Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်ကောင်စီရဲ့ လက်နက် ဝယ်ယူမှု လမ်းကြောင်းကို ကျဉ်းမြောင်းသွားစေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲ

ယူကရိန်းမှာ စစ်ရှိန် မြင့်တက်လာခြင်းနဲ့အတူ မြန်မာစစ်တပ်ဆီ တင်ပို့တဲ့ စစ်လက်နက်တွေ စီးဆင်း ဝင်ရောက်မှုဟာ အရှိန်လျော့လာတာ၊ ဒါမှမဟုတ် ရပ်တန့်သွားတာထိ ဖြစ်နိုင်ပါတယ်။ ပထဝီဝင် နိုင်ငံရေး ဂယက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဆင့်ပွား ရိုက်ခတ်မှုတွေဟာ မြန်မာနိုင်ငံက ပြည်တွင်းစစ်ရဲ့ အနိုင်အရှုံး ရလဒ် အတွက်တောင် ကြီးကြီးမားမား သက်ရောက်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားက ထိုးစစ် အရှိန်မြှင့်ဖို့ ကြိုးစားရင်း ဗုံးတွေ တရစပ် ကြဲနေတဲ့အချိန် မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်နဲ့ ဒီမိုကရေစီ ဘက်တော်သား တော်လှန်ရေး အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ကြဲချနေတဲ့ ဗုံးတွေ လျော့ကျလာနိုင်ပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ ဆိုတာက မြန်မာစစ်တပ်အတွက် လက်နက်တွေ၊ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ အဓိက အကျဆုံး နိုင်ငံနှစ်ခု ဖြစ်ပါတယ်။ အရင်က မြန်မာလိုမျိုး ပြည်ပ နိုင်ငံတွေဆီ တင်ပို့နေတဲ့ စစ်လက်နက်တွေကို ရုရှားနဲ့ ယူကရိန်းတို့က စစ်ပွဲအတွက် ကိုယ်တိုင် သုံးစွဲနေကြပါပြီ။ အရင်ကတော့ မြန်မာစစ်တပ်ဟာ အဲဒီ စစ်လက်နက်တွေ၊ စစ်ပစ္စည်းတွေကို ပဋိပက္ခ နယ်မြေတွေက အရပ်သား ပြည်သူတွေ နေထိုင်တဲ့ ဧရိယာတွေမှာ စည်းလွတ်ဝါးလွတ် အသုံးပြုပြီး တော်လှန်ရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။

အခုကျတော့ ယူကရိန်းမှာ စစ်ရှိန် မြင့်တက်လာခြင်းနဲ့အတူ မြန်မာစစ်တပ်ဆီ တင်ပို့တဲ့ စစ်လက်နက်တွေ စီးဆင်း ဝင်ရောက်မှုဟာ အရှိန်လျော့လာတာ၊ ဒါမှမဟုတ် ရပ်တန့်သွားတာထိ ဖြစ်နိုင်ပါတယ်။ ပထဝီဝင် နိုင်ငံရေး ဂယက်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ဆင့်ပွား ရိုက်ခတ်မှုတွေဟာ မြန်မာနိုင်ငံက ပြည်တွင်းစစ်ရဲ့ အနိုင်အရှုံး ရလဒ် အတွက်တောင် ကြီးကြီးမားမား သက်ရောက်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

