှုဆိုင်ရာ ပက်ကေ့ ၆၇ ခုကို ပြင်ဆင်ထားပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC) အပါအဝင် တရားစီရင်ရေးအာဏာပိုင်တွေထံကို ပေးပို့မျှဝေသွားမယ်လို့ဆိုပါတယ်။

Public Service Announcement

▪︎လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအပါအ၀င် လေးဦးထက်မနည်းသေဟု KNDFပြော
လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး အပါအဝင် ထိခိုက်သေဆုံးသူ လေးဦးထက်မနည်းရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်းတွေက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့မနက်ပိုင်းက လွိုင်ကော်မြို့ ကယန်းသာယာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို KNDF တပ်ရင်း (၂) နဲ့ တပ်ရင်း (၁၄)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် အထိအခိုက်များရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲကျေးရွာမှာ ကင်းထောက်နေစဉ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ KNDF တပ်ရင်း(၅)က ထုတ်ပြန်ပါတယ်။ အဲဒီထိတွေ့မှုမှာ KNDF တပ်ရင်း (၅)က RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးခန့်သေဆုံးခဲ့တာကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲဘော်တွေကလည်း လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

▪︎CDM စစ်သားတွေရဲ့ သားသမီးများ ကျောင်းတက်နိုင်ဖို့ KNU စီစဉ်ပေး
ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ ခိုလှုံလာတဲ့ စစ်သားအချို့ရဲ့ သားသမီးတွေ ကျောင်းတက်နိုင်ရေးအတွက် KNUက စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ The Voice of Spring က ဖော်ပြပါတယ်။ စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ပြည်သူ့ဘက် ရပ်တည်လာတဲ့ CDM စစ်သားတွေကို မိသားစုဆုံစည်းနိုင်စေဖို့ KNUက စီစဉ်ဆောင်ရွက်ပေးထားသလို သူတို့ရဲ့ သားသမီးတွေ ကျောင်းတက်နိုင်ရေးအတွက် ဆက်လက်ကူညီပေးခဲ့တာပါ။ CDM စစ်သား တပ်ကြပ်သန်းနိုင်ဦးနဲ့ တပ်သား ဟိန်းစိုးတို့ရဲ့ ကလေးငယ်တွေ KNU ရဲ့ စီစဉ်မှုနဲ့ ကျောင်းတက်နေကြရပြီလို့ မိသားစုဓာတ်ပုံတွေနဲ့အတူ The Voice of Spring က ဖော်ပြပါတယ်။ ပြည်သူ့စစ်သားများ ဇနီးများ အဖွဲ့ကလည်း ကလေးငယ်တွေအတွက် လွယ်အိတ်၊ ဖိနပ်အပါအဝင် ကျောင်းစရိတ်ထောက်ပံ့ကူညီခဲ့ကြတယ်လို့ သိရပါတယ်။




▪︎ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာတဲ့ PDF ရဲဘော်နှစ်ဦး မူလတပ်သို့ပြန်လည်ရောက်ရှိ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူအကျဥ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာတဲ့ PDF ရဲဘော်နှစ်ဦး မူလတပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး တော်လှန်ရေး ဆက်လက်လုပ်ဆောင်ဖို့ အသင့်ဖြစ်နေပြီလို့ 96 Soliders PDF အဖွဲ့က ပြောပါတယ်။ စက်တင်ဘာ ၁၀ ရက်က ပခုက္ကူအကျဥ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ရဲဘော်နှစ်ဦးဟာ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soliders PDF အဖွဲ့ထံ ပြန်လည်ရောက်ရှိခဲ့ပါပြီ။ သူတို့နှစ်ဦးဟာ 96 Soliders PDF အဖွဲ့ရဲ့ တောင်ပိုင်းတိုင်း ကျားဖြူတပ်ခွဲ (၂)မှ ရဲဘော်နှစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်လကျော်က တော်လှန်ရေးကိစ္စတစ်ခုနဲ့ ခရီးထွက်လာစဥ် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

