▪︎ဖားကန့်လေကြောင်းတိုက်ခိုက်မှုအတွက် တာ၀န်ရှိသူအားလုံးအရေးယူအပြစ်ပေးခံရမယ်လို့နော်ဝေးနိုင်ငံခြားရေးဝန်ကြီးပြော
ကချင်တိုင်းရင်းသားများ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွက် တာ၀န်ရှိသူအားလုံး အရေးယူအပြစ်ပေးခံရမယ်လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ဒီနေ့ပြောပါတယ်။ ဒါဇင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့မှုအပေါ် ၀မ်းနည်းတုန်လှုပ်မိတယ်လို့ နော်ဝေးနိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီလို အရပ်သားတွေအပေါ် တိုက်ခိုက်မှုကို လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

▪︎မံစီမြို့ပေါ်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်နေ
စစ်ကောင်စီတပ်ဟာ ဒီနေ့ နေ့ခင်းကစလို့ ကချင်ပြည်နယ်ရှိ မံစီမြို့ပေါ်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေပြီး လူနေရပ်ကွက်တွေကို ပစ်မှတ် ထားပစ်ခတ်မှာကို မြို့ခံတွေက စိုးရိမ်ကြောက်ရွှံ့နေကြပါတယ်။ ဗန်းမော်မြို့ အမြှောက်တပ်ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပြိး အချက်ရေ ၂၀ ကျော်ပြီလို့ မံဆီမြို့ခံတစ်ဦးက ပြောပါတယ်။ ဗန်းမော်နဲ့ (၁၃)မိုင်ခန့်အကွာ မံစီမြို့ကို အဲဒီလို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် စာသင်ကျောင်းများ အရေးပေါ် ပိတ်ပစ်လိုက်ရပြီး မြို့ဟာ တိတ်ဆိတ်ခြောက်ကပ်သွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ဒီနေ့ နေ့ခင်းမှာ စစ်ကောင်စီ သင်္ဘောလေးစင်း ဗန်းမော်ဆိပ်ကမ်းသို့ဆိုက်ကပ်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေရှုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

▪︎ရန်ကုန်-မန္တလေး အမြန်လမ်း ခရီးသည်တင်ယာဥ် တိမ်းမှောက်မှု ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရ
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက မန်းရွှေပြည်ခရီးသည်တင်ယာဥ် တိမ်းမှောက်ခဲ့ရာ အမျိုးသား ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အမြန်လမ်း မိုင်တိုင်အမှတ် ၂၂၈ နဲ့ ၂၂၉ ကြားမှာ မန်းရွှေပြည်ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည်(၁၇)ဦးမှာ အမျိုးသား(၃)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို သုခဒါနပရဟိတအသင်း၊ မေတ္တာရေစင်တောင်ညိုပရဟိတအသင်းနဲ့ အမြန်လမ်းမကြီးပိုင်လူနာတင်ယာဉ်တွေနဲ့ နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

▪︎စစ်ရေးအရှိန်မြှင့်မှာဖြစ်လို့ ပြည်သူများ အသွားအလာ၊ အပျော်အပါးလျှော့ပေးကြဖို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင် တိုက်တွန်း
ပွင့်လင်းကာလရောက်ရှိလာပြီး စစ်ရေးအရှိန်မြှင့်မယ့်ကာလလည်း ရောက်ရှိနေပြီမို့ ပြည်သူလူထုများ အသွားအလာ၊အပျော်အပါး ရှောင်ကြဥ်ပေးဖို့၊ လျှော့ပေးကြဖို့ မွန်ပြည်နယ် ရေးမြို့နယ်ရှိ ရေးဘီလူးအဖွဲ့ မှ အဖွဲ့ခေါင်းဆောင်က ဒီနေ့တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ အချိန်ဟာ ပြည်သူလူထု လိုလားတဲ့ ဒီမိုကရေစီ လမ်းစဉ်ကို မရသေးတဲ့ အချိန်ဖြစ်ပြီး တောတွင်းမှာ ဒုက္ခခံနေရတဲ့ ရဲဘော်များ၊ အသက်ပေးနေရတဲ့ ရဲဘော်များ ညီကို၊မောင်နှမများကို ကိုယ်ချင်းစာပေးဖို့ တိုက်တွန်းလိုတယ်လို့ သူကဆိုပါတယ်။ တော်လှန်ရေးကြာနေလို့၊ တော်လှန်ရေးမပြီးဆုံးသေးလို့ စိတ်ဓာတ်ကျခြင်းမျိုးမရှိဘဲ မိမိနိုင်တဲ့ဘက်က တာဝန်များ ထမ်းဆောင်ပါက လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ တော်လှန်ရေးမှာ ပံ့ပိုးကူညီပေးခဲ့ကြတြ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကို ကျေးဇူးတင်တယ်လို့ ဆက်ပြောပါတယ်။

