အောက်တိုဘာ ၁၄၊၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနဆိုင်ရာတွေနဲ့ အစည်းအရုံးတွေမှာ လူငယ်တွေပါဝင်အလုပ်လုပ်ပြီး ကော်သူးလေပြည် သို့မဟုတ် ကော်သူးလေဖက်ဒရယ်ယူနစ်တည်ဆောက်ရေးမှာ ပါဝင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဖိတ်ခေါ်လိုက်ပါတယ်။
စက်တင်ဘာလကုန်ပိုင်းက ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက်ကရင်မျိုးဆက်ကြား ခေါင်းဆောင်မှုညီလာခံ ( KILC)မှာ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ကရင်ဘာသာနဲ့ ပြောကြားခဲ့တာတွေကို KNU ဗဟို သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ၁၃ရက်မှာ မြန်မာဘာသာနဲ့ ပြန်လည်ဖော်ပြခဲ့ရာ ကရင်လူငယ်တွေ ကော်သူးလေတည်ဆောက်ရေးမှာ ပါဝင်ဖို့ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။
KNU ခေါင်းဆောင် ရည်ညွှန်းတဲ့ ကော်သူးလေဆိုတာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီစံနှုန်းနဲ့ညီသော ကော်သူလေးပြည် သို့မဟုတ် ကော်သူးလေဖက်ဒရယ်ယူနစ် ကိုဆိုတာဖြစ်ပါတယ်။

Public Service Announcement
KNU မှာ ရှိတဲ့ ဌာနတွေမှာပဲဖြစ်ဖြစ်၊ အစည်းအရုံးတွေမှာပဲဖြစ်ဖြစ်၊ လူငယ်တွေ ပြန်လာပြီး ဝင်ရောက်အလုပ်လုပ်မယ်ဆို အမြဲတမ်း တံခါးဖွင့်ထားကြောင်း၊ အမြဲတမ်း မျှော်လင့်ကြောင်း ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
KNU ဦးဆောင်မှုအောက်မှာ ပညာရေး၊ ယဉ်ကျေးမှု၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး စတဲ့ ဌာနဆိုင်ရာ အသီးသီး စုဖွဲ့ထားတာရှိသလို ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီး အစည်းအရုံးတွေလည်း စုဖွဲ့ထားပါတယ်။
“သူတို့ (လူငယ်) တွေ ဒီဌာနနဲ့အစည်းအရုံးတွေမှာ ပြန်လာပြီး ဝင်အလုပ်လုပ်မယ်ဆိုရင် ဒါတွေအားလုံးဟာ ကော်သူးလေ တည်ဆောက်ရေးပဲဖြစ်တယ်။ သူတို့တွေ ကော်သူးလေ တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးရဲ့ တစ်ထောင့်တစ်နေရာမှာ ပါဝင်ဖို့ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ကော်သူးလေ ကိုစုပေါင်းတည်ဆောက်ဖို့အတွက် သူတို့ကို ကြိုဆိုဖို့ အမြဲတမ်းပြင်ဆင်ထားပါတယ်” လို့ ပဒိုစောကွယ်ထူးဝင်းက ပြောကြားပါတယ်။
တတိယအကြိမ်မြောက် ကရင်မျိုးဆက်ကြား ခေါင်းဆောင်မှုညီလာခံ ဟာ ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်တွေနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်လုပ်ဆော်ငခဲ့တာလို့ KNUက ထုတ်ပြန်ထားပါတယ်။
အဲဒီ ညီလာခံသို့ ကရင်လူငယ်ပညာရှင်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များနဲ့ ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့တာဖြစ်ပါတယ်။



















