▪︎မူဆယ်မြို့ ကမ္ဘောဇဘဏ် လုံခြုံရေးပြည်သူ့စစ်အဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ
မူဆယ်မြို့ရှိ ကမ္ဘောဇဘဏ်လုံခြုံရေးအစောင့် ပြည်သူ့စစ်အဖွဲ့ကို ကားတစ်စီးနဲ့ လာရောက်တိုက်ခိုက်ရာ ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ပါတယ်။ မူဆယ် အဝေးပြေးကားဝင်းအတွင်းရှိ ကမ္ဘောဇဘဏ်မှာ လုံခြုံရေးစောင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့ကို လက်နက်ကိုင်ဆောင်ထားသူနှစ်ဦးက ဒီနေ့မွန်းလွဲပိုင်းမှာ လာရောက်ပစ်ခတ်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့၀င်တစ်ဦး ပွဲချင်းပြီးသေဆုံးကာ အခြားတစ်ဦးမှာ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့စစ်အဖွဲ့ စစ်ကောင်စီလက်အောက်ခံတွေဖြစ်လို့ အခုပစ်ခတ်ခဲ့တဲ့လုပ်ရပ်ကို မြို့ခံတွေက ချီးကျူးနေကြပါ တယ်။
▪︎ပေါက်ရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်ကျည် အပြည့်အစုံဖြင့် CDMဝင်
မကွေးတိုင်း၊ ပေါက်မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်၊ ကျည် အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီရဲ တပ်သားကို ကျပ်သိန်းတစ်ရာ ပေးအပ်ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရဲတပ်သားဟာ G3 တစ်လက်၊ ကျည်ဘောက်၂ ခု၊ လက်ထိပ် ၁ စုံ၊ ကျည် ၁၃၂ တောင့်နဲ့အတူ CDM ဝင်လာတာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ရဲနဲ့ စစ်သားတွေအနေနဲ့ အမြင်မှန်ရကာ ပြည်သူနဲ့ပူးပေါင်းပြီး CDM လုပ်စေလိုတယ်လို့ မြိုင်(ပကဖ)က သတိပေးတိုက်တွန်းပါတယ်။


▪︎ထားဝယ်-ထီးခီးလမ်း တိုက်ပွဲ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လမ်းပိုင်းတစ်နေရာမှာကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် (၁၂)ဦးသေဆုံးတယ်လို့ Nway Oo Guerrilla Force(နွေဦးပြောက်ကျားတပ်)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ခလရ(၂၆၅)တပ်ကို ဗိုလ်ကော်လော ဦးဆောင်တဲ့ ကော်သူးလေတပ်မတော်(KTLA)နှင့် Nway Oo Guerrilla Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲမှာ (၄၀)မမ ဗုံးပစ်လောင်ချာအပါအဝင် MA 3 လေးလက်၊ (၄၀)မမ ဗုံးသီး (၁၁) လုံး၊ ကျည်ဘောက် ရှစ်ခု၊ ပစ္စတိုတစ်လက်၊ (၆၀)မမ ဗုံးသီးတစ် လုံး၊ ရှေ့ထွက်မိုင်း(လိပ်ခုံး)တစ်လုံး၊ ဆက်သွယ်ရေးစက်အပါအဝင်စစ်အသုံးအဆောင်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
▪︎ဧရာဝတီမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံတွေထွက်ပြေးနေရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာတွေကို ကျွန်းပေါ်ရှိစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ရွာသူ၊ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းကစလို့ ဧရာဝတီမြစ်အတွင်းရှိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အေးကျွန်းရွာမှ စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများဖြစ်တဲ့ စဉ့်ကိုင်ကျေးရွာ၊ အုတ်ဖိုကျေးရွာနဲ့ မြစ်ကမ်းဘေးတစ်လျှောက် ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာပါ။ အဲဒါကြောင့် စဉ့်ကိုင်ရွာ၊ အုတ်ဖိုရွာနဲ့ မြစ်ဘေးနေ ရွာသူရွာသားတွေဟာ နီးစပ်ရာရွာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ်အင်အားစုက ဦးဆောင်ပြီး ကျေးရွာ (၆) ရွာမှ ဒေသခံပြည်သူတွေက “ဒီမိုကရေစီ လိုချင်ရင် ကုန်စျေးနှုန်း မတက်နဲ့” စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ခင်ဦးမြို့နယ် ပြည်သူတွေကလည်း “NUG အစိုးရ ဒို့အစိုးရ၊ ငါတို့သံအမတ်သည် ဦးကျော်မိုးထွန်း” စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့ စျေးချိုတော်မှာ သံဃသမဂ္ဂ ဆရာတော်တစ်ပါးက “UN Prove Your Exsitence for Justice“ စာသားကိုင်ဆောင်ကာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်လှည့်သပိတ်စစ်ကြောင်းဟာ “စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အကြမ်းဖက်သတ်ဖြတ်သည့် လူမျိုးရေးမှိုင်းတိုက်နေသော SNAလုပ်ရပ် ချက်ချင်းရပ်” ၊ “SNA ရဲ့ လုပ်ရပ်သည် ရှမ်းနီတိုင်းရင်းသားများ၏ ကိုယ်စိတ်နှလုံးကို ညှိုးငယ်စေပါသည်” စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


















































