ဩဂုတ် ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ဦး လက်နက် ၁လ က် ယူလာပြီး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၆ရက်က ခလရ(၆၀)တပ်ရင်း က တပ်သား ၁ဦးနဲ့ ဩဂုတ် ၉ရက်မှာ ခမရ(၅၉၆) တပ်ရင်းက တပ်သား ၃ဦးဟာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံ လက်နက်ချ အလင်းဝင်လာတာလို့ ဆိုပါတယ်။
ခလရ(၆၀)တပ်ရင်းက အလင်းဝင်လာတဲ့ တပ်သားဟာ လက်နက် ၁လက်နဲ့ ခဲယမ်း ကျည်တွေ ယူလာခဲ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement
လက်နက်ပါလာတဲ့ စစ်ကောင်စီတပ်သားကို ဆုငွေပေးအပ်ခဲ့တာကိုလည်း ဓာတ်ပုံမှတ်တမ်းမှာ တွေ့ရပါတယ်။
အလင်းဝင်လာတဲ့ တပ်သား ၄ဦးလုံးဟာ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ပြီး အာဏာ သိမ်းအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ မနေလိုတာကြောင့် KNLAထံ အလင်းဝင်လာတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
အာဏာသိမ်းစစ်တပ်အတွင်း ဆန္ဒမပါဘဲ စစ်မှုထမ်းနေရတဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေ အနေနဲ့ မိမိတို့ရဲ့ အသက် အန္တရာယ်နဲ့ အနာဂတ်ကို ကာကွယ်နိုင်ဖို့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ဘက်ပြောင်းခိုလှုံကြဖို့ တိုက်တွန်းကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ်မှာ အရင်ကလည်း စစ်ကောင်စီတပ်သားတွေ အုပ်စုလိုက်အလင်းဝင်ရောက်တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ဇွန်လ ၉ရက်မှာ ခလရ(၅၉၅)တပ်ရင်းက တပ်သား ၅ဦး၊ ဇွန်လ ၁၅ရက်မှာ ခမရ (၅၃)တပ်ရင်းက တပ်သား ၁၁ဦးဟာ KNU တပ်မဟာ(၃) နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ရင်း(၃)ထံ အလင်းဝင်ဘက်ပြောင်းခဲ့တာဖြစ်ပါတယ်။


















































