Connect with us

Hi, what are you looking for?

သတင်း

မူဆယ်ပစ်ခတ်မှုတွင်ခလရ(၆၈)တပ်ရင်းမှူး နှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၃ရက်) နံနက်က စစ်ကောင်စီနှင့် ပြည်သူ့စစ် တို့ ပစ်ခတ်မှုအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိသွားသည်။

ကျားဖြန့်ရုံစီးနင်းမှု အတွင်း တွေ့ရသော စစ်ကောင်စီတပ်သားနှင့် ရဲများ

ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၃ရက်) နံနက်က စစ်ကောင်စီနှင့် ပြည်သူ့စစ် တို့ ပစ်ခတ်မှုအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိသွားသည်။

ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ဝင်ဖမ်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

နေ့လည် ၁၂နာရီခန့်အထိဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းနိုင် ဒဏ်ရာရခဲ့သည်ဟု မူဆယ်လဝကဌာနမှ အရာရှိတစ်ဦးကပြောသည်။

” တရုတ်ဖက်က စာရင်းနဲ့ လာဖမ်းခိုင်းလို့ ဖမ်းပေးရတာ။ မိတဲ့သူမိ၊ ပြေးတဲ့သူပြေးပဲ။၆၈ ရင်းမှူးနဲ့ လူကုန်တားရဲတပ်ဖွဲ့မှူး ကျည်ထိတယ်။ ဆေးကုနေတယ်”ဟု ၎င်းက ပြောသည်။

ခလရ(၆၈)သည် လားရှိုးမြို့အခြေစိုက်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်အတွင်းက မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် တပ်ရင်းလိုက်ဆုတ်ခွာသွားခဲ့သည်။

လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် တပ်ရင်းများအားလုံး လက်လွတ်ဆုံးရှုံးပြီးနောက် တပ်ရင်းများကို စစ်ကောင်စီက မူဆယ်မြို့၌ ယာယီနေရာချထားခြင်းဖြစ်သည်။

ယမန်နေ့ကတိုက်ပွဲအတွင်း တပ်ရင်းမှူးကိုယ်တိုင် ဒဏ်ရာရသွားခြင်းဖြစ်သည်။

ဒုရဲမှူးကြီးမင်းနိုင်သည် မူဆယ်မြို့၌ တာဝန် ကျနေသည်မှာ ငါးနှစ်ခန့်ရှိနေပြီဖြစ်ပြီး တိုက်ပွဲအတွင်း ရရှိသော ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရသည်ဟု သတင်းရရှိသည်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့သေဆုံးပြီး ကျားဖြန့်ရုံမှ အလုပ်သမား ၅၀၀ ကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ဖမ်းမိထားသူများတွင် တရုတ်နိုင်ငံသား ၁၀၀ကျော်ပါဝင်ပြီး စစ်ကောင်စီက တရုတ် ဖက်သို့ပြန်လွှဲလိုက်ပြီဟု သတင်းရရှိသည်။

ကျန် ဖမ်းဆီးထားသူများအား မည်ကဲ့သို့ဆောင်ရွက်မည်ကို မသိရှိရသေးပေ။

မူဆယ်မြို့တွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်တပ်ဖွဲ့များ ပိုင်ဆိုင်သည့် ကျားဖြန့်ရုံများရှိနေသည်ဟု ဒေသခံများက ပြောသည်။

တရုတ်အစိုးရ​၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီက ကျားဖြန့်ရုံများကို ဖမ်းဆီးမှုများရှိနေသည်။ပြီးခဲ့သည့် မတ်လ ၂၇ရက်က မူဆယ် မြို့အတွင်း ကျားဖြန့်ရုံတစ်ရုံကို ဝင်စီးနင်းပြီး ဝန်ထမ်း ၆၀၀ခန့်ကို ဖမ်းဆီးခဲ့သည်။

၂၀၀ခန့်မှာ တရုတ်နိုင်ငံသားများဖြစ်ပြီး စစ်ကောင်စီက တရုတ်နိုင်ငံသို့ပြန်လွှဲပေးခဲ့သည်။ ကျန် မြန်မာ၄၀၀ခန့်ကို သုံးလခန့်ကြာမှ ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။

မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်းအတွင်း ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်နေစဉ် တရုတ်ကကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဟိုင်ဂင်အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ဘဲ ကျန်နေသည့် မြို့ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် မြို့ပေါ်၌သာတပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံနဲ့နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တွေအမည်ခံထားတဲ့ တရုတ်နိုင်ငံသားပိုင် မီးရှူးမီးပန်းစက်ရုံ တစ်ရုံမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

တရုတ်အစိုးရကကြီးကျယ်စွာကျင်းပခဲ့​သောဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို MNDAAကလည်း ရှမ်းမြောက်ရှိ မူဆယ်နှင့် လောက်ကိုင်မြို့တွင်စက်တင်ဘာလ ၃ရက်ကကျင်းပခဲ့ပြီး ရှမ်းမြောက်ဒေသတွင်းနိုင်ငံရေးအခြေအနေကိုစောင့်ကြည့်သင့်ကြောင်း စစ်ရေးလေ့လာသူအချို့က သုံးသပ်သည်။

သတင်း

မူဆယ်မြို့တွင် အုပ်စုဖွဲ့လုယက်သူတစ်စုက အမျိုးသမီးတစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာထိုးပြီးလုယက်၍ အဆိုပါအမျိုးသမီး သေဆုံးသွားခဲ့သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအနီး အရပ်သားအမျိုးသမီးနှစ်ဦးအား သေနတ်သမားနှစ်ဦးက ယ​နေ့ည​နေတွင်လူမြင်ကွင်း၌ပစ်ခတ်သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။