ခေတ်သစ်ကမ္ဘာမှာ အာဏာသိမ်းမှုနေရာမရှိစေရလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကြုံးဝါးထားပေမယ့် ဒီနှစ်ထဲမှာတင် ကမ္ဘာမှာ အာဏာသိမ်းတဲ့ နိုင်ငံ ၄ နိုင်ငံရှိလာခဲ့ပါတယ်။
မြန်မာ၊ မာလီ၊ ဂီနီနဲ့ ဆူဒန်နိုင်ငံတွေမှာ အာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့သလို အာဏာသိမ်းဖို့ကြိုးပမ်းမှုတွေ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတွေလည်းရှိခဲ့ပါသေးတယ်။
ဒါကို အာဏာသိမ်းမှု ကူးစက်ကပ်ရောဂါလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကတင်စားလိုက်ပါတယ်။
၂၀၂၁ ခုနှစ်ထဲ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်း ခဲ့တဲ့ နိုင်ငံတွေရဲ့ အခြေအနေကိုကြည့်ကြရအောင်ပါ။

Public Service Announcement
❖ မဲမသမာမှုအကြောင်းပြပြီး အာဏာသိမ်းတဲ့မြန်မာ
မြန်မာမှာတော့ ရွေးကောက်ပွဲမှာ မဲသမာမှု ရှိတယ်လို့စွပ်စွဲပြီး ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် လွှတ်တော် တွေမတင်မီ ဖေဖော်ဝါရီလ ၁ ရက်မနက်ပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။
နိုင်ငံကိုအရေးပေါ်အခြေအနေကြေညာသလို ရွေးကောက်ပွဲ ပြန်လုပ်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာပါတယ်။

စစ်အာဏာသိမ်းမှုရဲ့ ဆိုးကျိုးကို ဆိုးဆိုးရွားရွား ခံစားဖူးတဲ့ ပြည်သူတွေဟာ လမ်းပေါ်ထွက်လာကြပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ နွေဦးတော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာအသိအမှတ်ပြုမှုပိုရအောင် အိမ်စောင့်အစိုးရ ဖွဲ့လိုက်ပြီး စစ်အုပ်စုခေါင်းဆောင်က သူ့ကိုယ်သူ ဝန်ကြီးချုပ်ရာထူးခန့်ခဲ့ပြန်ပါတယ်။
ဒါပေမယ့်နိုင်ငံတကာထောက်ခံမှု မရလာတဲ့အပြင် ရှိနေတဲ့ မိတ်ဆွေအနည်းငယ်ကပါ ခပ်ခွာခွာရှိလာပြီး ဒေသတွင်း အာဆီယံ နိုင်ငံတွေကတောင် ခပ်တင်းတင်းမာမာ ဆက်ဆံလာပါတယ်။
ကုလသမဂ္ဂမှာစစ်ကောင်စီကိုယ်စားလှယ်ကို နေရာမပေးသလို ဒေသတွင်းအာဆီယံမှာလည်း စစ်ခေါင်းဆောင် ကတိမတည်လို့ ထိပ်သီးအစည်းအဝေးတောင်တက်ခွင့်မရတော့ပါဘူး။
မတရားအာဏာသိမ်းတဲ့အပြင် အရပ်သားပြည်သူတွေကို လူမဆန်တဲ့ ရက်စက်ဖြိုခွင်းသတ်ဖြတ်မှုတွေကြောင့် စစ်ကောင်စီ ဟာ မကြုံဖူးတဲ့ သံတမန်ရေးရှုံးနိမ့်မှုတွေကိုကြုံနေရလို ခုခံတော်လှန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
