ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးကြောင်း အဆိုပါတပ်ရင်းက သတင်းထုတ်ပြန်သည်။
“ကျွန်တော်တို့ကစစ်မျက်နှာပေါ် ရောက်နေတော့လိုအပ်ချက်အရ ဖြည့်ဆည်းပေးတာပါ” ဟု ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ လက်အောက်ရှိ ဂန့်ဂေါခရိုင်တပ်ရင်း ၁၃ နှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများတွေ့ဆုံးပြီးနောက် မေ ၁၈ ရက်ကလက်နက်အချို့တပ်ဆင်ပေးခြင်းဖြစ်သည်ဟုအဆိုပါတပ်ရင်းက မေ ၁၈ ရက်တွင်ထုတ်ပြန်သည်။
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းသည် မူလက ယောဒေသအခြေစိုက် The Youth Force – Saw & Kyaukhtu ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် စတင်တည်ထောင်ခဲ့သည်။ ၂ဝ၂၁ ဧပြီလမှ စ၍ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့ပြီး ၂၀၂၂ နိုဝင်ဘာလတွင်အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်၌အမှတ် (၁) စစ်ဒေသ လက်အောက်ခံ ဂန့်ဂေါခရိုင်အမှတ် (၁၃)တပ်ရင်းဖြစ်လာခဲ့သည်။
“ခရိုင်တပ်ရင်းတင်ပြီး သတ်မှတ်ထားတဲ့မွမ်းမံသင်တန်းတွေ တက်ပြီး လက်နက်တပ်ဆင်မှုတွေလုပ်ပေးနေကြပါ”ဟု ဂန့်ဂေါခရိုင်မှ တပ်ရင်းတခုတာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
မကွေးတိုင်းရှိကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းများကို လက်နက်များတပ်ဆင်ပေးသည်ဟု မတ် ၂၉ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက က ထုတ်ပြန်ခဲ့သည်။
ယောဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်၌တပ်ရင်း ၁၉ရင်းရှိနေကြောင်း သိရသည်။ဂန့်ဂေါခရိုင်တပ်ရင်းများအနေဖြင့်ကာကွယ်ရေးဝန်ကြီးဌာနမှလက်နက်တပ်ဆင်မှုများတချို့တဝက်ရရှိနေပြီး ၊၎င်းတို့အနက် ဂန့်ဂေါခရိုင်တပ်ရင်း ၁၃က လက်နက်ရရှိကြောင်း တရားဝင်ထုတ်ပြန်သည့် ပထမဦးဆုံးတပ်ရင်းဖြစ်သည်။
