▪︎Adani Ports သည် စစ်တပ်၏ ရက်စက်ကြမ်းကြုပ်မှုများတွင် ပါ၀င်ပါတ်သက်နေပြီး လာဘ်ထိုးငွေပေးချေမှုများလုပ်ဆောင်နိုင်အောင်အိန္ဒိယအစိုးရကကူညီနေဟုဆို
စစ်တပ်ပိုင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နှင့် လက်တွဲလုပ်ကိုင်နေသော ဩစတေးလလျကုမ္ပဏီ Adani Ports ထံမှ ရင်းနှီးမြုပ်နှံမှုများ တာ၀န်သိစွာရုပ်သိမ်းပေးရန် Australian Center for International Justice(ACIJ)၊ Justice For Myanmar(JFM)နှင့် Stop Adani တက်ကြွလှုပ်ရှားသူများအဖွဲ့တို့ပူးပေါင်း၍ ယနေ့တောင်းဆိုလိုက်သည်။
ဩစတြေးလျ၊ ကနေဒါ၊ အီးယူ၊ ယူကေနှင့်အမေရိကန်ပြည်ထောင်စုတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးမြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို အခွန်ငွေပေးပြီး တန်ဖိုးကြီးသော အနာဂတ်ပိုင်ဆိုင်မှုများပေးမည့် အလုံနိုင်ငံတကာဆိပ်ကမ်း အမှတ် (၂) ကို ဆက်လက်လုပ်ဆောင်နေသော Adani Ports & Special Economic Zone Limited (Adani Ports) ကို ရှုတ်ချကြောင်း ၎င်းသုံးဖွဲ့က မေ ၄ ရက်တွင်ဖော်ပြသည်။
Adani Ports သည် စီမံကိန်းမှ နုတ်ထွက်မည့်အ ကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာတွင် ကြေညာခဲ့သော်လည်း ဆိပ်ကမ်းဖော်ဆောင်ရေးနှင့် MEC ကိုအကျိုးဖြစ်စေမည့်တန်ဖိုးကြီးကရိန်းများ ဝယ်ယူရန် ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင်သုံးစွဲထားသည့်အပြင် အထောက်အထားသစ်များအရ မြန်မာစစ် တပ်၏ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက် ပိုင်း Adani Power Limited က စစ်ကိုင်းတိုင်းမှတဆင့် အိန္ဒိယကို ကျောက်မီးသွေးတင်ပို့ရန် မြန်မာ နိုင်ငံအတွင်း ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းများ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မည့်စိတ်ဝင်စားမှုအဆိုပြုလွှာတစ်စောင်ကို ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားသည့် စစ်အုပ်စုဝန်ကြီးထံ တင်သွင်းခဲ့သည်ကိုလည်းဖာ်ထုတ်ခဲ့သည်။

“အဲ့ဒီအချိန်မှာ စစ်အုပ်စုဟာ Adani ကုမ္ပဏီကျောက်မီးသွေးဝယ်ယူဖို့ ကြိုးပမ်းနေတဲ့ဒေသက မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲနေတာပါ။ စစ်ကိုင်းတိုင်းနဲ့ မြန်မာနိုင်ငံ တဝန်းက မြန်မာပြည်သူတွေအပေါ် စစ်အုပ်စုရဲ့တိုက်ခိုက်မှုတွေကဒီနေ့အချိန်အထိဆက်လက်ရှိနေပြီး၊ အဲ့ဒီတိုက်ခိုက်မှုတွေက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အတိုင်းအတာပဲ ဖြစ်ပါတယ်”ဟု ပူးတွဲကြေညာချက်ကဖော်ပြထားသည်။

Public Service Announcement
စစ်တပ်၏ကျူးလွန်မှုများတွင် ပြီးခဲ့တဲ့ ရက်သတ္တပါတ်က စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာတွင် စုဝေးနေကြသည့် ပြည်သူများကို စစ်အုပ်စုက တုန်လှုပ်စက်ဆုပ်ဖွယ်ရာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးသူငယ်များစွာ အပါအဝင် လူပေါင်း ၁၇၀ ကျော်ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ရာ သေဆုံးသူများတွင် အသက်အငယ်ဆုံး ၆ လ သားကလေးပင် ပါဝင်ကြောင်း ထောက်ပြသည်။
“Adani Ports က နိုင်ငံတကာရာဇ၀တ်မှုတွေမှာပါ၀င်ပတ် သက်နေတဲ့ ပုန်းလျှိုးဝှက်လျှိုးအကျင့်ပျက်ခြစာနေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုအတွက် ငွေကြေးရှာဖွေပေးနေတာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ဆောင်ရာမှာ အစမှာကတည်းက ရိုးသားမှုမရှိခဲ့ပါဘူး”ဟု JFM မှပြောခွင့်ရသူ မရတနာမောင်က ပြောသည်။
ထို့အပြင်စစ်အုပ်စုထံကကျောက်မီးသွေး၀ယ်ယူရန်ကြိုးပမ်းနေသည့် Adani Ports ၏ရည်ရွယ်ချက်သာအောင်မြင်လာပါက လုပ်ပိုင်ခွင့်လိမ်လည်မှု အလွဲသုံးစားမြောက်နိုင်ပြီး စစ်အုပ်စုကျူးလွန်နေသော ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇ၀တ်မှုများအား ငွေကြေးထောက်ပံ့ရာရောက်စေမည်ဟု ထောက်ပြကြသည်။
စစ်အုပ်စုအား ထောက်ပံ့နေသည့်လာဘ်ထိုးငွေများ ပေးချေနိုင်အောင် အိန္ဒိယအစိုးရက ကူညီပေးနေသည့်အတွက်အိန္ဒိယသည် နိုင်ငံတကာတာ၀န်များကိုပြောင်ပြောင် တင်းတင်းချိုးဖောက်ကာ စီးပွားရေးအတွက် စစ်အုပ်စုနှင့်လက်တွဲနေသည့်အပြင် လက်နက်ရောင်းချမှုများပါ လုပ်ဆောင်နေကြောင်း ဖော်ပြသည်။
“အိန္ဒိယအနေနဲ့ ဒီလမ်းစဉ်ကို ပြောင်းလဲသင့်ပြီးမြန်မာပြည်သူတွေနဲ့အတူ ရပ်တည်သင့်ပါတယ်။ ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့စစ်အုပ်စုအပေါ် စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးတစ်ရပ်ကို ပြဌာန်းသင့်ပါတယ်”ဟု JFM မှမရတနာမောင်က ဆိုသည်။
အလားတူ ဩစတြေလျအစိုးရအနေဖြင့်လည်း အမြတ်အစွန်းကိုသာဦးစားပေးပြီး ရာသီဥတုဆိုးဆိုးရွားရွားထိခိုက်စေမည့် လုပ်ငန်းလိုင်စင်များချထားပေးခြင်းကြောင့် Adani Group ကပိုမိုရဲတင်းလာခြင်းဖြစ်သလိုစစ်အုပ်စုနှင့် Adani Group ၏ မရှင်းလင်းသည့်စီးပွားရေးလုပ်ဆောင်မှုများအပေါ် အရေးယူရန် ပျက်ကွက်ခဲ့သည်ဟု ထောက်ပြထားသည်။


















