စစ်ပွဲမှာ ရုရှားက အနိုင်ရခဲ့ရင် ယူကရိန်း စစ်တပ်ကို လက်နက်ဖြုတ်ချဖို့ အမြန်ဆုံး လှုပ်ရှားလာနိုင်ပါတယ်။ အဓိပ္ပါယ်ကတော့ ယူကရိန်းရဲ့ ဝင်ငွေ အမြောက်အမြား ရရှိနေတဲ့ စစ်လက်နက် တင်ပို့မှု လုပ်ငန်းတွေပါ ရပ်တန့်သွားနိုင်တယ်ဆိုတဲ့ သဘောပါပဲ။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ကျူးကျော်မှုက အရေးနိမ့်သွားမယ် ဆိုရင်လည်း ယူကရိန်းရဲ့ ဒီမိုကရေစီ အစိုးရဟာ ရက်စက် ကြမ်းကြုတ်လွန်းတဲ့ မြန်မာ စစ်အာဏာရှင်တွေအတွက် လက်နက် ရောင်းချပေးနေတယ်ဆိုတဲ့ ပုံရိပ်မျိုးကို လိုလားတော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် စစ်ပွဲ ကာလအတွင်း ယူကရိန်းအတွက် အထောက်အပံ့တွေ၊ စာနာမှုတွေဟာ အနောက်နိုင်ငံတွေဆီက ရရှိနေတာ ဖြစ်တဲ့အတွက် အာဏာသိမ်း မြန်မာစစ်တပ်နဲ့ အဆက်အဆံလုပ်ဖို့ တွန့်ဆုတ်သွားပါလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ မြန်မာစစ်ကောင်စီက အနာဂတ်မှာ ရုရှားနဲ့ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက်လည်း အကြီးအကျယ် အဟန့်အတား ကြုံလာနိုင်ပါတယ်။ စစ်လက်နက်တွေ ဝယ်ယူတဲ့အခါ ရုရှားဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေပေးချေရလေ့ ရှိပေမယ့် အခုဆိုရင် အဲဒီဘဏ်တွေဟာ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် အကြီးအကျယ် အကျပ်တွေ့နေကြပါပြီ။

မတ်လ ၂ ရက်တုန်းက ရုရှားရဲ့ အထင်ကရ ဘဏ်ကြီး ၇ ခုဟာ နိုင်ငံတကာ ငွေကြေး လွှဲပြောင်းချိတ်ဆက်မှု စနစ်ဖြစ်တဲ့ SWIFTကနေ ဖယ်ရှား ခံလိုက်ရပါတယ်။ စွမ်းအင် ကဏ္ဍအတွက် ငွေပေးချေမှု လုပ်ရုံလောက်သာ လမ်းကြောင်းတစ်ခု ချန်ပေးပြီး ကျန်တဲ့ ရုရှားဘဏ်တွေကို SWIFTရဲ့ ကွန်ရက်ထဲကနေ အနောက်နိုင်ငံတွေက ဖယ်ရှားပစ်လိုက်တာ ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မတ်လ ၁ ရက်က ကုလသမဂ္ဂမှာ သဘောထားယူ မဲခွဲ ဆုံးဖြတ်တဲ့အခါ အဖွဲ့ဝင် ၁၉၃ နိုင်ငံထဲမှာ ၁၄၁ နိုင်ငံက ရုရှားကို ရှုတ်ချခဲ့ကြပါတယ်။ မဲမပေးဘဲ ကြားနေတဲ့နိုင်ငံ ၃၅ ခု ရှိခဲ့ပြီး ဘီလားရုစ်၊ မြောက်ကိုရီးယား၊ အီရီထရီးယားနဲ့ ဆီးယီးယားတို့ကသာ ရုရှားနဲ့အတူ ကုလသမဂ္ဂရဲ့ ရှုတ်ချမှု အဆိုကို ကန့်ကွက်ခဲ့ကြပါတယ်။

