Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အောင်မြင်မှုတွေက ဆက်တိုက်ဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ဒီဘက်မှာ အောင်မြင်မှု ဖြစ်လာမယ်”

တိုက်ပွဲဝင်ခဲ့မှု အတွေ့အကြုံများ၊ လက်ရှိ စစ်ရေးအခြေအနေ သုံးသပ်ချက်များ စသည်တို့ကို SOF တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ဖြစ်သူ ကိုအောင်စံရှားအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

"အောင်မြင်မှုတွေက ဆက်တိုက်ဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ဒီဘက်မှာ အောင်မြင်မှု ဖြစ်လာမယ်"
"အောင်မြင်မှုတွေက ဆက်တိုက်ဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ဒီဘက်မှာ အောင်မြင်မှု ဖြစ်လာမယ်"

▪︎တောင်ပိုင်းစစ်ဒေသ ၊ S.O. F အထူးတပ်ဖွဲ့ ရဲ့ တပ်ဖွဲ့မှုး ကိုအောင်စံရှားနဲ့မေးမြန်းခန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြန်မာ-ထိုင်းနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းသိမ်းပိုက်မှုစစ်ဆင်ရေးများ၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှု ဆိုင်ရာများ အပါအဝင် SOF စုဖွဲ့မှု၊ စတင်ဖွဲ့စည်းချိန်မှာလက်ရှိအထိ ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများ၊ တိုင်းရင်းသားတပ်များနှင့် အတူ တိုက်ပွဲဝင်ခဲ့မှု အတွေ့အကြုံများ၊ လက်ရှိ စစ်ရေးအခြေအနေ သုံးသပ်ချက်များ စသည်တို့ကို SOF တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ဖြစ်သူ ကိုအောင်စံရှားအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

ဟန်နွေ/People’s Spring

မေး။SOF တပ်ဖွဲ့ဖြစ်ပေါ်လာပုံအကြောင်း အကျဉ်း ရှင်းပြပေးပါလား။

ဖြေ။ကျနော်တို့ SOF တပ်ဖွဲ့ကိုကတော့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ရက် အဲဒီနေ့မှာ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးကနေပြီးတော့ အတည်ပြုသတ်မှတ်ပေးပြီးတော့ တပ်ရင်း စတင်ဖွဲ့စည်းဖြစ်တာပေါ့။ ပထမဆုံး တောင်ပိုင်းစစ်ဒေသမှာ MOD(ကာကွယ်ရေးဝန်ကြီးဌာန)ကပေးတဲ့ အပတ်စဉ်(၁) အဲဒီ အပတ်စဉ် (၁)က ကွန်မန်ဒိုတွေနဲ့ စနိုက်ပါတွေနဲ့အားလုံး အယောက် ၅၅ယောက်ကို အခြေတည်ပြီးတော့ အပတ်စဉ် (၂)မှာ ရှိတဲ့ ချေမှုန်းရေးသမားတွေနဲ့ အားလုံး ပြန်စုစည်းပြီးအထူးစစ်ဆင်ရေး သင်တန်းဆိုပြီး ပြန်လုပ်တယ်။ လုပ်ပြီးတော့မှ ပထမဆုံး သင်တန်းဆင်းဆင်းခြင်းပဲ ရဲဘော် အင်အား ၁၇၀နဲ့ တပ်ရင်းစဖွဲ့တာပေါ့။ အဲဒီမှာ တပ်ရင်း စဖွဲ့ကာစက ကျနော့်ကို တပ်ရင်းမှူးအဖြစ် တာဝန်ပေးခြင်းခံရတယ်။ အဲဒီတုန်းကတော့ SOF တပ်ဖွဲ့မှာ တပ်ဖွဲ့တာဝန်ခံဆိုပြီးတစ်ယောက်ရှိတယ်။ နောက်တော့ အဲဒီတာဝန်ခံက အခြားလေ့ကျင့်ရေးပိုင်းမှာ တာဝန်ယူပြီးတော့ တပ်ဖွဲ့ရဲ့ တာဝန်ခံအဖြစ်ရော တပ်ရင်းမှူးအဖြစ်ရော ကျနော့်အနေနဲ့ စပြီးတာဝန်ပေးခြင်းခံရတယ်။ စပြီးတော့ဆောင်ရွက်ခဲ့တယ်။ အရင်ဆုံး KNU ရဲ့ တပ်ရင်း(၁၈)နယ်မြေထဲမှာ စတင်လေ့ကျင့်ရေးလုပ်တယ်။ပြီးတော့တပ်ရင်းစဖွဲ့တာတော့ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာပဲ မွမ်းမံသင်တန်းပြီးတဲ့အခါ စပြီးဖွဲ့ဖြစ်တာပေါ့။ အဲဒီကနေ SOF တပ်ဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့တာပေါ့။ ပြောရလို့ရှိရင် MODမှာ ပထမဆုံး ဖွဲ့တဲ့ တပ်ရင်းလို့ပြောလို့ရပါတယ်။

