စစ်ကောင်စီ၏ ထိန်းချုပ်နိုင်စွမ်းမရှိခြင်းကြောင့် ပမာဏများစွာဖြင့်အရောင်းအဝယ်ပြုလုပ်သော ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ၃၂၀၀ကျပ်နှင့် အခေါက်ရွှေ တစ်ကျပ်သား ၂၂သိန်းကျော်အထိ မြင့်တက်လာကြောင်း ငွေလဲကောင်တာပိုင်ရှင်များနှင့် ရွှေဆိုင်ပိုင်ရှင်များကပြောသည်။
အာဏာသိမ်းစစ်ကောင်စီကြောင့် နိုင်ငံအနှံစစ်ရေးတင်းမာလာခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ဘဏ္ဍာနှစ်ကုန်ဖြစ်၍ ဒေါ်လာများဝယ်လိုအားများလာခြင်း ၊ကျပ်ငွေအပေါ် ယုံကြည်မှု မရှိတော့ခြင်း စသည်တို့ကြောင့် ယခုလိုဒေါ်လာဈေးအဆမတန်မြင့်တက်လာခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များကပြောသည်။
“အဓိက တစ်နိုင်ငံလုံးစစ်ရေးတင်းမာလာတာရယ်။ ကျပ်ငွေကို မယုံကြည်တော့ရယ်ကြောင့် အခုလို ဈေးတွေ ကမောက်ကမဖြစ်ပြီး တရှိန်ထိုးတက်နေတာ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။
စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းတွင် တစ်ဒေါ်လာကို ၂၅၅၀ကျပ်နှင့် ရွေတစ်ကျပ်သားကို ၂၀၅၀၀၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ ညနေပိုင်းတွင် တစ်ဒေါ်လာကို ၃၂၀၀ကျပ်နှင့် ရွှေတစ်ကျပ်သား ၂,၂၂၀,၀၀၀ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်။
ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအားမှ မြင့်တက်နေပြီး ကြိုက်ဈေးဖြင့် ရောင်းဝယ်နေကြသည်ဟု လုပ်ငန်းရှင်များကပြောသည်။

Public Service Announcement
ဒေါ်လာဈေးကမောက်ကမဖြစ်နေခြင်းကြောင့် ငွေလဲကောင်တာအချို့ပိတ်ထားသည်။ ရွှေဆိုင်တချို့လည်း အရောင်းအဝယ်ပိတ်ခဲ့ရသည်ဟုလုပ်ငန်းရှင်များကဆိုသည်။
ရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များက နေလယ်ပိုင်းတွင် ၂၂၂၀၀၀၀ကျပ်အထိဈေးဖွင့်ခဲ့ပြီး ညနေအပိတ်ဈေးတွင် ၂၂၁၃၀၀၀ကျပ်အထိပြောင်းလဲခဲ့သည်။ ပြင်ပပေါက်ဈေးတွင် ၂၂၂၀၀၀၀ကျပ် ဖြင့်ဈေးပိတ်ခဲ့သည်။
ဒေါ်လာဈေးသည် ပမာဏများသည့် အရောင်းအဝယ်တွင် တစ်ဒေါ်လာ ၃၂၀၀ ကျပ်အထိ အမြင့်ဆုံးဈေးပေါက်ခဲ့ပြီး ၊ပုံမာန်ပမာဏအရောင်းအဝယ်တွင် ၁ ဒေါ်လာ ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
“ဒေါ်လာဈေးက အခုမှ စတက်တယ်ဆိုရမယ်။ ဆက်တက်ဖို့ပဲရှိတယ်။ အခုက ပို့ကုန်က ဝင်ငွေမရှိဆိုတော့ ဒေါ်လာဈေးက တက်နေမှာပဲ”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဒေါ်လာဈေးကျဆင်းရန် စက်သုံးဆီ၊ စားအုန်းဆီတို့ဝယ်ယူရန် လုပ်ငန်းရှင်များကို ဒေါ်လာများထုတ်ရောင်းပေးခြင်း၊ နိုင်ငံခြားပို့ကုန်ရငွေမှ ဒေါ်လာများကို အတင်းအဓမ္မရောင်းချစေခြင်းတို့ကို ပြုလုပ်ခဲ့သည်။


















