မြန်မာကလည်း ဒီကိစ္စမှာ ပါဝင် မဲပေးခဲ့ပေမယ့် ဒါကလည်း အာဏာသိမ်းချိန် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရ လက်ထက် ကတည်းက ခန့်အပ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်ပြီး အသိအမှတ် ပြုထားတာကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်တပ် ကိုယ်တိုင်ကတော့ သူတို့ရဲ့ မဟာမိတ်ဖြစ်ပြီး အကျိုးစီးပွားအတွက် ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိနေတဲ့ ရုရှား အစိုးရဖက်က ပြောင်ပြောင်တင်းတင်း ရပ်တည်ပြီး ကျူးကျော်စစ်ပွဲကို အားပေး ထောက်ခံနေပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က ပြည်တွင်းမှာ ထုတ်ဝေတဲ့ မြန်မာ့အလင်း သတင်းစာမှာ မြင့်မြတ်ဆိုတဲ့ ကလောင်နာမည်နဲ့ ရေးသားပြီး “မကျေညက်တဲ့ အတိတ်သမိုင်းနဲ့အတူ ယူကရိန်းကပေးတဲ့ သင်ခန်းစာ”ဆိုတဲ့ အမြင်ဆောင်းပါး တစ်ပုဒ်ကို နှစ်မျက်နှာလောက် ရှည်ရှည်လျားလျား ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အာဘော်သက်သက်ဖြစ်တဲ့ သတင်းစာဟာ ရုရှားရဲ့ ကျူးကျော်စစ် အစပြုပြီး ၃ ရက်အကြာမှာ ဒီဆောင်းပါးကို ပုံနှိပ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဆောင်းပါးရဲ့ အာဘော်ထဲမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဆိုတာ အနောက်အုပ်စုရဲ့ ရုပ်သေးသက်သက်လို့ ပုံဖော်ထားပြီး ရုရှား အာဏာရှင် သမ္မတ ဗလာဒီမာ ပူတင်ကိုတော့ အမြော်အမြင် ကြီးမားတဲ့ ခေါင်းဆောင် တစ်ယောက်လို့ လော်ဘီလုပ် ရေးသားထားပါတယ်။ ဆောင်းပါးထဲမှာ ပူတင်ဆိုတာ အမြင်ကျယ်ပြီး နိုင်ငံရဲ့ စစ်ရေးနဲ့ စီးပွားရေး အင်အားကို တိတ်တိတ်ဆိတ်ဆိတ် မြှင့်တင် တည်ဆောက်ခဲ့တဲ့ ခေါင်းဆောင် တစ်ဦးလို့ ညွှန်းဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဇော်မင်းထွန်းက VoA သတင်းဌာနနဲ့ အင်တာဗျူးမှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့ပြီး ၂ ရက်အကြာမှာ ဒီဆောင်းပါးကို မြန်မာ့အလင်းက ဖော်ပြလာတာ ဖြစ်ပါတယ်။ ဇော်မင်းထွန်းက ပထမ အချက်အနေနဲ့ ရုရှားဟာ အချုပ်အခြာ အာဏာ လုံခြုံ တည်မြဲရေးအတွက်၊ ဒုတိယ အချက်အနေနဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတစ်ခုဆိုတာ သက်သေပြဖို့အတွက် ယူကရိန်းကို တိုက်ခိုက်ခဲ့တာလို့ ပြောသွားပါတယ်။

ဇော်မင်းထွန်း ပြောခဲ့တဲ့ အချက်တစ်ချက်ကို ရုရှားကလည်း သူတို့နိုင်ငံမှာ စစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်အဖြစ် ဝါဒဖြန့်ခဲ့ပြီး နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ ယူကရိန်းကို ကျူးကျော်ခဲ့ရတာလို့ ထုတ်ပြန်ထားပါတယ်။ နေပြည်တော်မှာ ရှိနေတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ မဟာဗျူဟာ ရှုထောင့်အရလည်း ရုရှားဖက်ကပဲ ရပ်တည်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာစစ်တပ်အတွက် ရုရှားက စစ်လက်နက်တွေ တင်သွင်းမှုဟာ တရိပ်ရိပ် မြင့်တက်လာပါတယ်။ မြန်မာ စစ်တပ်ဟာ စစ်လက်နက် တင်သွင်းမှုမှာ အရင်က တရုတ်အပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ အခြေအနေကို လျှော့ချဖို့အတွက် ရုရှားဆီက လက်နက်တွေကို ပိုဝယ်ယူလာတာပါ။ မြန်မာ စစ်တပ်ထဲမှာကို တရုတ်ဆီက လက်နက်တွေ အများကြီး ဝယ်နေရတာဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း ရှုမြင်တဲ့ အရာရှိကြီးတွေ အများအပြား ရှိနေပါတယ်။

ရုရှားဟာ မြန်မာ စစ်တပ်အတွက် MiG-29 တိုက်လေယာဉ်တွေ၊ Mi-35 Hind တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေနဲ့ Yak-130 အမျိုးအစား လေကြောင်းပစ်ကူ တိုက်လေယာဉ်တွေ၊ အပေါ့စား သံချပ်ကာယာဉ်တွေ ထောက်ပံ့ပေးနေပါတယ်။ ရုရှားဆီက ရရှိတဲ့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို မကြာသေးခင်က တော်လှန်ရေး အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်ဆီက တွင်တွင်ကျယ်ကျယ် အသုံးပြုပြီး လူနေ ဧရိယာတွေကိုပါ ဗုံးကြဲခဲ့ပါတယ်။