▪︎ရှေ့တန်းပြန်ရဲဘော်များအနားမယူဘဲ စစ်ရေးလေ့ကျင့်နေဟု မိုးဗြဲ PDF ပြော
စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် ရဲဘော်များအပြင်းအထန်လေ့ကျင့်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ဒီနေ့ အသိပေး ထုတ်ပြန်ပါတယ်။ ရှေတန်းကင်းမှာ အလှည့်ကျစနစ်နဲ့တာဝန်ယူပြီး နောက်တန်းကိုပြန်လာတဲ့ ရဲဘော်တွေဟာ အေးဆေးအနားမယူနိုင်သေးဘဲ လေ့ကျင့်နေတယ်ဆိုတာ အသိပေးတာလို့ MBPDF တာဝန်ရှိသူက ပြောပါတယ်။ မိုးဗြဲမြို့မှာ တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ပြတ်ခြေမှုန်းနိုင်ဖို့နဲ့ ပြည်သူလူထုကိုကာကွယ်ရေးအဆင်သင့်ဖြစ်နေအောင် ကြိုးစားနေတယ်လို့ ရှင်းပြပါတယ်။ လက်ရှိမိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲများ ငြိမ်သက်နေပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဥ် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေရှိလို့ ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
▪︎လွိုင်ကော်မှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူသုံးဦး ထိမှန်ဒဏ်ရာရ
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာနေ ပြည်သူသုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြည်သူတွေနဲ့ စစ်ဘေးရှောင်နေရာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်ခဲ့တာလို့ သူတို့က ဆိုပါတယ်။ အခုဖြစ်စဥ်အပါအဝင် သုံးရက်အတွင်း ပြည်သူခြောက်ဦးထက်မနည်း လက်နက်ကြီးကျည်ထိမှန်ခဲ့တာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိသူလည်း ပါဝင်တယ်လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှုတွေကို လွိုင်ကော်အမြောက်တပ်နဲ့ မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ (၄၂၂) တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာလို့ ဒေသခံတို့က ပြောပါတယ်။
▪︎ဘူးသီးတောင်ရှိ စစ်ရှောင်များ အခုလကုန်နေရပ်ပြန်ဖို့ စစ်ကောင်စီ ခြိမ်းခြောက်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်များ အောက်တိုဘာ ၃၁ရက် နောက်ဆုံးထားနေရပ်ပြန်ဖို့ စစ်ကောင်စီ မြို့နယ်ကောင်စီ ဥက္ကဋ္ဌက စစ်ရှောင်စခန်း တာဝန်ရှိသူတွေကို ခေါ်ယူပြောကြားသွားလို့ စစ်ရှောင်များအခက်ကြုံနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အောက်တိုဘာ ၁၉ရက်က ပြုလုပ်တဲ့ စစ်ရှောင် အစည်းအဝေးမှာ စစ်ကောင်စီက အဲဒီလို ပြောဆိုခဲ့တာလို့ ရခိုင်အခြေစိုက်သတင်းဌာန Border News Agency က ဖော်ပြပါတယ်။ စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်းတာ ကြားသိရကြောင်း၊ လွန်ခဲ့တဲ့ နှစ်နှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသူများပင် နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေ၊ လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေတွေမှာ စစ်ရှောင်တွေကို ပြန်ခိုင်းခြင်းမှာ မဖြစ်သင့်ဘူးလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။ လက်ရှိတွင် စစ်ရှောင်တွေကို အကူအညီပေးတဲ့ အဖွဲ့အစည်းများ အကူအညီမပေးနိုင်စေဖို့လည်း စစ်ကောင်စီက ပိတ်ပင်ထားသလို အလှူရှင်များ အလှူငွေကောက်ခံခြင်း၊ လှူဒါန်းခြင်းတို့ကိုလည်း တားမြစ်ထားတယ်လို့ သိရပါတယ်။

▪︎မုံရွာ – အရာတော်လမ်းပိုင်း စစ်ကောင်စီယာဉ်ကို တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေ
မုံရွာ – အရာတော်လမ်းပိုင်းမှာ ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်ကို တိုက်ခိုက်ရာ သုံးပွင့်ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့ က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့က သပြေညိုပြောက်ကျားတပ်ဖွဲ့နဲ့ God Of Monywa People Defence Force _GPDF တို့ပူးပေါင်းကာ စစ်ဆင်ရေးတစ်ရပ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မုံရွာ-အရာတော်လမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားများထံ ရိက္ခာလာပို့တဲ့ မက်တူးကားကို လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်နိုင်ခဲ့ တယ်လို့ ဖော်ပြပါတယ်။ အရာရှိတစ်ဦးနဲ့ တပ်သားနှစ်ဦးသေဆုံးတဲ့အပြင် ကျန် ၂ ဦးလည်း ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်မှုများရှိလာလို့ ဆုတ်ခွာခဲ့ရပြီးရဲဘော်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

▪︎ပြည်သူ့ရဲဘော်နှစ်ဦး စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ပြင်ဆင်နေစဥ် ပေါက်ကွဲမှုဖြစ်ကာ ကျဆုံး
စစ်ကိုင်းတိုင်းအခြေစိုက် BLACK WOLF – ARMY PDF အဖွဲ့ဝင် ရဲဘော်နှစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ အတွက် မိုင်းထောင်နေစဥ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက အာဏာသိမ်း စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းထောင်နေစဥ် မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

မိုင်းပေါက်ကွဲမှုကြောင့် အသက် (၂၂)နှစ်အရွယ် ရဲဘော် စောကျော်ဇောရှိန် (ခ) ရာဇနဲ့ အသက် (၂၆)နှစ်အရွယ် ရဲဘော် တီကောင်တို့ အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ BLACK WOLF – ARMY အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရဲဘော် တီကောင်ဟာ ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီ ကျဆုံးခဲ့ပြီး ရဲဘော်စောကျော်ဇောရှိန်း (ခ)ရာဇဟာလည်း ပြင်းထန်ဒဏ်ရာကို ဆေးကုသမှုခံယူနေစဥ် အဲဒီနေ့ ညပိုင်းမှာ ကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီ ရဲဘော်နှစ်ဦးဟာ (BLACK WOLF – ARMY )မှာ ရဲရင့် ၊ ထူးချွန် ၊ ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ကြောင်း၊ သူတို့ရဲ့ ရဲရင့်မှု ၊ ထူးချွန်ပြောင်မြောက်မှု ၊ သတ္တိရှိမှု တို့ကို BLACK WOLF – ARMYရဲ့ ကျန်ရဲဘော်တွေက အောက်မေ့အမှတ်ရလျက်ရှိတယ်လို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။



















