Public Service Announcement

Public Service Announcement

မေး။SOF သင်တန်း နည်းပြတွေထဲမှာ အမေရီကန် မရိန်းတပ်သားတချို့ပါ လာသင်ပေးတဲ့အပေါ် ပြည်သူတွေအတော်စိတ်ဝင်စားကြတယ် ။ မရိန်းနည်းပြတွေ သင်တန်းပေးဖြစ်ပုဲကိုရောပြောပြပေးလို့ရမလား။

ဖြေ။ အဓိက SOF သင်တန်းကတော့ သင်တန်းအပတ်စဉ် (၁) ကနေ အခု အပတ်စဉ် (၅)အထိ ပြီးသွားပြီ။ အဲဒီ ကာလတစ်လျောက်လုံးမှာ သင်တန်းရေးရာနဲ့ပတ်သက်လို့ရှိရင် KNLAက သင်တန်းနည်းပြတွေပါတယ်။ နောက်ပြီး မရိန်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသား သင်တန်းဆရာ ဆိုတာလည်း မြန်မာနိုင်ငံသားပါပဲ။ ဒါပေမဲ့ မရိန်းတပ်ဖွဲ့တွေမှာ တရားဝင် ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိမှာ မြန်မာနိုင်ငံသား ဖြစ်နေပြီဖြစ်တဲ့ သင်တန်းနည်းပြတွေ အနေနဲ့ တောက်လျှောက် ကျနော်တို့ သင်တန်းတွေမှာ ကူညီဆောင်ရွက်ပေးနေတာ။ ၂၀၂၁ ကနေ ဒီနေ့ဒီအချိန်ထိ ပေါ့ အဲဒီ မရိန်းတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ မြန်မာနိုင်ငံသား သင်တန်းဆရာနည်းပြတွေ မြန်မာလူမျိုးတွေလည်း ပါသလို ချင်းလူမျိုးတွေလည်း ပါတယ် ကျနော်တို့ တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သင်တန်းရေးရာမှာ အဓိက အထူးစစ်ဆင်ရေးသင်တန်းတွေ မြို့ပြ စစ်ဆင်ရေးသင်တန်းတွေကို အဓိက ဦးစားပေးပြီး သင်ကြားပေးနေတာပေါ့။

မေး။SOF ရဲ့ ကွန်မန်ဒို သင်တန်းတွေပြီးသွားရင် သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်ရှိလဲ ။ SOF နဲ့ ပူးပေါင်းချင်တဲ့ လူငယ်တွေကို ဘာပြောချင်လဲ ။

