အောက်တိုဘာ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်ဌာချုပ်(မပခ) အပါအဝင် ကချင်ဒေသ စစ်တပ်စခန်းတွေကို စစ်လက်နက်ခဲယမ်း အင်အားတွေ ဖြည့်တင်းနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ဗန်းမော်မြို့အပါအဝင် ဒေသ ၅ခုလောက်မှာ တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာတာတွေ ရှိတယ်လို့လည်း အသိပေးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်တပ်က မန္တလေးမြို့ကနေ ယာဉ်တန်းတွေနဲ့ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်တင်းလာမှု အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၁၄ရက်မနက်မှာ အခုလို ဖြေကြားပါတယ်။

Public Service Announcement
မန္တလေးမြို့ဘက်ကနေ တက်လာပြီး ကချင်ပြည်နယ်ကို ဝင်လာတဲ့ စစ်တပ်ယာဉ်တန်းမှာ ကားအစီး ၃၀၀ နီးပါး ရှိပြီး အဲဒီယာဉ်တန်းဟာ ကားလမ်းတကြောရှိ စစ်တပ် စခန်းရှိရာနေရာတွေကို စစ်လက်နက်ခဲယမ်းပစ္စည်းချပေးတာတွေရှိတယ်လို့ ဆိုပါတယ်။ ယာဉ်တန်းပါ ကားအများစုက မြစ်ကြီးနားအခြေစိုက် မပခ စစ်တိုင်းဌာနချုပ်ကို ဝင်ရောက်သွားတာဖြစ်ကြောင်း ပြောပါတယ်။
ဝင်ရောက်လာတဲ့ ကားတွေနဲ့အတူ ပါလာတဲ့ စစ်အင်အား အတိအကျ မသိရပေမဲ့ စစ်လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေ၊ အင်အားထပ်ဖြည့်တာတွေရှိမယ်လို့ ယူဆကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အခုလို စစ်အင်အားဖြည့်တင်းနေတာဟာ စစ်တပ်ဟာ သူတို့ ဆုံးရှုံးထားတဲ့နယ်မြေဒေသတွေ ပြန်ရဖို့ မူလရှိခဲ့တဲ့ မြို့ယန္တရားတွေ ဆောက်လုပ်နိုင်ဖို့ ကြိုးစားပုံရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“အဓိကတော့ ဗန်းမော်ဘက်ကို သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ အတွက် ကြိုးစားပုံရပါတယ်။ ဗန်းမော်ဘက်ကလည်း သင်္ဘောရောက်ပြီးနောက်ပိုင်း မြေပြင်တိုက်ပွဲကလည်း ဆက်တိုက်ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတဲ့ ဒေသတွေက ဗန်းမော်၊ မိုးမိတ်၊ အင်းတော်ကြီး ဒေသတွေဖြစ်သလို ခေါင်လန်ဖူးဘက်မှာလည်း စစ်တပ်က အင်အားဖြည့်တာရှိတယ်လို့ ဆိုပါတယ်။
“ စစ်တပ်ကတော့ အင်အားတွေ ဖြည့်တာတွေ စားနပ်ရိက္ခာတွေ ပို့ထားတာတွေ စစ်လက်နက်တွေ လေကြောင်းနဲ့ ပို့ထားတာတွေလူနဲ့ ထမ်းခိုင်းတာတွေတော့ အမြဲတမ်းလုပ်နေတာ ဆိုတော့ အဲဒီဘက်မှာလည်း တိုက်ပွဲတော့ အချိန်မရွေးဖြစ်နိုင်ချေရှိတဲ့နေရာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ခေါင်လန်ဖူးမြို့နယ် မှာ လတ်တလော တိုက်ပွဲငြိမ်နေပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်ခြေကို ပြောပြပါတယ်။
၀ိုင်းမော်ဘက်မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်၊ ဒရုန်းနဲ့ ကင်းထောက်တာတွေရှိကြောင်း အသိပေးပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ ဗန်းမော်မြို့ သုံးမိုင်မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း အတည်ပြုပါတယ်။
“ ဗန်းမော်ဝန်းကျင်မှာ နည်းနည်းခိုင်ခိုင်မာမာဖြစ်နေတဲ့ တိုက်အိမ်တွေအားလုံးကတော့ ဘုရားကျောင်းတို့ စာသင်ကျောင်းတို့ နောက်ပြည်သူလူထုရဲ့ တိုက်တွေ အားလုံးကတော့ သူတို့ ဖျက်ဆီးတာပါ။ သူတို့ ထင်မြင်ယူဆချက်က KIA တွေများ ခြေကုပ်စခန်းအဖြစ် အသုံးချမလားဆိုပြီးမှ သူတို့ ဖျက်ဆီးပုံရပါတယ်။ ဒါကြောင့် ရှိရှိသမျှ တိုက်တွေအားလုံးဖျက်ဆီးလိုက်တာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးဖော်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲဟာ နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။ စစ်တပ်က ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားတွေ ဖြည့်တင်းပြီး မြို့မကျရေးအပြင်းအထန် ခုခံခဲ့သလို ဆုံးရှုံးထားတဲ့နယ်မြေဒေသတွေပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေလို့ လတ်တလောအထိ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဗန်းမော် စစ်ရေး အခြေအနေဟာ အပြန်အလှန် ထိုးစစ်ဆင်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။



















































