PDF တွေကိုရော NUG ကြေညာချက်ကိုရော ထောက်ခံတဲ့အနေနဲ့ လုံခြုံရေးတင်းကြပ်လာပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ဆက်လုပ်သွားမယ်လို့ မန္တလေးက စုပေါင်းသပိတ်တွေမှာ ပါဝင်သူတွေက ပြောပါတယ်။
NUG က စက်တင်ဘာ ၇ ရက်မနက်က နိုင်ငံကို အရေးပေါ်အခြေနေ ကြေညာပြီးတဲ့နောက် မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များရုံးစိုက်ရာနေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့သလို၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေရှိခဲ့ပါတယ်။
အခုလို လက်နက်ကိုင်တော်လှန်ရေးအရှိန်မြှင့်တင်လာချိန်မှာပဲ နေ့စဥ်ပုံမှန်ဆန္ဒဖော်ထုတ်နေတဲ့ သပိတ်စစ်ကြောင်းတွေအနေနဲ့လည်း အန္တရာယ်ပိုများလာတယ်လို့ ဆန္ဒပြအဖွဲ့မှာပါဝင်သူတစ်ဦးကပြောပါတယ်။
” လက်ရှိအနေအထားခက်ခဲတယ်။ ကင်းပုန်းတွေလည်းပိုများတယ်။ လှည့်ကင်းတွေပိုပတ်လာတယ်။ သပိတ်တွေပိုပြီးလျော့သွားတာမျိုးတော့ ရှိမလာပါဘူး။ ရရင် ရသလိုတော့ ဆက်ပြီးပြသွားမှာပါပဲ။ သပိတ်တွေထွက်လာရင် ပြည်သူလူထုကော PDFတို့အတွက်ကော အားဖြစ်စေပါတယ်” လို့ အဲဒီလူငယ်က ပြောပါတယ်။

Public Service Announcement
လက်နက်ကိုင်တော်လှန်ရေးအရှိန်မြှင့်လာရင်တော့ ဆန္ဒပြသူတွေအတွက် နှစ်ဖက်ကြားညှပ်တာတွေဖြစ်လာနိုင်တယ်လို့ ဆန္ဒပြဆရာတော်တစ်ပါးကမိန့်ကြားပါတယ်။
“တော်လှန်ရေးမြို့ပြပျောက်ကြားတွေ တကယ်အလုံးစုံကြွလာရင်တော့လမ်းပေါ်တက်တာနားရတော့မယ်။ ပြည်သူတွေနဲ့ထပ်တူပါပဲ အမှောင်ထဲမှာတော့ မနေတော့ဘူး။ သမိုင်းပေးတာဝန်အရထမ်းရတော့မယ်။ အလင်းရောင်ရဖို့တိုးထွက်ရတော့မယ်။ လူငယ်တွေရဲ့စိတ်ထဲကအတိုင်း မရမချင်းသွားရတော့မယ်” လို့ ဆရာတော်ကမိန့်ကြားပါတယ်။
လက်ရှိမန္တလေးမှာတော့ ဘာသာပေါင်းစုံ ဆန္ဒပြသပိတ်စစ်ကြောင်း၊ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း၊ သပိတ်အင်အားစုစစ်ကြောင်း၊ မဟာအောင်မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်းစတဲ့ စစ်ကြောင်းတွေက နေ့စဥ် ဆန္ဒဖော်ထုတ်လျက်ရှိနေပါတယ်။
ဒါ့အပြင် မန္တလေးမှာ စစ်ကောင်စီယာဉ်တန်းတွေ ဗုံးခွဲတိုက်ခိုက်ခံရတာတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက လက်နက် အင်အားအများအပြားအသုံးပြီး မြို့တွင်းလှည့်လည်တာတွေပြုလုပ်လျက်ရှိနေပါတယ်။
ရဲစခန်းနဲ့ စစ်ကောင်စီဌာနဆိုင်ရာရုံးရှေ့တွေမှာ သံအိတ်တွေနဲ့ ခံတပ်တွေပြုလုပ်ထားပြီး စခန်းအနီးတစ်ဝိုက်လမ်းတွေကိုပိတ်ထားတာဖြစ်ပါတယ်။


















