ဖြေ။ SOFသင်တန်းကျတော့ အဓိက မြို့ပြ စစ်ဆင်ရေး၊ မြို့တွင်း စစ်ဆင်ရေးပေါ့ အဲဒါ တွေ ရော နောက်ပြီး ကျေးလက်စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေရော အားလုံးကိုခြုံံပြီးတော့ ပေးတာပေါ့။ နောက်ပြီးတော့ Physical training ပတ်သက်ပြီးတော့ ကျနော်တို့ ပေးတယ်။ ပြီးလို့ရှိရင် ဘာသာရပ်တစ်ခုချင်းစီပေါ့ စနိုက်ပါသင်တန်း၊လက်နက်ကြီး သင်တန်း၊ နောက် ဒရုန်းသင်တန်းပေါ့နော် နောက် ဆေးသင်တန်း အဲဒီလို သင်တန်းတွေကိုလည်း မွမ်းမံသင်တန်းအနေနဲ့ ဆက်တိုက်ကျနော်တို့ လုပ်ပေးနေတာပေါ့နော်။ SOF အထူးစစ်ဆင်ရေးသင်တန်းမှာပဲ ကျေးလက်စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ အခြေခံသင်တန်းတစ်ဖြတ်ရှိမယ် ပြီးလို့ရှိရင် အထူးစစ်ဆင်ရေးနဲ့ပတ်သက်ပြီး မြို့တွင်းစစ်ဆင်ရေး၊ မြို့သိမ်းစစ်ဆင်ရေးအတွက် ရည်ရွယ်ပြီးပေးတဲ့ အထူးလေ့ကျင့်ရေး သင်တန်းတွေရှိတယ်။ နောက် Physical training သီးသန့်လုပ်တာရှိတယ်။ စောန ပြောသလို ဘာသာရပ်တစ်ခုချင်းစီအလိုက်ကို မွမ်းမံ စနစ်တကျ ပေးတာရှိတယ်။ သင်တန်းဆိုတဲ့ သဘောကတော့ သင်တန်းမှာ များများလေ့ကျင့်တယ် သင်တန်းမှာ ကျည်တစ်ရာ ရှိရင် သင်တန်းမှာပဲ ၈၀ သုံးတယ်။ ကျန်တဲ့ ကျည် ၂၀ကိုက တကယ့် တိုက်ခိုက်ရေးမှာထိထိရောက်ရောက်နဲ့သုံးတယ်ပေါ့နော်။ လေ့ကျင့်ရေးက အရေးကြီးတယ်။ သေသေချာချာ စနစ်တကျနဲ့ နည်းမှန်လမ်းမှန်နဲ့ လေ့ကျင့်နိုင်ဖို့ လိုတယ်။ အဲဒီလို လေ့ကျင့်နိုင်မှ တကယ် စစ်ဆင်ရေးလုပ်တဲ့အခါ မှာ ကျည်တစ်တောင့်ဆိုတစ်တောင့် ထိရောက်တယ်။ သို့မဟုတ်ဘဲ လေ့ကျင့်ရေးမှာ ဖြစ်သလို သင်တန်းပြီးသွားလို့ရှိရင် အဲဒီ ရဲဘော်တစ်ယောက်ရဲ့ စွမ်းရည်မပြည့်၀ မှုက တိုက်ပွဲအတွင်းမှာ ကျည်၊ ခဲယမ်း အသုံးပြုမှုတွေလည်းများသလို ပြီးလို့ရှိရင် ရဲဘော်တွေကို သေတွင်းထဲကို ပို့သလိုဖြစ်တယ်။ စစ်ဆင်ရေးနဲ့ သင်တန်းလေ့ကျင့်ရေးမှာ မကောင်းတဲ့အခါ သူတို့ရဲ့ အသက်အန္တရာယ်က အစ ထိခိုက်နိုင်ခြေ အများကြီးရှိတယ်။ ဒါကြောင့် SOF သင်တန်းကို အခြား PDF သင်တန်းတွေ ထက်အချိန်ပိုယူတယ်။ ပိုပြီးတော့ အပင်ပန်းခံတယ်။ ပိုပြီးတော့ လေ့ကျင့်ခိုင်းတယ် ပိုပြီးတော့ ဘတ်ဂျက်ငွေကိုလည်း ပိုပြီးတော့ များများသုံးတယ်။ အဲဒီတော့ စစ်ဆင်ရေးလုပ်တဲ့အခါ EAO အဖွဲ့တွေနဲ့ပဲ ပေါင်းပေါင်း အခြား PDF အဖွဲ့တွေနဲ့ပဲ ပေါင်းပေါင်း ဘယ်အဖွဲ့နဲ့ ပေါင်းပြီး စစ်ဆင်ရေး လုပ်လုပ် စစ်ဆင်ရေးဘက်မှာ အားသာချက်ရှိတယ်ပေါ့နော်။ လုံး၀ အတွေ့အကြုံမရှိဘူးဆိုရင်တောင် SOF သင်တန်းဆင်းပြီးသား လူတစ်ယောက်က တော့ မြို့ပြ စစ်ဆင်ရေးရော ကျေးလက်စစ်ဆင်ရေးရော စခန်းသိမ်းတိုက်ပွဲတွေကိုရော မြို့သိမ်းတိုက်ပွဲတွေရော အားလုံးဆောင်ရွက်နိုင်တဲ့ အခြေအနေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရတယ်ပေါ့နော်။ အဓိကတော့ ရဲဘော်တစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့လိုတယ်။ စွမ်းရည်ရှိဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲပြီးတော့ စွမ်းရည်မရှိရင်လည်း ကိုယ်ကိုယ်ကိုယ် သတ်တာနဲ့အတူတူပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်းရှိရမယ် ပြီးတော့ တိုက်ရည်ခိုက်ရည် စွမ်းရည်ပိုင်းမှာလည်းအားသာရမယ်။နောက်ပြီးတော့ ကျန်းမာရေး ပေါ့နော် ရုပ်ပိုင်း စိတ်ဓာတ်ရေးရာ ပိုင်းရော လုံး၀ အားကောင်းတဲ့ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် ကျနော်တို့လေ့ကျင့်တာပေါ့နော်။

