Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (နိုဝင်ဘာ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️အာဏာရှင်ကို တရားဝင်ဖြစ်စေမယ့် ဆောင်ရွက်မှုများကိုအားမပေးကြောင်း KNU ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပျက်သွားပြီးဖြစ်ကြောင်းနဲ့ ၂၀၂၃ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်တွေက ပြောပါတယ်။

ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော
ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော

နိုဝင်ဘာ ၁၁ ရက်က KNU ဖားအံခရိုင် လှိုင်းဘွဲ့မြို့နယ် တကောရွာမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက လာမယ့် ၂၀၂၃ မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် KNU သဘောထားကို မေးမြန်းခဲ့ရာ အဲဒီလို တုန့်ပြန်ခဲ့တာပါ။ အဲဒီလူထုတွေ့ဆုံပွဲကို KNU ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာတို့ ဆွေးနွေးဟောပြောခဲ့ကြတာပါ။

ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော
ရွေးကောက်ပွဲကဲ့သို့ အာဏာရှင်တရားဝင်ဖြစ်မည့် ရွေးကောက်ပွဲမျိုးလက်မခံကြောင်း KNU ပြော

▪️စစ်ကောင်စီယာဉ်တန်းကို KIA မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ချီဖွေလမ်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးနဲ့ ဖြတ်သန်းသွားလာစဉ် KIAတပ်က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမူ ဖော်ပြထားခြင်း မရှိပါဘူး။

Public Service Announcement

Public Service Announcement

(KIA တပ်သားများအား တွေ့ရစဉ်)
(KIA တပ်သားများအား တွေ့ရစဉ်)

▪️ကချင်မှာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်မှုထမ်းနဲ့ ရဲဝန်ထမ်း ၅၀၀ကျော်ရှိဟု KIO အသိပေး

ကချင်ဒေသမှာ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီသို့ ခိုလှုံလာတဲ့ စစ်မှုထမ်းနဲ့ ရဲဝန်ထမ်း ဦးရေ ၅၀၀ ကျော်ရှိပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို မုန်းတီးလို့ သူတို့လက်အောက်မှာ အမှုမထမ်းချင်တဲ့ စစ်မှုထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ၊ ပညာရှင် အမှုထမ်း အများအပြား KIO အုပ်ချုပ်ရာ နယ်မြေသို့ လာရောက်ခိုလှုံလျက်ရှိရာ ၂၀၂၂ အောက်တိုဘာလကုန်အထိ လူဦးရေ ၅၀၀ ကျော်ရှိလာတယ်လို့ ကော်မတီတာဝန်ရှိသူက ပြောပါတယ်။ အခုလို လက်နက်ချ အလင်းဝင်လာသူ များပြားလာလို့ ၂၀၂၁ နိုဝင်ဘာ ၄ရက်ကစလို့ ကချင်ဒေသ ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ဗဟိုကော်မတီဖွင့်လှစ်ပြီး လက်ခံနေခဲ့ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို လုံခြုံတဲ့ နေရာတွေမှာ ထားရှိတယ်လို့ သိရပါတယ်။

▪️ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရွာမှာ တိုက်ပွဲဖြစ်

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းက ထုတ်ပြန်ပါတယ်။ ဒေါငံခါးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ မနက်အစောပိုင်းက ၁နာရီကျော်ကြာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ အဆမတန်ပေးနေလို့ ပြန်ဆုတ်ခဲ့တယ်လို့ အမှတ် (၁၁၀၂)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။ ဒေါငံခါးကျေးရွာအတွင်းရှိ ပြည်သူလူထုနေအိမ်များ အပါအဝင် စစ်ကောင်စီက အင်အား ၄၀ခန့်နဲ့ တပ်စွဲထားတယ်လို့လည်း အသိပေးပါတယ်။

