Connect with us

Hi, what are you looking for?

ဆောင်းပါး

“ အောက်စီဂျင် ရှာကြသူများ”

“ ဒီည အိုးကြီးသုံးလုံးမရရင် ဒီတောင်မကျော်နိုင်ဘူးတဲ့။ တစ်အိုးပဲရသေးတယ်။ ကူညီကြပါဦး”

ရန်ကုန်မှာ ကိုဗစ်လူနာတွေအတွက် အောက်စီဂျင်ပြတ်လတ်မှုကြုံနေရပြီးတော့ အောက်စီဂျင်မရလို့အသက်ရှူကြပ်သေဆုံးသူတွေများလာနေပါတယ်။

“ မြောက်ဥက္ကလာက ကျွန်တော့သူငယ်ချင်းအဖေနဲ့ အမေ ကိုဗစ်ဖြစ်တာ မနေ့ကအောက်စီဂျင်လုံးဝရှာမရလို့ အမေက ဆုံးသွားတယ်။ အဖေက အောက်စီဂျင်ကျနေတာ ၇၀ လောက်ဖြစ်နေတာ ဒီတစ်နေ့လုံးအောက်စီဂျင်ပတ်ရှာနေတာ အဆင်မပြေသေးဘူး” လို့ ရန်ကုန်မြို့ခံ တစ်ဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

ဓာတ်ပုံ – CJ

အောက်စီဂျင်ရနိုင်မယ့်နေရာတွေ ဖေ့စ်ဘွတ်ခ်မှာ မျှဝေနေကြပေမယ့် တကယ်တမ်းဆက်သွယ်တဲ့အခါမှာ ဘယ်နေရာမှမရဘူးလို့လည်း မိတ်ဆွေဖြစ်သူအတွက် အောက်စီဂျင်လိုက်ရှာပေးနေတဲ့ အဲဒီအမျိုးသားက ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းသေဆုံးမှုစများလာချိန်မှာ အောက်စီဂျင်အိုးနဲ့ အောက်စီဂျင် စက်တွေ လိုက်ဝယ်နေကြတာကြောင့်စျေးကွက်ထဲမှာ ပစ္စည်းပြတ်ကုန်တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” တစ်စျေးလုံး အုံးအုံးထနေတာပဲ။ အောက်စီဂျင်အိုးက အသေးဆုံး ၁၀ လီတာအိုးကို ၃ သိန်းထိတောင်ဖြစ်သွားတာတောင် ဝယ်မရတော့ဘူး” လို့ ဗိုလ်ချုပ်စျေးသစ်မှာ အောက်စီဂျင်အိုးသွားဝယ်ခဲ့သူက ပြောပါတယ်။

ရန်ကုန်မြို့တွင်းက ဆေးရုံသုံးအောက်ဆီဂျင်အရောင်းဆိုင်တော်တော်များများကို လူထုနွေဦးက ဖုန်းဆက်မေးကြည့် ရာမှာ ပစ္စည်းပြတ်လပ်နေတယ်လို့ဆိုကြပါတယ်။

တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေမှာလည်း အိုးသစ်ရောင်းမပေးနိုင်ကြတော့ဘဲ အောက်စီဂျင်ဖြည့်ပေးတာကိုပဲလုပ်ပေးနိုင်တော့တယ်လို့ စက်ရုံအချို့က ပြောပါတယ်။

“ တောင်ဒဂုံထဲက စက်ရုံတစ်ခုရှေ့မှာ စက်ရုံရှေ့မှာ အောက်ဆီဂျင်လာဖြည့်တဲ့ ကူညီကယ်ဆယ်ရေးအသင်းကားတွေ၊ အဌားကားတွေ ၊ အောက်ဆီဂျင်အိုးသယ်တဲ့ကားတွေနဲ့ ပြည့်နှက်လို့ နေတာတွေ့ရပါတယ်” လို့ တောင်ဒဂုံစက်မှုဇုန်မှာ အောက်စီဂျင်အိုးသွားရှာခဲ့သူ တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – CJ

စက်ရုံထဲမှာလည်း အောက်ဆီဂျင်ဖြည့်ဖို့အတွက် စောင့်ဆိုင်းနေကြသူတွေအများအပြားရှိနေပြီ အချို့ဆို ၂ နာရီ ၃ နာရီလောက်ကြာအောင်စောင့်နေရသူတွေရှိတယ်လို့သိရတယ်။ စက်ရုံက စာရေးမ ကို အောက်ဆီဂျင်အိုး ဝယ်ဖို့ မေးတော့ အိုးအလွတ်မရှိတော့တဲ့အတွက်ရောင်းဖို့မပြောနဲ့ ဌားလို့တောင်မရတော့တဲ့အကြောင်း ပြောတယ်” လို့ အဲဒီအမျိုးသားက ပြောပါတယ်။