မေး။SOF ဖွဲ့စည်းမှု အပြီး ဘယ်အချိန်မှာ စတင်ပြီး စစ်ဆင်ရေးဆောင်ရွက်ခဲ့ပါသလဲ။ တိုက်ပွဲဝင်ခဲ့တဲ့ နေရာဒေသနဲ့တိုက်ပွဲတွေအကြောင်း ပြန်ပြောပြပေးပါလား။ SOFကို လက်နက်တပ်ဆင်မှု အပါအဝင် တပ်ဖွဲ့အတွက် လိုအပ်ချက်တွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပါသလဲ။

ဖြေ။ ။ ကျနော်တို့ စစ်ဆင်ရေးစပြီးတော့ ဆောင်ရွက်ခဲ့တာက ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ရက်နေ့ပေါ့။ ပြည်သူ့ခုခံတွန်းလှန်စစ်စပြီဆိုပြီးတော့ ကျနော်တို့ရဲ့ ယာယီသမ္မတကြီး ကြေညာချက်နဲ့အတူ တပြိုင်တည်း စခဲ့တာ။ တပ်ဖွဲ့စဖွဲ့တာက ဇူလိုင် ၂၁ရက်မှာ လွတ်မြောက်နယ်မြေဘက်မှာ စုဖွဲ့မှုလုပ်တယ်။ ပြီးတာနဲ့ ဩဂုတ်လအတွင်းမှာ ရန်ကုန်ရယ်၊ ဧရာ၀တီရယ် မွန်ပြည်နယ် အဲဒီဒေသတွေကို ကျနော်တို့ အဓိက ထားပြီး တပ်ရင်းတစ်ရင်းလုံး မြို့ပြကို တာဝန်ပေးခြင်းခံရတယ်။ မြို့ပြစစ်ဆင်ရေးကို စခဲ့တာပေါ့။ အရင်ဆုံး တိုက်ပွဲတွေဆိုရင် မြို့ပြတိုက်ပွဲတွေ ပိုများပါတယ်။ ကျနော်တို့ ရန်ကုန်မှာဆိုရင် ပထမဆုံး သေနတ်သံ စဖောက်တဲ့ စစ်ဆင်ရေးလို့ ပြောလို့ရတဲ့ လှိုင်သာယာ ဘုရားလမ်းမီးပွိုင့်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကို ကျနော်တို့ စတင်ပစ်ခတ်တိုက်ခိုက်တာပေါ့။ အဲဒီမှာ စစ်ကောင်စီတပ်သား ၄ဦးနေရာတင် ကျဆုံးသွားတယ်။ နောက် လှိုင်သာယာ ထန်းတပင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အဲဒါတွေကို တိုက်ခိုက်ချေမှုန်းတာလုပ်ခဲ့တယ်။ နောက် ဗားကရာစစ်ဆင်ရေးပေါ့။ ဗားကရာ မစ်ရှင်ဆိုရင်လည်း ဗားကရာမှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေတဲ့ ဂိတ်ကို စစ်ဆင်ရေးလုပ်တယ်။ အလားတူ စမ်းချောင်း ၊ ဗိုလ်တထောင် အဲဒီမှာရှိတဲ့ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေး တွေလည်း ကျနော်တို့ လုပ်ခဲ့တယ်။ ဒါက ပျံလွှားအောင်စစ်ဆင်ရေးအနေနဲ့ MOD ရဲ့ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေး စစ်ဆင်ရေးမှူး ၊တောင်ပိုင်းတိုင်း စစ်ဆင်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ ကျနော်တို့ အစီအစဉ်အတိုင်းလုပ်ခဲ့တာပေါ့။ နောက် နန်းထိုက်အောင်စစ်ဆင်ရေးဆိုပြီး ပြန်စတယ်။ စတဲ့အချိန်မှာလည်း ကျနော်တို့ နန်းထိုက်အောင် စစ်ဆင်ရေးဆိုပြီး အင်းစိန်အကျဉ်းထောင်မှာရှိတဲ့ အရာရှိလိုင်းခန်းတွေကို ၆၀မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ မစ်ရှင်တွေလုပ်တယ်။ နောက်ပြီးတော့ ဗဟန်းအရာရှိ ရိပ်သာဂိတ်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ပေါ့နော် သူတို့ကို ဝင်ရောက်တိုက်ခိုက်တာတွေလုပ်တယ်။ နောက် မြောက်ဒဂုံမှာရှိတဲ့ ရဲရိက္ခာထောက်ပံ့ရေးရုံးဂိတ်ပေါ့အဲဒီမှာလည်း ကျနော်တို့ ကားနဲ့ ဝင်ပစ်တဲ့ စစ်ဆင်ရေးလုပ်တယ်။ စစ်ဆင်ရေးလုပ်တိုင်း အလစ်အငိုက် ရန်သူကို ကျနော်တို့ စစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ လုပ်တိုင်း ကျနော်တို့ အောင်မြင်တယ်။ စစ်ကောင်စီတပ်သားတွေရော ရဲတွေရော ပွဲတိုင်း ပွဲတိုင်းမှာ ၅ယောက်၊ ၆ယောက်၊ ၄ယောက် အဲဒီလိုမျိုး နေရာတင်မှာပဲ ချေမှုန်းလိုက်နိုင်တယ်။ ဒါပေမဲ့ လက်နက်ကောက်တာတော့ အဲဒီမှာ မရှိဘူးပေါ့။