မြန်မာ စစ်တပ် အရာရှိတွေ၊ စစ်တပ်နဲ့ ဆက်နွှယ်မှုရှိတဲ့ ပညာရှင်တွေ စုစုပေါင်း ၇၀၀၀ ကျော်လောက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ ရုရှားကို ပညာတော်သင်တွေ သွားရောက်ခဲ့ပြီးပါပြီ။ သူတို့ဟာ အွမ်းစ်ခ် သံချပ်ကာယာဉ် အင်ဂျင်နီယာဌာန၊ မော်စကို မြို့တော်က လေတပ် အင်ဂျင်နီယာ အကယ်ဒမီ၊ နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် ကွပ်ကဲရေး အကယ်ဒမီနဲ့ ကာဇန် စစ်ရေး စီမံခန့်ခွဲမှု အကယ်ဒမီလို နေရာတွေဆီ ရောက်ရှိခဲ့ကြပါတယ်။

တချို့ကလည်း ရုရှား လေတပ်မှာ သင်တန်းသားတွေ အနေနဲ့ တာဝန် ထမ်းဆောင်ပြီး အခုအခါ မြန်မာစစ်တပ်ရဲ့ လက်နက်တိုက်ထဲ ရောက်လာတဲ့ ရုရှားလုပ် စစ်လက်နက်တွေကို အကျွမ်းတဝင် ဖြစ်လာအောင် သင်ယူ လေ့လာခဲ့ကြပြန်တယ်။

ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းလ် ငြိမ်းချမ်းရေး ဌာနက ၂၀၁၉ ခုနှစ် မတိုင်ခင် ဆယ်စုနှစ် တစ်ခုအတွင်း မြန်မာ စစ်တပ်ဟာ ရုရှားဆီက စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ အမေရိကန်ဒေါ်လာ ၈၀၉ သန်းဖိုးလောက် ဝယ်ယူခဲ့ကြောင်း ဖော်ပြထားပါတယ်။ ရုရှား စစ်လက်နက်တွေ ဝယ်ယူမှုဟာ နောက်ပိုင်းနှစ်တွေမှာ ပိုတောင် များပြားလာပါသေးတယ်။ သုတေသန ပြုထားတဲ့ စာရင်းဇယားတွေအရ စစ်တပ်ဟာ တခြားနိုင်ငံတွေဆီကလည်း စစ်လက်နက် ဒေါ်လာ ၁.၅ ဘီလီယံဖိုးလောက် အားဖြည့် ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ အများစုကတော့ တရုတ်ဆီက ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာစစ်တပ်က အာဏာမသိမ်းခင် ရုရှား ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂျီ ရွှိုင်ဂူက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါသေးတယ်။ ရုရှားလုပ် ရေဒါစနစ်နဲ့ ဆက်စပ် ပစ္စည်းတွေ၊ Pantsir-S1 မြေပြင်က ဝေဟင်ပစ် ဒုံးကျည်တွေ၊ Orlan-10E အမျိုးအစား ထောက်လှမ်းရေး ဒရုန်းတွေ ရောင်းချရေး ကိစ္စကို တရားဝင် အပြီးသတ်နိုင်ဖို့ပါ။

အာဏာသိမ်းပြီး မကြာခင် မတ်လ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကိုလည်း ရုရှားရဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒား ဖိုမင်က တက်ရောက်ခဲ့ပါသေးတယ်။ ဒီအခြေအနေတွေက နှစ်နိုင်ငံ စစ်တပ်တွေကြား ဆက်ဆံရေးဟာ အာဏာသိမ်းမှု အပြီးမှာ အားပျော့မသွားဘဲ ပိုတောင် ခိုင်မာလာသေးတယ်ဆိုတာ ညွှန်ပြနေပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မော်စကိုမြို့ကို ကိုယ်တိုင် သွားရောက်ခဲ့ပြီး ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စစ်တက္ကသိုလ်က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။

ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ၊ ဖိနှိပ်မှုတွေမှာ မင်းအောင်လှိုင် ပါဝင်ပတ်သက်ခဲ့မှုနဲ့ ဒီမိုကရေစီ အစိုးရကို အင်အားသုံး ဖြုတ်ချခဲ့တဲ့ လုပ်ရပ်အပေါ် အနောက်နိုင်ငံ အများစုနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြစ်တင် ရှုတ်ချနေချိန်မျိုးမှာ ရုရှားက ဒီလို ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ရုရှားအာဏာပိုင်တွေက မင်းအောင်လှိုင်ကို လိုလိုလားလား ရှိခဲ့ကြတာ ကြာပါပြီ။ ၂၀၁၃ ခုနှစ်၊ ဇွန်လတုန်းက ရွှိုင်ဂူရဲ့ ဖိတ်ကြားချက်အရ သူဟာ မော်စကို မြို့တော်ဆီ သွားရောက်ပြီး လက်နက် အရောင်းအဝယ် ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာအစိုးရ သတင်းဌာနတွေက နှစ်နိုင်ငံ အရေးကိစ္စတွေ ဆွေးနွေးတယ် ဆိုတာမျိုး သုံးနှုန်း ဖော်ပြခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်၊ ဇွန်လမှာလည်း မင်းအောင်လှိုင်က ရုရှားကို ထပ်သွားခဲ့ပြန်ပြီး ရုရှားနဲ့ မြန်မာတို့ကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်တစ်ရပ် လက်မှတ် ရေးထိုးခဲ့ကြောင်း ရုရှား အစိုးရ သတင်းဌာနဖြစ်တဲ့ Tassက ဖော်ပြခဲ့ပါတယ်။ Tassရဲ့ အာဘော်အရ ဒီစာချုပ်ဟာ မြန်မာနဲ့ ရုရှားတို့ကြား စစ်ရေးစွမ်းရည် အသင့်အနေအထား ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို အမြင့်ဆုံးအဆင့် ရောက်ရှိအောင် လမ်းကြောင်းဖော်ပေးခဲ့တယ်လို့ ဖော်ညွှန်းထားပါတယ်။

ရုရှားလိုပဲ ယူကရိန်းကလည်း မြန်မာစစ်တပ်ကို လက်နက် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမဲ့ ရုရှားလောက်တော့ အလုံးအရင်းနဲ့ ပမာဏ များများစားစား တင်ပို့နေတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂက ဦးစီးတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ အချက်အလက် ရှာဖွေရေး မစ်ရှင်မှာ ဖော်ပြထားမှုအရ ၂၀၁၅ ခုနှစ်ကစလို့ ယူကရိန်းဟာ မြန်မာစစ်တပ်ဆီ BTR-4 သံချပ်ကာယာဉ်တွေ၊ MMT-40 အပေါ့စား တင့်ကားတွေနဲ့ 2SIU ဟောင်ဝစ်ဇာ အမြောက်တွေ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းနဲ့ ပူးပေါင်းပြီး စစ်လက်နက်တွေ ထုတ်လုပ်ဖို့လည်း ယူကရိန်းဖက်က စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ယူကရိန်းမှာ ထုတ်လုပ်တဲ့ BTR-4 သံချပ်ကာ ယာဉ်တွေကို အာဏာ မသိမ်းခင် ရက်ပိုင်းအလိုကရော၊ အာဏာသိမ်းပြီး နောက်ပိုင်းမှာပါ ရန်ကုန်က လမ်းတွေပေါ် တွေ့မြင်ခဲ့ရပါတယ်။ အဲဒီ သံချပ်ကာယာဉ်တွေကို ယူကရိန်း အစိုးရပိုင် ယူကရိုဘိုရွန်ပရွမ်နဲ့ ယူကရက်စ်အိတ်စ်ပေါ့တ်တို့က အဓိက ထုတ်လုပ်ပေးနေတာပါ။ ဒီကုမ္ပဏီတွေဟာ ယူကရိန်းရဲ့ စစ်လက်နက်တွေ ထုတ်လုပ်ရာ အဓိက လုပ်ငန်းစုကြီး နှစ်ခုလည်း ဖြစ်ပါတယ်။