❖ ပြည်တွင်းစစ်ကို ရှောင်ဖို့ အာဏာသိမ်းလိုက်ရတယ်ဆိုတဲ့ ဆူဒန်
အောက်တိုဘာလနောက်ဆုံးရက်သတ္တပတ်မှာ ဆူဒန်စစ်တပ်ဟာ အရပ်သားအစိုးရဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဖမ်းလိုက်ပြီး အာဏာသိမ်းပါတယ်။
အာဏာသိမ်းရတာက ပြည်တွင်းစစ်မဖြစ်ချင်လို့ သိမ်းရတာလို့ ဆူဒန်စစ်တပ်ခေါင်းဆောင်က အကြောင်းပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဆူဒန်မှာ နိုင်ငံရေးအရ သွေးကွဲမှုတွေက ပိုမို နက်ရှိုင်းလာပြီး ပြည်တွင်းစစ်ဆီ ဦးတည်နေတာကြောင့် စစ်တပ်က နိုင်ငံအာဏာကို ကြားဝင် ထိန်းသိမ်းလိုက်ရတယ်လို့ ဆူဒန်စစ်ခေါင်းဆောင်က ပြောပါတယ်။
ဆူဒန်ဟာ စစ်တပ်နဲ့အရပ်ဖက် အာဏာခွဲဝေထားတဲ့ အုပ်ချုပ်ရေးကောင်စီက အုပ်ချုပ်နေတာပါ။
ဒါပေမဲ့ စစ်ဘက်နဲ့ အရပ်ဖက် ဆက်ဆံရေးက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ ဆက်တိုက် ဆိုးရွားလာပြီး နောက်ဆုံးတော့ အာဏာသိမ်းတဲ့ အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။
ဒီလိုအာဏာသိမ်းတဲ့အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာနေသလို ဆူဒန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် လက်ရှိ အချိန်ထိ သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာကြောင်းလည်း သိရပါတယ်။
အာဏာသိမ်းမှုအပေါ်အရေးယူတဲ့အနေနဲ့ အာဖရိကန် ယူနီယံဟာ ဆူဒန်ကို အဖွဲ့ဝင်နိုင်ငံအဖြစ်က ဆိုင်းငံ့ထားပါတယ်။
❖ နိုင်ငံ ပြန်လည်တည်ဆောက်ဖို့ အာဏာသိမ်းတဲ့ ဂီနီ
စက်တင်ဘာလ ၅ ရက် ဂီနီစစ်တပ်ခေါင်းဆောင် မမ်မာဒီဒွမ်ဘူယာ ဦးဆောင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေဟ သမ္မတအိမ်တော်ကို စီးနင်းပြီး သမ္မတ ကို ဖမ်းဆီး အာဏာသိမ်းပါတယ်။
ဂီနီ အာဏာသိမ်းခေါင်းဆောင်က တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ဖို့ ၊ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ ၊ အခြေခံဥပဒေသစ်ရေးပြီး တိုင်းပြည်ကို ပြန်လည်တည်ဆောက်မယ်လို့ ကြေညာပါတယ်။
ဒါပေမယ့် တစ်လအကြာ အောက်တိုဘာလမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတအဖြစ် ကျမ်းကျိန်ပါတယ်။

သမ္မတအဖြစ်ကျမ်းကျိန်တဲ့ စစ်ခေါင်းဆောင်ဟာ သက်တမ်း ၃ ခါ ဆက်ချင်တဲ့ အရပ်သားသမ္မတ ကိုဖြုတ်ချပြီး အာဏာသိမ်းတာပါ။
ဖြတ်ချခံရတဲ့ သမ္မတ အယ်လ်ဖာကွန်ဒေ ဟာ ၂၀၁၀ မှာ ဒီမိုကရေစီနည်းကျ ပထမအကြိမ် ရွေးကောက်တင်မြှောက်ခံရပါတယ်။ ၂၀၁၅ မှာ ဒုတိယအကြိမ်ထပ်မံရွေးကောက်တင်မြှောက်ခံရပါသေးတယ်။