နောက်ပြီးတော့ မြို့ပြစစ်ဆင်ရေးမှာပဲ ဧရာ၀တီတိုင်းမှာဆိုရင် စကစခန့်တဲ့ ဝန်ကြီးချုပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ကြားဖြတ်တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေလုပ်နိုင်ခဲ့တယ်။ ရန်ကုန်မှာဆိုရင်လည်း ရန်ကုန်တောင်ပိုင်းခရိုင်မှာဆိုရင် မစ်ရှင်တွေအများကြီးလုပ်နိုင်ခဲ့တယ်။ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ မစ်ရှင်တွေပဲ။ စစ်ကောင်စီ ယာဉ်တန်းတွေ ညဘက် ကင်းလှည့်တဲ့ ယာဉ်တန်းတွေပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းခွဲပြီး ဝင်ပြီးစီးနင်းတာတွေရှိတယ်။ နောက် မွန်ပြည်နယ်မှာဆိုရင် မော်လမြိုင်၊ အပေါင်၊ ဇင်းကျိုက် အဲဒီမှာ ရှိတဲ့ ရဲစခန်းတွေကို ၄၀မမ၊ ၆၀မမ ဗုံးသီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေလုပ်တယ်။ နောက်ပြီး အဲဒီမှာ အဓိက ဆိုးသွမ်းနေတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ လက်နက်နဲ့ ခြိမ်းခြောက်သောင်းကျန်းနေတဲ့ အဖွဲ့တွေ အဲဒီအဖွဲ့တွေကို စစ်ဆင်ရေးလုပ်တာရှိတယ်။ မော်လမြိုင်၊ ပေါင် ၊ ဇင်းကျိုက်ပေါ့ အဲဒီမှာ လက်နက်တွေအမြောက်အများရတယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ဝင်တွေဆီကပေါ့။ အဲဒီ စစ်ဆင်ရေးတွေလုပ်ခဲ့တယ်။ နောက်ပိုင်း ၂၀၂၁ ခုနှစ် မြို့ပြစစ်ဆင်ရေးလုပ်ပြီးတဲ့အချိန် ရဲဘော်တွေကို ပြန်စုတယ်။ စုပြီးတော့ ကျေးလက်စစ်ဆင်ရေးအနေနဲ့ တောင်းပိုင်းမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် ပေါ့ အဓိက တပ်မဟာ(၄)မှာ အရင်ဆုံး SOF စစ်ကြောင်းဆိုပြီး ပထမဆုံးစုဖွဲ့မှုလုပ်တယ်။

