ဒီမိုကရေစီစနစ်ဆီ ချက်ချင်းပြန်သွားဖို့ စစ်ကောင်စီကို ကုလအတွင်းရေးမှူးချုပ်တိုက်တွန်း
ဒီမိုကရေစီစနစ်ဆီ ချက်ချင်းပြန်သွားဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံရဲ့ အဆုံးမရှိတဲ့ အိမ်မက်ဆိုးတွေ ရပ်တန့်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ ဒီမိုကရေစီစနစ်ဆီပြန်သွားရေးဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့၊ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို ချက်ချင်းပြန်သွားဖို့ တိုက်တွန်းခဲ့တာပါ။ စစ်ကောင်စီရဲ့ အရပ်သားပြည်သူများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုတွေဟာ ကြောက်မက်ဖွယ်ကောင်းပြီး ရင်နာစရာကောင်းတယ်လို့လည်း အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောပါတယ်။

ဘုံသဘောတူချက်တွေ စစ်ကောင်စီအကောင်ထည်ဖော်ဖို့ အာဆီယံ အချိန်ကန့်သတ်မယ်
အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးကို ဖြေရှင်းဖို့ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီအကောင်အထည်ဖော်ဖို့အတွက် တိကျတဲ့ အချိန်ကန့်သတ်ချက်ချမှတ်ဖို့ အာဆီယံထိပ်သီးအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။ မနေ့က နိုဝင်ဘာလ ၁၁ ရက်မှာ ကျင်းပပြီးစီးသွားတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မြန်မာ့အရေးအတွက် အချက် ၁၅ ချက်ပါတဲ့ ကြေညာချက်ကို သီးသန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာ အာဆီယံဟာ မြန်မာ့အရေးကိုဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ထပ်လောင်းအတည်ပြုထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင် သဘောတူညီခဲ့တဲ့ အဲဒီ ၅ ချက်ကို အချိန် ၁၈ လကျော်လာတဲ့အထိ အကောင်အထည်ဖော်တာ မတွေ့ရဘူးလို့ အာဆီယံခေါင်းဆောင်တွေက ဆိုထားကြပါတယ်။

မော်လမြိုင်မှာ ကြိုးတုပ်အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့
မော်လမြိုင်မြို့ လမ်းဘေးတစ်နေရာမှာ ကြိုးတုပ်အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ မနက်က တွေ့ရှိခဲ့ပါတယ်။ မော်လမြိုင်မြို့ရှိ မြေနီကုန်းဘူတာအနီး လမ်းဘေးမှာ အသတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ သေဆုံးသူဟာ ပုပ်ပွနေပြီး ဘယ်သူလဲဆိုတာ မသိရသေးပါဘူး။ စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးမှလွဲလို့ ကျန်တဲ့အရာတွေကို အလေးမထားတော့ဘဲ တရားဥပဒေစိုးမိုးမှုလည်း လုံးဝမရှိတော့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
ညောင်လေးပင်နယ်ကို စစ်ကောင်စီ တိုက်လေယာဉ် ၃ စင်းနဲ့ တိုက်ခိုက်
ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ ဒီနေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊ တပ်ရင်း(၃၇၀၂)ဆီက သိရပါတယ်။ ဒီမနက် လေးနာရီအချိန်ကစပြီး KNLA တပ်မဟာ(၃) တပ်ရင်း(၉)၊ တပ်ရင်း(၇)နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဘောကထာ၊ တုံးတံတား၊ သံဆိပ်စစ်ကောင်စီစခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ BPDF-Yoma က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်ဘက်မှ မနက် ၇ နာရီကနေ ၉ နာရီကျော်အထိ တိုက်လေယာဉ်သုံးစီး၊ ရဟတ်ယာဉ်တစ်စီးတို့နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို ပြင်းထန်စွာလက်စားချေမယ်လို့ AA ထုတ်ပြန်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီး ကျေးရွာမှ ဒေသခံပြည်သူ ၉ဦးထက်မနည်းကို သတ်ဖြတ်ခြင်းအပါအဝင် မြို့နယ်အတွင်းရှိ ပြည်သူလူထုများစွာ သေဆုံးထိခိုက် ဒဏ်ရာရစေဖို့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်တဲ့ စစ်ကောင်စီတပ်ကို ပြင်းထန်စွာ လက်တုန့်ပြန်သွားမယ်လို့ ရက္ခိုင့်တပ်တော်(AA)က မနေ့ညက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၀ရက် မနက်က စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်ကို ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာရွာနဲ့ ဆင်အင်းကြီးရွာအကြားမှာ AAက ဖမ်းဆီးခဲ့ရာ စစ်ကောင်စီတပ်က ဆင်အင်းကြီးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း၊ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ သက်ကြီးပိုင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၉ဦးထက်မနည်းသော အရေအတွက်အား သွေးအေးအေးနဲ့ ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်ထဲ အဆိုးရွားဆုံးသော သိသာထင်ရှားတဲ့ လုပ်ရပ်ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ခုပင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီးလင်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ ကားလေးစီးပျက်စီး
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ ရန်ကုန် – မော်လမြိုင်လမ်း ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ် ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ယာဉ်လေးစီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၂၇ဦး ခန့်သေဆုံးခဲ့တယ်လို့ တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ KNLA တပ်မှူးတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းနှစ်စီး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူတွေကို သထုံဘက်နဲ့ ဘီးလင်းဘက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းရှိ မလဲတောရွာပျူစခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မလဲတောကျေးရွာပျူစောထီးစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့( People’s Army To Fight Dictatorship)က ထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ မလဲတောရွာကို(၆၀)မမ၊(၄၀)မမ၊လက်နက်ငယ်တွေနဲ့ စစ်ကြောင်းသုံးကြောင်းခွဲကာ ပစ်ခတ်ခဲ့တယ်လို့ PAFDအဖွဲ့က အသိပေးပါတယ်။ ပျူစောထီးခေါင်းဆောင်နေအိမ်ကိုအဓိကထားပြီး အနီးကပ်တိုက်ခိုက်ရာ ပျုစောထီး ငါးဦးသေဆုံးတယ်လို့ ကနဦးသတင်းရရှိကြောင်း ထုတ်ပြန်ပါတယ်။
စဉ့်ကူးနယ် အင်းဇောက်ကြီးရွာတိုက်ပွဲ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးခန့်သေဆုံးဟုဆို
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊အင်းဇောက်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၅ ဦးခန့်သေဆုံးတယ်လို့ ဗိုလ် လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မွန်းလွဲပိုင်းက တကောင်းဘက်မှ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို သရက်ကုန်းကျေးရွာနဲ့ သံဘိုတောင်ကြားအရောက်တွင် တာဝေးပစ်(၆၀)မမနဲ့ စတင်ပစ် ခတ်တိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီဘက်က လက်နက်ကြီးငယ်တွေနဲ့ တရစပ်ပြန်လည်ပစ်ခတ်မှုကြောင့် တစ်ကြိမ်သာပစ်ခတ်နိုင်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က အသိပေးပါတယ်။
ရွှေဘိုမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်အုပ်စုကို PDF နှစ်ဦးဝင်ပစ်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်သားတွေကို PDFနှစ်ဦးဝင် ရောက်တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိတယ်လို့ TBK တောဆင်ရိုင်းပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်ပိုင်းက ရွှေဘိုမြို့၊ ချမ်းသာကြီးဘုရားတောင်ဘက် မြဝတီဘဏ်အနီးရှိ မြန်မာ့စီးပွါးရေးဘဏ်ရှေ့မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ စီးပွါးရေးဘဏ်ရှေ့ရှိ ဘန်ကာနှစ်ခုအနက် တောင်ဘက်ဘန်ကာတွင်ရှိတဲ့ စစ်ကောင်စီတပ်သားထံ (၈)ပေခန့်အကွာထိ သွားရောက်ကာ (၅)ချက်တိတိ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ မြောက်ဘက် ဘန်ကာမှ သေနတ်မောင်းတင်ကာထွက်လာတဲ့ စစ်ကောင်စီတပ်သားရှိတဲ့နေရာကိုလည်း ဗုံးတစ်လုံး ပစ်ထည့်ကာတိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦးထက်မနည်းရှိနိုင်တယ်လို့ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။


















































