သြဂုတ် ၃၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၁ရက် ဥပုသ်နေ့ မနက် ၉ နာရီခွဲခန့်က ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ တရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ဦး၊ ပေါင်း ၁၄ ဦး သေဆုံးပြီး ၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာ အမျိုးသမီး ၁ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့ လူငယ်အမျိုးသား ၁ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
“ထပ်မံသေဆုံးတာက အသက် ၂၁ နှစ်လောက်ရှိတဲ့ အမျိုးသားပါ။ သူကမှန်ကတည်းက ဗိုက်ပွင့်သွားတာ။ အူဖြတ်ဆက်ထားရာကနေပြီးတော့ အသက်ဆုံးရှုံးသွားတာ”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ကျန်တဲ့ ဒဏ်ရာရသူ ၂၆ ခန့်ကလည်း ယနေ့အထိ ဆက်လက်ဆေးကုသနေရဆဲဖြစ်ကြောင်း သိရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာ တရားစခန်းဝင်နေကြတဲ့ သက်ကြီးရွယ်အို ယောဂီတွေအများဆုံးသေဆုံးခဲ့ပြီး မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရပါတယ်။
ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ မှာတော့ တရားစခန်းတွေ ပြန်ဖွင့်ခဲ့တာလို့ သိရပါတယ်။


















