KNLAနဲ့ ကျနော်တို့ SOF ပူးပေါင်းပြီးတော့ပေါ့။ တပ်မဟာ(၄)မှာလည်း ကျေးလက်စစ်ဆင်ရေးတွေအများကြီးလုပ်ခဲ့တယ်။ တပ်မဟာ(၆)မှာကျတော့ ကျနော်တို့ စခန်းသိမ်းပွဲတွေ များများလုပ်နိုင်ခဲ့တယ်။ ပထမဆုံးစခန်းသိမ်းပွဲဆိုရင် ဘုရားသုံးဆူမြို့မှာရှိတဲ့ ဘုရားတောင်စခန်းသိမ်းပွဲ ကျနော်တို့ အောင်မြင်စွာလုပ်နိုင်ခဲ့တယ်။ နောက်ပြီး သံဖြူဇရပ်မှာရှိတဲ့ တောင်ကလေးရဲစခန်းပေါ့ အဲဒီစခန်းသိမ်းပွဲ ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အဲဒီတိုက်ပွဲတွေမှာဆိုရင် ကျနော်ကိုယ်တိုင်လည်း ဦးဆောင်တယ် ကျနော်ကိုယ်တိုင်လည်းတက်တယ်။ အဲဒီလိုပုံစံနဲ့ တက်ညီလက်ညီနဲ့ အောင်မြင်အောင်လုပ်နိုင်ခဲ့တယ်။ နောက်ပြီးတော့ စခန်းသိမ်းပွဲတွေ မှာ တောင်စွန်းစခန်းသိမ်းပွဲလုပ်နိုင်ခဲ့တယ်။ နောက် နယ်စပ်အထိုင်စခန်းတွေဖြစ်တဲ့ အခုအချိန်ထိဆိုရင် ကွီလုံတိုင်စခန်း၊ရေတလျောက်စခန်း၊ မဲသရောထ စခန်း အဲဒီ စခန်းသိမ်းပွဲတွေလုပ်နိုင်ခဲ့တယ်။ ပြီးတော့ နယ်မြေစိုးမိုးရေးတွေအခုထိ ဆောင်ရွက်နေနိုင်တယ်ပေါ့နော်။ နောက်ပြီး ကော့ကရိတ်မှာ ရှိတဲ့ တောင်ကြာအင်းစခန်းသိမ်းပွဲလည်းလုပ်နိုင်ခဲ့တယ်။ အဲဒီမှာဆိုရင် ကွန်မန်ဒိုအဖွဲ့တွေနဲ့ SOF အဖွဲ့တွေနဲ့ PDF ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းပြီးတောင်ကြာအင်းရဲစခန်းကို သိမ်းနိုင်ခဲ့တယ်။ ကော့ကရိတ်မြို့တွင်းစစ်ဆင်ရေးနဲ့ပတ်သက်လို့ရှိရင် ၂၀၂၃ ဒီဇင်ဘာလက စပြီးတော့ ကျနော်တို့ စစ်ဆင်ရေးလုပ်ခဲ့တာ အခုဆိုရင် ၃လခွဲ ၄လနီးပါးရှိပြီ။ကော့ကရိတ်စစ်ဆင်ရေးမှာဆိုရင်လည်း SOF တပ်ဖွဲ့ဝင်တွေ ကဏ္ဍတစ်ခု နေရာတစ်ခုမှာ တာဝန်ယူပြီးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တယ်။ မြို့တွင်း စစ်ဆင်ရေးဆိုရင် ကြာအင်းဆိပ်ကြီးပေါ့။ ကြာအင်းဆိပ်ကြီး မြို့တွင်းစစ်ဆင်ရေး ဆိုရင် သုံးကြိမ်ရှိပြီ။ အဓိက တိုက်ပွဲပြင်းထန်တာ ၂ကြိမ်။အဲဒီ နှစ်ကြိမ်လုံးမှာ ကျနော်ကိုယ်တိုင်လည်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း မြို့ထဲဝင်တယ်။ စစ်ဆင်ရေးလုပ်ခဲ့တာပေါ့။ ကြာအင်းဆိပ်ကြီးမှာကျတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အဓိက ပစ်မှတ်ထားပြီးတိုက်ခိုက်တာ။ နောက်ရဲစခန်းတွေ နောက်သူတို့ရဲ့ ဗျူဟာကုန်းတွေ ပစ်မှတ်ထား တိုက်ခိုက်တာရှိတယ်။ အဲဒီမှာလည်း ကျနော်တို့ လက်နက်အနည်းငယ်ရသလို ကျနော်တို့ ရဲဘော်တွေလည်း လက်နက်ကြီး ထိခိုက်ဒဏ်ရာရတာရှိတယ်။ နောက် ဒေသခံ ပြည်သူလူထုလည်း စစ်ကောင်စီရဲ့ လက်နက်ကြီး လေယာဉ်ဗုံးကြဲတာတွေကြောင့် ထိခိုက်သေဆုံးတာအချို့လည်းရှိတယ်။ နောက် ကော်ဘရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးလည်း ကြာအင်းဆိပ်ကြီးမှာ စစ်ဆင်ရေးတွေဆောင်ရွက်ခဲ့ရတာပေါ့။ကျေးလက်စစ်ဆင်ရေးနဲ့ပတ်သက်ရင် လက်ရှိက ဒီဘက်မှာ ရှိတဲ့ စစ်ကြောင်း တော်တော်များများနဲ့ SOF ပူးပေါင်းပြီး ဆောင်ရွက်နေတာပေါ့။ အဓိကတော့ KNLAနဲ့ PDF စစ်ကြောင်းတွေနဲ့ SOFက နေရာတော်တော်များများ လှုပ်ရှားဆောင်ရွက်ရတာရှိပါတယ်။ တပ်မဟာ(၆)ဂွင်ထဲမှာ အများဆုံးပေါ့။

မေး။SOF က KNLA ရယ် ၊အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မတ်လ ဆန်းကစပြီး ကရင်ပြည်နယ်မှာ စစ်ကောင်စီကို ထိုးစစ်ဆင်နေတာတွေ့ရပါတယ်။ ဒီစစ်ဆင်ရေးတွေနဲ့ပတ်သပ်ပြီး ပြည်သူတွေကို အသိပေးလို့ရသမျှ ပြောပေးပါလား။

