စစ်ကောင်စီတပ်၏ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ -၂၅) ၏ကင်းစခန်းတစ်ခုဖြစ်သည့် ညောင်ချောင်းကင်းစခန်းကို ဒရုန်းဖြင့် ၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၂ ဦးသေဆုံးကာ ၂ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း (၆)သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
ဇွန် ၁၆ ရက်နှင့် ၁၇ ရက်များတွင် ကင်းစခန်းကို နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထိုကင်းစခန်းသည် ဆောမြို့နယ်၊လောင်းရှည်ဒေသတွင်းမှာတည်ရှိသည်။
“ဒီစခန်းက ကပစ ၂၅နဲ့ ကပစ ၂၁ ကြားဗဟာဗျူဟာကြတဲ့နေရာမှတည်ရှိပါတယ်။ ကင်းဂိတ်ပေါ့။ အဲ့ရက်တွေမှာ ကပစ ၂၅ ကိုသွယ်တန်းတဲ့မီးလိုင်းပြတ်လို့ သူတို့လှုပ်ရှားမှုရှိလို့တိုက်ခိုက်ခဲ့တာ။စစ်ကြောင်းလာတဲ့ လမ်းကိုလည်းချတယ်။ ကင်းစခန်းကိုလည်းချတယ်”ဟု အထက်ပါတာဝန်ခံကပြောသည်။စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အဆိုပါကင်းခစန်းသည်စစ်ကောင်စီတပ်သား ၂၅ ဦးခန့်တပ်စွဲထားပြီး ဇွန် ၁၆ ရက်တွင် မနက်ပိုင်းတွင်တစွကြိမ်၊ နေ့လယ်ပိုင်းတွင် တစ်ကြိမ်နှင့် ဇွန် ၁၇ ရက် မနက်ပိုင်းတွင် တကြိမ်စုစုပေါင်း ၃ကြိမ်တိုက်ခဲ့ခြင်းဖြစ်သည်။ထိုအပြင် ဇွန် ၁၇ ရက်တွင် ဒုတိယအကြိမ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း ဗုံးသီးမအောင်မြင်ခဲ့ကြောင်း၎င်းကဆက်ပြောသည်။

Public Service Announcement
“ဒီကင်းစခန်းက စစ်ကောင်စီကပစနဲ့ ၁၀ မိုင်တောင်မဝေးဘူး။ ကပစအတွက် အဓိကကျတဲ့ ကင်းစခန်းတစ်ခုပဲ”ဟု ဒေသခံတစ်ဦးကလည်းပြောသည်။
ဂန့်ဂေါခရိုင်တပ်ရင်း (၆)သည် လောင်းရှည်ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖြစ်မှ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ခရိုင်တပ်ရင်းအဖြစ်ပြောင်းလဲဖွဲစည်းခဲ့ခြင်းဖြစ်သည်။
ထိုကင်းစခန်းကို ၂၀၂၂ ဒီဇင်ဘာလအတွင်းကလည်းဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ဦးခန့်သေဆုံးခဲ့ဖူးသည်။


















































