ရဲခေါင်/People’s Spring
အမေရိကန်ရွေးကောက်ပွဲတွင် ဒေါ်နယ်လ်ထရမ့်နိုင်ပြီးနောက် နိုင်ငံအများစု၌ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတွင်ဒေါ်လာဈေးမတက်ဘဲဈေးငြိမ်နေ ကြောင်း ဒေါ်လာအရောင်းအဝယ်ပြုလုပ်နေသူအချို့ထံမှ သိရသည်။
“ဒီနေ့တစ်ဒေါ်လာအရောင်းက ၄,၅၄၀ ကျပ် နဲ့ ၄,၆၀၀ ကျပ် ကြား ပတ်ချာလည်ရှိနေတယ်။ တခြား နိုင်ငံတွေမှာ ဒေါ်လာငွေလဲနှုန်းတွေ တက်တာရှိပေမယ့်ဒီမှာတော့ ဒေါ်လာလိုတဲ့သူတွေနဲ့ ဝယ်သူတွေရဲ့ အရှိန်တစ်ခု ခဏရပ်နေတဲ့ သဘောမျိုးဖြစ်နေတယ်”ဟု ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
နိုဝင်ဘာ ၅ ရက်တွင်ကျင်းပခဲ့သော အမေရိကန်ရွေးကောက်ပွဲကြောင့် ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေစျေးကွက်နှင့် ဒေါ်လာစျေးမှာ လှုပ်ခက်မှုများရှိခဲ့ပြီး ရွှေစျေးမှာအကျဘက်ဦးတည် နေကြောင်းလည်း သိရသည်။
အမေရိကန်နှင့် ဒေါ်လာလဲနှုန်းမှာ ရွေးကောက်ပွဲမတိုင်ခင် ၁ ဒေါ်လာလျင် ၃၄ ဘတ် အောက်သာရှိသော်လည်း ထရမ့်နိုင်ပြီးနောက် ၃၄ ဘတ်ကျော်ရှိလာသည်။တရုတ်ယွမ်မှာလည်း ၁ ဒေါ်လာလျင်
နိုဝင်ဘာ ၅ ရက်တွင် ၇ ဒသမ ၁၀ ယွမ်မှ နိုဝင်ဘာ ၆ ရက်တွင် ၇ ဒသမ ၁၈ ယွမ်ပေါက်လာသည်။
“ထရမ့်ရဲစီးပွားရေးပေါ်လစီကြောင့်လည်းပါတယ်။ ဒါကြောင့်လည်း ဒေါ်လာစျေးတွေမာလာပြီးကမ္ဘာ့ရွှေစျေးက အကျဘက် ပြန်ရောက်လာတာ။
ထရမ့်ရဲ့ ပထမအစိုးရသက်တမ်းတုန်းကဆိုရင် အာရှ နိုင်ငံတွေရဲ ငွေစျေးရော၊အိမ်ခြံမြေစျေးကွက်ပါ ကျဆင်းခဲ့တာမျိုးရှိခဲ့ဖူးတယ်”ဟုရွှေစျေးနှင့်ဒေါ်လာစျေးလေ့လာစောင့်ကြည့်သူတဦးက ပြောသည်။
ပြီးခဲ့သည့်ဩဂုတ်လအတွင်းပြည်တွင်းငွေလဲနှုန်းမှာတစ်ဒေါ်လာ ၇,၀၀၀ ကျပ် အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းကစ၍ ဒေါ်လာစျေးပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၇ ရက်ပြည်တွင်း ရွှေစျေး နှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း အရ စစ်ကောင်စီ၏ ဗဟိုဘဏ်သတ်မှတ်စျေးမှာ ၂၁၁၀ ကျပ်ဖြစ်သော်လည်း ပြင်ပပေါက်စျေးမှာ ဝယ်ဈေး ၄,၄၅၀ ကျပ်၊ ရောင်းဈေး ၄,၅၅၀ ကျပ်ဖြစ်သည်။
ရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးအရ ၁၆ ပဲရည် ရွှေတစ်ကျပ်သားလျင် ကျပ် ၅၅ သိန်းကျော်( ၅,၅၁၄,၅၃၇ ဖြစ်သော်လည်းပြင်ပပေါက်စျေးကွက်တွင်ကျပ်၆၃သိန်းကျော်( ၆,၃၅၀,၀၀၀)ဈေးရှိသည်။