ဂီနီရဲ့အခြေခံဥပဒေမှာ သမ္မတရဲ့ ရွေးကောက်ခံ သက်တမ်းဟာ ၂ ကြိမ် ဖြစ်ပေမယ့် သမ္မတ အယ်လ်ဖာကွန်ဒေဟာ တတိယအကြိမ် ရွေးချယ်ခံလို့ရအောင် အခြေခံဥပဒေကိုကန့်ကွက်မှုတွေကြားက ပြင်ဆင်လိုက်ပါတယ်။
ဒါ့အပြင် သမ္မတ ရဲ့အကျင့်ပျက်ခြစားမှုတွေ များလာပြီး စီမံခန်ခွဲမှုအလွဲတွေကြောင့် ပြည်သူတွေမကျေနပ်ဖြစ်လာချိန်မှာ အခွင့်ကောင်းယူပြီးစစ်တပ်က အာဏာကောက်သိမ်းလိုက်တာပါ။
အာဏာသိမ်းတာကိုတုံ့ပြန်တဲ့အနေနဲ့ အနောက်အာဖရိက နိုင်ငံများ စီးပွားရေးလူမှုအဖွဲ့အစည်း( ECOWAS )က ဂီနီ စစ်ကောင်စီခေါင်းဆောင်နဲ့ ဆွေမျိုးတွေပိုင်ဆိုင်သမျှ ဘဏ္ဍာရေးပိတ်ဆို့ဖို့နဲ့ ခရီးသွားလာမှုတွေကို တားမြစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။
❖ အာဏာသိမ်းထားတာကို ထပ်သိမ်းတဲ့ မာလီစစ်တပ်
မေလ အတွင်းက မာလီစစ်တပ်ဟာ အသွင်းကူးပြောင်းရေးသမ္မတ ဘားအန်ဒေါ နဲ့ ဝန်ကြီးချုပ် တို့ကို မြို့တော် ကနေ ၉ မိုင်လောက်ဝေးတဲ့ စစ်စခန်းကို ခေါ်သွားပြီး ရာထူးကနေ နုတ်ထွက်ခိုင်းလိုက်ပါတယ်။
အာဏာသိမ်းတာကို ညွှန်ကြားတဲ့သူဟာ ပြီးခဲ့တဲ့ ၂၀၂၀ အာဏာသိမ်းမှုမှာ ခေါင်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိအသွင်းကူးပြောင်းရေးအစိုးရအဖွဲ့မှာ လည်း ဒုသမ္မတ နေရာယူထားသူ ဗိုလ်မှူးကြီးဂွိုင်တာပဲဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်က မာလီမှာ စစ်တပ် အာဏာသိမ်းပြီး အမျိုးသား ပြည်သူ့ကယ်ဆယ်ရေးကော်မတီ ထူထောင်ပါတယ်။
အဲဒီကော်မတီ ဟာ အသွင်ကူးပြောင်းရေးအစိုးရဖွဲ့ပြီး အငြိမ်းစားစစ်အရာရှိ ကာကွယ်ရေးဝန်ကြီးဟောင်း ဘားအန်ဒေါ ကို သမ္မတအဖြစ်ခန့်ကာ ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဂွိုင်တာက ဒုတိယ သမ္မတ နေရာယူခဲ့တာပါ။
၂၀၂၁ မေလမှာ သမ္မတ ဘားအန်ဒေါက အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့သစ် ရဲ့ အမည်စာရင်းကို ထုတ်ပြန်ပါတယ်။
အစိုးရအဖွဲ့စာရင်းမှာ ယခင် ၂၀၂၀ အာဏာသိမ်းတုန်းက ပါဝင်ခဲ့တဲ့ အဖွဲ့ဝင် ၂ ဦး မပါဝင်တဲ့အခါ အသွင်ကူးပြောင်းရေးကိုချိုးဖောက်ရာရောက်တယ်ဆိုပြီး တုံ့ပြန်တဲ့အနေနဲ့ ဒုတိယသမ္မတ ဗိုလ်မှူးကြီးဂွိုင်တာက အာဏာထပ်သိမ်းလိုက်တာဖြစ်ပါတယ်။
ဒါဟာ ၁၀ နှစ်အတွင်း မာလီ မှာ ဖြစ်ပွားခဲ့တဲ့ ၃ ကြိမ်မြောက်အာဏာသိမ်းမှုလည်းဖြစ်ပါတယ်။


















































