ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေထဲ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်တဲ့အတွက် ဒေသခံပြည်သူအများအပြား တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်က ကျောက်ကြီးမြို့အနီး မြေနီကုန်းရွာနဲ့ ဘုရားလေးကုန်းရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ အကြမ်းဖက်စစ်အုပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ကေအဲန်ယူနယ်မြေထဲ စစ်ရေးဝင်ရောက်လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်ပွားခဲ့ရတာလို့ ကေအဲန်ယူကဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုဟာ လော်မူသော လော်မူပယ်ကျေးရွာထဲကို ဝင်ရောက်တပ်စွဲနေထိုင်ပြီး စစ်ရေးလှုပ်ရှားခဲ့တဲ့အတွက် အဲ့ဒီရွာနှစ်ရွာက ဒေသခံတွေ ရွာလုံးကျွတ်တိမ်းရှောင်ပြေးနေရတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့ (စစ်တပ်)အဲ့မှာသွားထိုင်နေတော့ ရွာကတော့ ရွာလုံးကျွတ်ပါတယ်။ အဲ့နားတစ်ဝိုက်မှာ သူတို့က ထိုင်ထားတာလေ။ ထိုင်ထားတော့ ရွာကလူတွေကြောက်တာပေါ့။ သူတို့က နှစ်ဖက်ညှပ်အဲ့လိုမျိုးဝင်တာပေါ့ ။ မနက်ပိုင်း ဒီဘက်ခြမ်းကိုစီးတယ်။ ညနေပိုင်း ဒီဘက်ခြမ်းကိုပြန်စီးတယ်။ အဲ့လိုပေါ့ လမ်းကြောင်းတစ်ကြောင်းတည်းကို ထိုးဝင်တာမဟုတ်ပဲနဲ့ အဲ့လိုမျိုး။ ရွာနှစ်ရွာကတော့ ပြောမယ်ဆို လွတ်ရာကို ကွင်းလုံးကျွတ်ရှောင်နေရတာပေါ့။ လူဦးရေများတော့များတယ်။ အတိအကျတော့မသိရဘူး” ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
လတ်တလောမှာ ရွာလုံးကျွတ်တိမ်းရှောင်ထွက်ပြေးနေရတဲ့ အိမ်ခြေ ၈၀ ကျော်ရှိတဲ့ လော်မူသောရွာနဲ့ အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့လော်မူပယ်ရွာက ဒေသခံတွေအတွက် အခက်အခဲရှိနေတယ်လို့လည်း သိရပါသေးတယ်။
အခုလို အကြမ်းဖက်စစ်တပ်က ကေအဲန်ယူထိန်းချုပ်မြေအတွင်း ဆက်လက်တည်ရှိပြီး တပ်စွဲနေထိုင်မယ်ဆိုပါက နှစ်ဖက်တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနိုင်တယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက သုံးသပ်ပြောဆိုသွားပါတယ်။
“အခြေအနေက သူတို့က မဆုတ်ဘူး။ မဆုတ်လို့ အခြေအနေကြည့်ရမှာပေါ့။ ဘာလို့လည်းဆိုတော့ မဆုတ်ရင် ဒီလို ဆက်ပြီးတော့နေမယ် ဆက်တိုးလာမယ်ဆိုရင် ဆက်ဖြစ်ဖို့က ပိုများတာပေါ့။ အခြေအနေကတော့ မပြောတတ်သေးဘူး။ သူတို့က ဆုတ်မယ့်အနေအထားမရှိတော့ ဖြစ်မယ့်အနေအထားရှိမှာပဲ” လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရွာလုံးကျွတ်တိမ်းရှောင်ပြေးနေရတဲ့ လော်မူသော လော်မူပယ်ရွာ အနီးအနားက အင်းနက် ဂမုန်းအင်းစတဲ့ကျေးရွာတွေကလည်း အကြမ်းဖက်စစ်တပ်ရဲ့ရန်ကို ကြောက်ရွံ့စိုးရိမ်နေရတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်က ကျောက်ကြီးမြို့နယ်အတွင်း KNLA တပ်မဟာ ၃ နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ကြား နှစ်ရက်အတွင်း တိုက်ပွဲခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲနှစ်ကြိမ် ဆက်လက်ဖြစ်ပွားနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။




















