ဆေးရုံတွေကိုလာဖို့ ကြိတ်မကုကြဖို့ စစ်ကောင်စီက ပြောနေပေမယ့် အရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေတုန်းကလို ဆေးရုံတက်ဖို့၊ ကွာရန်တင်းဝင်ဖို့ အခြေအနေမရှိတဲ့အတွက် မြို့နယ်ကျန်းမာရေးကိုအကြောင်းကြားပေးမယ့်လည်း ကုတင်မရလို့ တက်မရတဲ့အတွက် အိမ်မှာပဲ အောက်စီဂျင်အိုးပတ်ရှာနေကြရတယ်လို့ ကိုဗစ်ကူးစက်ခံရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။

” အိမ်မှာ လူနာက အောက်စီဂျင်နှစ်လိုင်းပေးထားရတာ။ အိုးတွေလည်းရှိတယ်။ လေးဆယ်လီတာ လေးလုံး၊ ဆယ်လီတာ ၃ လုံးရှိတယ် အိမ်မှာ။ ဒါပေမယ့် ရှူသလောက်ကို ဖြည့်ဖို့ ပတ်ပြေးနေကြရတာ။ ဆေးရုံကလည်းလက်မခံတော့ တစ်ဆွေတစ်မျိုးလုံးအောက်စီဂျင်ပတ်ဖြည့် ပြေးနေရတာပဲ” လို့ ကိုဗစ်လူနာ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ အခုအချိန်အထိ အောက်စီဂျင်ပြတ်လတ်မှုနဲ့ ပတ်သက်လို့ ပြည်သူကို အသိပေးတာ၊ ကူညီဆောင်ရွက်ပေးတာ၊ အစီအမံတွေ ထုတ်ပြန်တာ လုံးဝမရှိသေးဘဲ Stay at Home ကြေညာတာ၊လူနာသစ်စာရင်း စစ်သလောက်ထုတ်ပြန်ပေးနေတာပဲ ရှိနေတာဖြစ်ပါတယ်။

အောက်စီဂျင်စက်နဲ့ အောက်စီဂျင်အိုးတွေ ရသလောက်ဝယ်ပြီး ငှားပေးဖို့ပြင်နေတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီတစ်ဦးလည်းဖြစ်၊ လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ကိုကြည်သာဟန်က အခုလိုပြောပါတယ်။

“ ဖေ့စ်ဘွတ် New Feed တစ်ခုလုံးမှာ နာရေးနဲ့ အရေးပေါ်လိုအပ်နေသူတွေချည့်ပဲ။ တော်တော်များများအကူညီတောင်းခံနေတာ အောက်စီဂျင်ပဲ။ လှူချင်လို့ ပစ္စည်းလိုက်ဝယ်တာတောင်မရဘူး” လို့ ဆိုပါတယ်။

ပထမနဲ့ ဒုတိယလှိုင်းတွေမှာ လူနာတင်ယဉ်မောင်းခဲ့ပြီး လူနာတွေကို ဆေးရုံတွေ ပို့ပေးခဲ့တဲ့ ပရဟိတသမားတစ်ဦးကတော့ အခုလိုပြောပါတယ်။

“ အခုက ဘာမှမလုပ်ဘူးလေ။ လုပ်လို့လည်းမရဘူး။ အရင်က Q စင်တာတွေ ပတ်ပို့။ ဆေးရုံးလူနာတွေ ညဆိုအကုန်ပတ်ပို့ရတာ။ အခုဘယ်ပို့ပေးရမလဲ။ ပို့ပေးစရာနေရာမှမရှိတာ။ အရင်အစိုးရက ကျွန်တော်တို့ ဘော်လန်တီယာအကုန်လုံး PPE နေစရာ အကုန်စီစဉ်ပေးထားတာ။ ခုကျ ဘာမှမရှိဘူးလေ။ အောက်စီဂျင်တောင်မှမရှိတော့တာ” လို့ ဆိုပါတယ်။

ဒီညနေ ၆ နာရီလောက်က အမျိုးသမီးတစ်ဦးကတော့ ဖေ့စ်ဘွတ်ခ်မှာ ပို့တစ်ခုတင်ပြီး သူငယ်ချင်းအဖေအတွက် အောက်စီဂျင်တောင်းထားပါတယ်။

“ ဒီည အိုးကြီးသုံးလုံးမရရင် ဒီတောင်မကျော်နိုင်ဘူးတဲ့။ တစ်အိုးပဲရသေးတယ်။ ကူညီကြပါဦး”

အခု ဆောင်းပါးအဆုံးသတ်ချိန် ည ၈ နာရီခွဲအချိန်အထိ အောက်စီဂျင်မရသေးပါဘူး။

စစ်ကောင်စီထုတ်ထားတဲ့ ညမထွက်ရအမိန့် ပြည့်ဖို့ ၁ နာရီ ခွဲနီးပါးသာ ကျန်ပါတော့တယ်။

(သကာနွေဦး)
ဇူလိုင်-၈၊ ၂၀၂၁

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းက O-1 ဆေးရုံမှာ လူနာတွေကို အောက်ဆီဂျင်ပေးဖို့ မီးစက်အတွက် ဒီဇယ်အရေးပေါ်လိုအပ်နေကြောင်း O-1 ဆေးရုံ တာဝန်ခံ Dr. Tracyက အသိပေးပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။