စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ မိုင်းနှစ်ကြိမ်ဆွဲတိုက်ခိုက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က နှစ်ပတ်အတွင်း ကျေးရွာ သုံးရွာအား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ထောင်နှင့် ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီလ ၂၄ရက်က မတ္တရာနယ် အရှေ့ခြမ်းရှိ ငါးလုံးပြွန်ရွာမှ နေနေမ် ၁၁လုံး၊ ယမန်နေ့ ဧပြီ ၂၅ရက်တွင် ကင်းရွာအနောက်ဘက်ရှိ အောင်ချမ်းသာရွာမှ နေနေမ် ၁၃လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း မတ္တရာ(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
အလားတူ မတ္တရာနယ် အရှေ့ခြမ်းရှိ ရုံးပင်နှင့် လက်ဝဲကြီးကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးသွားကြောင်းလည်း ဒေသခံများက ပြောသည်။
“စာရင်းတွေကတော့ မြေပြင်မှာ ကောက်နေတုန်းပဲရှိပါသေးတယ်။”ဟု မတ္တရာပကဖအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

ရွာသာယာရွာ မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများကို လက်ဝဲကြီးသင်္ချိုင်းအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာ(ပကဖ)အဖွဲ့တာဝန်ရှိသူက ပြောသည်။
အလားတူ ယမန်နေ့ (ဧပြီ ၂၅ ရက်) နံနက်ပိုင်းက ကျောက်တံတားရွာအရှေ့ဘက်၊ မန်ကျည်းကုန်းရွာနှင့် အောင်ချမ်းသာကျေးရွာကြားတွင် ဖြတ်သန်းသွားသော စစ်ကား ငါးစီးလည်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဧပြီ ၁၁ ရက်က မတ္တရာနယ်ရှိ ကင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၈၀ခန့် မီးလောင်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည် ဧပြီ ၂၁ ရက်မှစတင်ကာ မတ္တရာနယ် အရှေ့ခြမ်းကျေးရွာများအား ထပ်မံ ဝင်ရောက် ဖျက်ဆီးနေပြီး ဧပြီ ၂၃ ရက်တွင် ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားခဲ့သည်။
မတ္တရာနယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု အများဆုံးခံနေရသော မြို့နယ်တစ်ခုဖြစ်သည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ဖေဖော်ဝါရီအထိ မန္တလေးတိုင်းအတွင်း နေအိမ် ၃၈၆လုံးအား မီးရှို့ဖျက်ဆီးထားကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။


















































