Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (အောက်တိုဘာ ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎BPLA နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့သဘောတူ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)တို့အကြား သက်ဆိုင်ရာဒေသတွေမှာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့တယ်လို့ NUGကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ- KPDF
PDF တပ်ဖွဲ့ဝင်တစ်ဦး။ ။ဓါတ်ပုံ- KPDF

မနေ့က ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ အတွင်းဝန် ဦးနိုင်ထူးအောင်တို့နဲ့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ၊ စခန်းမှူး ရိုးအံ့မင်းတို့ တွေ့ဆုံခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တာပါ။ နိုင်ငံရေးအရ အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့နဲ့ အတူတကွလက်တွဲဆောင်ရွက်သွားကြဖို့လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

PDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF
PDFတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF

တွေ့ဆုံမှုမှာ လက်ရှိတော်လှန်ရေးကာလအတွင်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အခန်းကဏ္ဍနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ စဉ်းစားချက်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

BPLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BPLA
BPLAတပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-BPLA

▪︎မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးပြီးဆုံး

မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ အာဆီယံဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်အခါကျရောက်လာပြီလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရ်ှနန်က ဒီနေ့ ဂျာကာတာမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာပြောလိုက်ပါတယ်။ ဒီနေ့အစည်းအဝေးဟာ မြန်မာ့အရေးအတွက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးဖြစ်ပြီး လာမယ့်နိုဝင်ဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးရမယ့် အချက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘယ်အဆင့်ကိုမျှ ဒီနေ့အစည်းအဝေးမှာ တက်ရောက်ခွင့်မပေးခဲ့ပါဘူး။ ကချင်ပြည်နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ် အပေါ် အာဆီယံက အလေးထားစိုးရိမ်ကြောင်း ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီး စစ်ကောင်စီဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ရမယ်လို့လည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးပြုလုပ်​နေစဥ်
အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများအစည်းအ​ဝေးပြုလုပ်​နေစဥ်

▪︎ဗြိတိန်နဲ့ ဂျပန်မှာ ပြည်ပရောက် မြန်မာများကျဆုံးကချင်ပြည်သူများအတွက် ချီတက်ဆန္ဒပြ

ဗြိတိန်နိုင်ငံရောက် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ မြန်မာတွေဟာ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါမှာ ကျဆုံးခဲ့ရတဲ့ ကချင်သွေးချင်းများအတွက် မနေ့က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို လန်ဒန်ရှိ အကြမ်းဖက် စစ်ကောင်စီရုံး၊ နိုင်ငံခြားရေးရုံးနဲ့ ရုရှားသံရုံးရှေ့မှာ ပြုလုပ်ခဲ့ကြတာပါ။

ဂျပန်​ရောက်မြန်မာများဆန္ဒပြ​နေစဥ်
ဂျပန်​ရောက်မြန်မာများဆန္ဒပြ​နေစဥ်

ဆန္ဒပြမြန်မာတွေဟာ ကချင်အလံများ ကိုင်ဆောင်ကာ ကချင်ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရောက် မြန်မာတွေ ကလည်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသ အနန့်ပါမှာ ကျဆုံးခဲ့ရသော ကချင်ပြည်သူများအတွက် ဒီနေ့ ဝမ်းနည်းခြင်းနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒထုတ်ဖော်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့မှာ ပြုလုပ်ခဲ့ပြီး ကချင်တိုင်ရင်းသားများ အပါအဝင် အဝေးရောက် မြန်မာတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ဂျပန်​ရောက်မြန်မာများဆန္ဒပြ​နေစဥ်
ဂျပန်​ရောက်မြန်မာများဆန္ဒပြ​နေစဥ်

▪︎မြောင်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့ မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားများကို အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးတယ်လို့ မြောင်မြို့နယ် တော်လှန်ရေးတပ်(Myaung Revolution Army)တာဝန်ရှိသူ ကိုမျိုးလေးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မြောင်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁၀ဦးကို MRA စစ်ကိုင်းခရိုင်တပ်ရင်း (၅)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဘဏ်ရှေ့ရှိ နှစ်ဦး၊ ဘဏ်နဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ရှိတစ်ဦး၊ MRA ရဲဘော်တွေ နောက်သို့ လိုက်လာတဲ့ စစ်ကောင်စီတပ်သား တစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ MRA ရဲဘော်တွေနောက် လိုက်လာတဲ့ စစ်ကောင်စီတပ်သားဟာ အရက်ဆိုင်အတွင်းမှ ထွက်လာကာ MRA ရဲဘော်တွေကို စစ်ကောင်စီတပ်သားတွေ အထင်နဲ့ လိုက်လာခဲ့တာလို့ ကိုမျိုးလေးက ရှင်းပြပါတယ်။ အဲဒီဖြစ်စဥ်ကို MRA က ရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ရာ ကြည့်ရှုသူ ပြည်သူတွေက စစ်ကောင်စီတပ်သားကို လှောင်ပြောင်နေကြပါတယ်။