▪️ချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်မှု စခန်းမှူးအပါအဝင် ရဲ သုံးဦးသေ၊ လက်နက်မျိုးစုံ ခုနှစ်လက်ရဟု နဂါးနီစစ်ကြောင်း အသိပေး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့နဲ့ နဂါးနီစစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ရာ ရဲသုံးဦးသေဆုံး၊ နှစ်ဦးထွက်ပြေးပြီး လေးဦးအရှင်ဖမ်းမိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက ဒီနေ့ မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၂ ရက်က ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်ခဲ့ရာ စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရဲဘော်တလာကိုနဲ့ ဒုရဲအုပ်နန္ဒစိုးတို့ ထွက်ပြေးသွားပြီး တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း AK 47တစ်လက်၊M16 ၄လက်၊G3 တစ်လက်၊၆၀ မမပြောင်းတို တစ်လက်၊ရှေ့ထွက်မိုင်း ၂လုံး၊AK 47 ကျည် ၂၀၀၊M16 ကျည်၅၀၀၊G3 ကျည် ၃၀၀၊(၆၀)မမကျည် ၁၀လုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

▪️မိုးမောက်မြို့ ဒီချုပ်ပါတီရုံးကို စစ်ကောင်စီ ဖျက်ဆီး

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို စစ်ကောင်စီက ဝင်ရောက်ဖျက်ဆီးပြီး ရုံးမှတ်တမ်းများကို ယူဆောင်သွားလို့ ပါတီဝင်များ လုံခြုံရေးသတိပြုကြဖို့ ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ နိုဝင်ဘာ ၁၂ရက်မှာ ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီး ရုံးမှာထားရှိတဲ့ ပါတီဝင်လျှောက်လွှာများအားလုံးနဲ့ မှတ်တမ်းများကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလို မှတ်တမ်းတွေ ယူဆောင်သွားတာကြောင့် ပါတီဝင်ပြည်သူများ ဘေးရန်ကင်းဖို့၊ သတိထားနိုင်ဖို့ ပြည်နယ်ပါတီတာ၀န်ရှိသူက အသိပေးထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပါတီဝင် ၁,၁၆၉ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးကို ဖမ်းဆီးခံထားရတယ်လို့ ဒီချုပ်ပါတီက ထုတ်ပြန်ထားပါတယ်။

▪️ရေစကြိုနဲ့ မြောင်နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသနဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာအချိူ့ကို စစ်ကောင်စီတပ်က MI 35 ရဟတ်ယာဥ်နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ရေစကြိုနယ် ရေလယ်ကျွန်း​ဒေသ ရွှေလှံရွာနဲ့ မြောင်နယ်ရှိကျေးရွာအချို့ကို MI 35 တိုက်ခိုက်​ရေး ရဟတ်ယာဥ်တစ်စီးနဲ့ လေ​ကြောင်းမှ တိုက်ခိုက်ဗုံးကြဲမှုပြုလုပ်​​သွားတာလို့ ဆိုပါတယ်။ အဲဒီ MI 35 ရဟတ်ယာဥ်ဟာ တစ်နာရီခန့်ကြာ အရှေ့မြောက်ဘက်ကို ဦးတည်ပျံသန်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪️ဝက်လက်နယ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ဒေသတွင်းPDFတို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ မနေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အဲဒီစစ်ကြောင်းဟာ လက်နက်ကြီးနဲ့ ကျေးရွာတွေကို လှည့်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဖွဲ့များခွဲကာ ထန်းကြီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ထန်းကြီးရွာမနဲ့ ထန်းကြီးဘူတာကြား အရောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ရိုးသားများ တပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

▪️ရွှေဘို(ကညန)ရုံးကို လက်နက်ကြီးနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ ​ရွှေဘိုမြို့ပေါ်ရှိ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ Black WOLF-PDF ARMYအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ညနေပိုင်းက ရွှေဘိုမြို့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာန (ကညန)ရုံးရှိ အင်အား ၁၀ ဦးခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို (၄၀)မမ လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ရုံးဝင်းအတွင်းရှိ ဂိတ်စောင့်စစ်သားများရှိနေတဲ့ ဘန်ကာအနီးသို့ တစ်လုံး၊ ရုံးအမိုးပေါ်သို့ တစ်လုံး၊ စစ်သားများ စုဖွဲ့ထိုင်နေတဲ့ ဘန်ကာအတွင်းသို့ နှစ်လုံး စုစုပေါင်း လေးလုံး ကျရောက် ပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်တွေနဲ့ ခေါ်ဆောင်သွားတယ်လို့ Black WOLF-PDF ARMYအဖွဲ့ဝင်တစ်ဦးက အသိပေးပါတယ်။

ဆက်စပ်သတင်းများ