တရားသူကြီးများထဲမှ အာဏာစိမ်းစစ်ကောင်စီကို အာဏာဖီဆန်၍ CDM ပထမဆုံးပြုလုပ်သည့် မိုးညိုမြို့နယ် ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုပြီးနောက် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်သည်။
ဦးမင်းနောင်ခိုင်သည် နိင်ငံတော် စစ်အာဏာသိမ်းခံရပြီးနောက် CDM ပထမဆုံးပြုလုပ်ခဲ့သည့် တရားသူကြီးဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။ လွန်ခဲ့သည့် သုံးလခန့်က ဖမ်းဆီးခံရပြီး စက်တင်ဘာ ဒုတိယပတ်တွင် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံလိုက်ရကြောင်း CDM တရားသူကြီးတစ်ဦးကပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ၊အခြားသောဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကိုလက်မခံခြင်းသည် ကျွန်တော်တို့နိုင်ငံ သားတွေရဲ့တာဝန်ပဲ”ဟု CDM ပြုလုပ်သည့် ဆုံးဖြတ် ချက်ကို ဦးမင်းနောင်ခိုင်က သတင်းမီဒီယာအချို့သို့ ပြောခဲ့ဖူးသည်။
စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့်တရားသူကြီး ၃၀ကျော်နှင့် တရားရုံးဝန်ထမ်း ၁၀၀ကျော်ပါဝင်နေသည်ဟု CDM ပြုလုပ်သည့် တရားရေးဝန်ထမ်းစာရင်းကိုပြုစုနေသူများကပြောသည်။

Public Service Announcement


















