ဂျာမန် နိုင်ငံတကာ ရုပ်မြင်သံကြား ဌာန Deutsche Welleက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ စစ်အာဏာသိမ်းမှုအပြီး မြန်မာ စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ အစီအစဉ် ရှိမရှိ မေးတဲ့အခါ ယူကရိုဘိုရွန်ပရွမ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက သူတို့ဟာ စစ်အသုံးအဆောင် ပစ္စည်းတွေကို ယူကရိန်းရဲ့ ဥပဒေတွေ၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ တင်ပို့နေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ဟာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ အချိန်ထိ အကျုံးဝင်နေဆဲလို့ သူက ပြောပါတယ်။

ဒီအင်တာဗျူးရဲ့ အကြောင်းအရာတွေကို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ ထူထောင်ထားတဲ့ Justice for Myanmar ဝက်ဘ်ဆိုက်က ကောက်နုတ် ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်မှာ Justice for Myanmarက မြန်မာ စစ်တပ်အတွက် လက်နက် ထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေ အားလုံးဟာ ချက်ချင်း အရေးယူ ပိတ်ဆို့မှု ခံရသင့်ပြီး နိုင်ငံတကာ ငွေကြေးစနစ်မှာလည်း ပါဝင်ခွင့် တားမြစ် ခံရသင့်ကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အရေးယူ ပိတ်ဆို့မှုမျိုးဟာ အခုအခါ ရုရှားမှာ တကယ် ကြုံတွေ့နေရပါပြီ။ အဓိပ္ပါယ်ကတော့ ရုရှားနဲ့ သွားပြီး ရောရောယှက်ယှက် လုပ်မိတဲ့ နိုင်ငံတွေဟာ အနောက်နိုင်ငံတွေရဲ့ နောက်ဆက်တွဲ အရေးယူ ပိတ်ဆို့မှုတွေကို ဖိတ်ခေါ်သလို ဖြစ်လာနိုင်ပါတယ်။ မြန်မာစစ်တပ် အနေနဲ့လည်း ရုရှားဆီ ပညာတော်သင်တွေ စေလွှတ်ရေးအတွက် ဘယ်လို ငွေပေးချေမလဲဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ ပိုအရေးကြီးတဲ့ ကိစ္စက ရုရှားလုပ် စစ်လက်နက်တွေနဲ့ အပိုပစ္စည်းတွေ၊ ခဲယမ်းမီးကျောက်တွေကို ဝယ်ယူရင် ဘယ်လို ငွေချေမလဲ ဆိုတာပါပဲ။

မြန်မာ စစ်တပ်အတွက် ရုရှား ရဟတ်ယာဉ်တွေကို ဆက်ပြီး သုံးစွဲနေဖို့ တော်တော်အရေးကြီးပါတယ်။ ဒီရဟတ်ယာဉ်တွေကို ကချင်နဲ့ ကရင်ပြည်နယ်တို့လို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အင်အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ဆင်ရေး ဆင်နွှဲဖို့ မြန်မာစစ်တပ်က တွင်တွင်ကျယ်ကျယ် အသုံးပြုနေပါတယ်။ ဒါ့အပြင် ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်း ဒေသတွေက အရပ်သား ဧရိယာတွေကို ဗုံးကြဲရာမှာလည်း ဒီရဟတ်ယာဉ်တွေကို အာဏာသိမ်း စစ်ကောင်စီက အားကိုးနေရတာပါ။

အခုတော့ ပူတင်နဲ့ မင်းအောင်လှိုင်တို့ဟာ နိုင်ငံတကာ အသိုက်အဝန်းက စက်စက်ဆုပ်ဆုပ်နဲ့ ဝိုင်းပယ်ထားကြတဲ့ တစ်ကိုင်းတည်းနားတဲ့ ငှက်တွေလို ဖြစ်နေပါပြီ။ မြင့်မြတ်လို ကလောင်ပုန်းတွေ ဘာပဲရေးရေး၊ ဇော်မင်းထွန်းလို လူစားတွေ ဘာပဲပြောပြော လတ်တလော အနေအထားမှာတော့ ရုရှားဆီကရော၊ ယူကရိန်းဆီကပါ လက်နက်တွေ၊ စစ်အသုံးအဆောင်တွေ မြန်မာစစ်တပ်က လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ရနေတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပြီဆိုတာ သေချာပါတယ်။

(Asia Timesတွင် Bertil Lintner ရေးသားထားသည့် Russia’s war means fewer arms for Myanmar ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။