​မြောင်တွင် စစ်​ကောင်စီတပ်စွဲရာ​နေရာကိုPDFများ တိုက်ခိုက်စဥ်။ ။ဓါတ်ပုံ-MRA
​မြောင်တွင် စစ်​ကောင်စီတပ်စွဲရာ​နေရာကိုPDFများ တိုက်ခိုက်စဥ်။ ။ဓါတ်ပုံ-MRA

▪︎မြောင်အမျိုးသမီးစစ်သည်တော်တပ် (၁)နှစ်ပြည့်မှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရောက်အောင် ချီတက်မယ်လို့ ထုတ်ပြန်

မြောင်အမျိုးသမီးစစ်သည်တော်တပ်(M2W)ဖွဲ့စည်းခြင်း (၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ပြည်သူလူထုမျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသို့ရောက်အောင် ယုံကြည်မှုနဲ့ ဆက်လက်ချီတက်မယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။ မိုင်းထုတ်လုပ်ရေးမှာ နာမည်ကြီးတဲ့ မြောင်အမျိုးသမီးစစ်သည်တော်တပ်(M2W)ဖွဲ့စည်းခဲ့တာ မနေ့က တစ်နှစ်ပြည့်မြောက်ခဲ့တာပါ။ M2W ဖွဲ့စည်းခြင်း ၁ နှစ်မြောက် အခမ်းအနားကို မနေ့က မြောင်မြို့နယ်မှာ ကျင်းပခဲ့ရာ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဥ္ဇာမောင်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ M2W ဟာ ပြည်သူလူထုနဲ့အတူ လူထုမျှော်လင့်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအထိ ယုံယုံကြည်ကြည် ရှေ့ဆက်မှာဖြစ်ပြီး အဲဒီအတွက် ရာနှုန်းပြည့် ယုံကြည်မှုရှိတယ်လို့ မြောင်အမျိုးသမီးစစ်သည်တော်တပ် (M2W) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အမရာက ပြောပါတယ်။

▪︎ငါန်းဇွန်မှာ အရက်ဆိုင်တွေကို လိုင်းကြေးလာကောက်တဲ့ စစ်ကောင်စီတပ်သားများ ပဒေသာမိုင်းထိပြီး သုံးဦးသေဟုဆို

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဒီနေ့ နေ့ခင်းက အရက်ဆိုင်တွေကို လိုင်းကြေးလာကောက်တဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦး ​နေရာမှာပဲ သေဆုံးသွားတယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ငါန်းဇွန်မြို့နယ်၊ မြေရိုင်းကျေးရွာတောင်ဘက်မှာ နှစ်လုံး၊ သုံးလုံးနဲ့ အရက်ဆိုင်တွေကို လိုင်းကြေးလာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို ပဒေသာမိုင်း (၅)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခြေလျင်လျှောက်လာပြီး မိုင်းထိအပြီးမှာ သူတို့ကိုလူနာတင်ကားတွေနဲ့ တင်ဆောင်သွားတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

▪︎နွားထိုးကြီး ဆူးဖြူကုန်းရွာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးချတို​က်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြင်းခြံခရိုင်အမှတ် – ၄တပ်ရင်း Natogyi People DefenceForce အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညနေပိုင်းက ညနေ ၅နာရီဝန်းကျင်က နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး နေရာမှာပင်သေဆုံးပြီး နောက်တစ်ဦးမှာ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ Natogyi People DefenceForce အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျောင်းဝင်းအတွင်း စုဝေးနေကြချိန်ဖြစ်ပြီး တပ်ဖွဲ့ဝင်အချို့မှာ ကျောင်းအဆောက်အအုံအတွင်းသို့ ဝင်ပြေးသွားခဲ့ တယ်လို့ ဆိုပါတယ်။ သေဆုံးသူများအပြင် ဒဏ်ရာရသူများလည်း ရှိတယ်လို့ နွားထိုးကြီး PDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

▪︎ဟန်လင်းပျူမြို့ဟောင်းမှာ သုံးရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ ပြည်သူနှစ်ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့များ သုံးရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။ အောက်တိုဘာ ၂၂ ရက်က ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာမှ ဟံလင်းမြို့ဟောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ Burmese Farmers Defense Force(BFDF) ၊ဖျံ- People Defense Force၊ Ma Huu Yar Wild Horse(မဟူရာမြင်းရိုင်း) တို့က ၆၀မမ လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိတစ်ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားဒဏ်ရာရရှိသွားတယ်လို့ BFDF အဖွဲ့က အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၄ရက် မနက်ပိုင်းကလည်း ဟန်လင်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေကို ဟန်လင်းအနောက်ဘက်အထွက်ရှိ တံတားမူးဘောင်အနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ GZ Special Task Force အဖွဲ့က ထုတ်ပြန်ပါတယ်။ မိုင်းဆွဲပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ GZ Special Task Force အဖွဲ့က ဆိုပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဟာ ဟံလင်းအနောက်ဘက်ရှိ ဘိုတဲရွာနဲ့ ဆင်းတဝဲရွာကြားမှာ ဒေသခံပြည်သူ နှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