Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ပေါ် တိုက်ပွဲဆက်ဖြစ်

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ဌာနချုပ် အပါအဝင် လားရှိုးမြို့ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၅ရက်တွင် ကြေညာပြီးနောက် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုများလည်း ဆက်ရှိနေခြင်းဖြစ်သည်။

လားရှိုးမြို့ပေါ် ဇူလိုင် ၂၅ရက်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ - Nay Myo/fb

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်တွင် ယနေ့(ဇူလိုင် ၂၆)တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဒေသခံက ပြောသည်။

ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) ဌာနချုပ် အပါအဝင် လားရှိုးမြို့ကိုသိမ်းပိုက်ပြီးဖြစ်ကြောင်း ဇူလိုင် ၂၅ရက်တွင် ကြေညာပြီးနောက် မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားမှုများလည်း ဆက်ရှိနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” ဒီနေ့လည်း တိုက်ပွဲဖြစ်တယ်။ ဆေးရုံရှေ့ရောက်နေပြီ(ကိုးကန့်တပ်ဖွဲ့များ)”ဟု ဒေသခံက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်ကလည်း လားရှိုးမြို့တွင် ကိုးကန့်တပ်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ရုပ်သံမှတ်တမ်းဖော်ပြသည်။

ရုပ်သံတွင် စစ်ကောင်စီပိုင် အင်း၀ဘဏ်ရှေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတစ်လောင်း ကို တွေ့ရပြီး ပစ်ခတ်သံများလည်းဆက်တိုက်ကြားနေရသည်။ လက်နက်ကြီး ပစ်ခတ်သံများ၊ စက်သေနတ်ပစ်သံများ ကြားရသည်။

အခြား ရုပ်သံမှတ်တမ်းတွင်လည်း ကိုးကန့်တပ်ဖွဲ့ဝင်များ အလံထောင်ပြီး လမ်းလျှောက်လှည့်လည်နေသည်ကို တွေ့ရသည်။

လားရှိုးမြို့ပေါ် ဇူလိုင် ၂၅ရက်က မြင်တွေ့ရစဥ်။ ဓာတ်ပုံ – Nay Myo/fb

သတင်းရင်းမြစ်တစ်ဦးက ပေးပို့လာသည့် ရုပ်သံမှတ်တမ်းတွင်လည်း အဆောက်အဦး တစ်ခု မီးလောင်နေမှုနှင့် တိုက်ပွဲအတွင်း အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှု ရှိခဲ့သည့် အခြေအနေများကို တွေ့ရသည်။ လမ်းဘေးတစ်နေရာ၌ သေဆုံးနေသည့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ဆယ်နှင့်ချီသည့် ရုပ်အလောင်းများ ချထားသည်ကို တွေ့ရသည်။ အဆိုပါ အရပ်သား သေဆုံးထိခိုက်မှုသည် လားရှိုး (၅)ရက်ကွက်တွင် ဇူလိုင် ၂၄ရက် ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရ၍ ဖြစ်နိုင်ကြောင်း ရုပ်သံပေးပို့လာသည့် သတင်းရင်းမြစ်က ပြောသည်။

အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး ဒေသခံသတင်းရင်းမြစ်အချို့နှင့် တအာင်းတပ်မတော် (TNLA) တာဝန်ရှိသူတို့ထံ ဆက်သွယ်မေးမြန်းထားသည်။

လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသ တိုက်ပွဲဖြစ်ပွားရာနေရာများအတွင်း အရပ်သား သေဆုံးထိခိုက်မှု အခြေအနေကိုTNLAက သတင်းထုတ်ပြန် အသိပေးလျက်ရှိသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယ ပိုင်း ပြန်လည်စတင်ခဲ့သည့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ ဇူလိုင် ၂၅ရက်အထိ တစ်လတာ တိုက်ပွဲများအတွင်း အနည်းဆုံး အရပ်သား ၁၂၅ ဦးသေဆုံးကာ ၁၆၇ ဦးဒဏ်ရာရခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးထိခိုက်မှုအများဆုံးမှာ လားရှိုးနှင့် ကျောက်မဲ မြို့နယ်များ ဖြစ်သည်။

မြို့တွင်း တိုက်ပွဲများ ဆက်ဖြစ်နေသည့် လားရှိုးတွင်လည်း အရပ်သားသေဆုံးထိခိုက်မှုများ ဆက်ရှိနိုင်ပြီး အရေအတွက် စာရင်းကောက်ယူရန်ပင် ခက်ခဲသည်ဟု ရှမ်းမြောက်ဒေသခံက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။