ဖြေ။ ဒီမတ်လ ထဲမှာဆိုလို့ရှိရင် တောင်ပိုင်းမှာ KNLAနဲ့ ဒီဘက်က PDF ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေး ဆောင်ရွက်မှုတွေ အောင်မြင်မှုတွေအများကြီးရှိတယ်။ အဓိကတော့မြ၀တီ သင်္ဃန်းညီနောင်ဘက်မှာဆိုရင် KNLAနဲ့ နောက် ကော်ဘရာ ၊နောက် ကျားသစ်နက် အဲဒီ ပူးပေါင်း စစ်ကြောင်းတွေအနေနဲ့ အဲဒီမှာ ၃၅၅၊ ၃၅၆ နောက် သင်္ဃန်းညီနောင် ရဲစခန်း နောက် ဖလူးစခန်းပေါ့နော်။ အဲဒီ တပ်ရင်းတွေပါ သိမ်းနိုင်တဲ့ အခြေအနေ တွေ ဖြစ်လာတယ်။ အခုလည်း ဆက်ပြီးတော့ တိုက်ပွဲတွေ အကောင်အထည်ဖော်နေတယ်။ မကြာခင်မှာလည်း အဲဒီဘက်မှာ ဆက်ပြီးတော့ တပ်ရင်းတွေ ဗျူဟာတွေ ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်တိုက်ခိုက်နိုင်မှာပေါ့နော်။ ကော့ကရိတ်ဘက်မှာ ဆိုလို့ရှိရင်လည်း KNLAနဲ့ ကျားဖြူစစ်ကြောင်း၊ ဒေါန၊ နောက် SOG နောက် ရန်ကုန်တပ်ရင်း၊ ဂဠုန်၊နဂါးနီပေါ့ အဲဒီ စစ်ကြောင်းတွေ ပူးပေါင်းပြီး စစ်ဆင်ရေးတွေဆောင်ရွက်နေတာရှိတယ်။ နောက် ကြာအင်းဆိပ်ကြီးနဲ့ နယ်စပ်စခန်းတွေမှာဆိုရင်လည်း KNLAနဲ့ SOF နဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတာရှိတယ်။ ကျိုက်ဒုံဗျူဟာဆိုရင်လည်း KNLAနဲ့ SOG အဖွဲ့တွေ ပူးပေါင်းပြီး သိမ်းပိုက်လိုက်နိုင်တယ်။ ဗျူဟာမှူးပါအရှင်ဖမ်းဆီးလိုက်နိုင်တယ်ပေါ့။ နောက်ပြီးတော့ မဲသရောထ စခန်း၊ ရေတလျောက်စခန်း အဲဒီ စစ်ကောင်စီရဲ့ အဓိက ကျတဲ့ နယ်စပ်မှာ အခိုင်အမာ တပ်စွဲထားတဲ့ စခန်းတွေဆိုရင်လည်း KNLAနဲ့ SOF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်တွေလည်း သိမ်းဆည်းထားနိုင်တယ်။ စစ်သုံ့ပန်း တွေလည်းရတာရှိတယ်။ အသေလည်းရတာရှိတယ်။ စကစ ဘက်က စခန်းကိုစွန့်ခွာပြီးတော့ထိုင်းဘက်ကို အားလုံးထွက်ပြေးသွားတယ်ပေါ့နော်။ ဆိုတော့ အောင်မြင်မှုတွေက ဆက်တိုက်ဖြစ်တယ်။ ရှေ့ဆက်ပြီးလည်း ဒီဘက်မှာ အောင်မြင်မှု ဖြစ်လာမယ်။ အဓိကတော့ ဒီဘက်မှာရှိတဲ့ KNLA တပ်ရင်းတွေနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက သူ့နေရာ သူ့ကဏ္ဍနဲ့ သူ တာဝန်ခွဲပြီး စစ်ဆင်ရေးကို တပြိုင်တည်း အရှိန်အဟုန်နဲ့လုပ်နေတာပေါ့။

မေး။တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်နေရတဲ့အတွေ့အကြုံ မှာ ဘာတွေ အမှတ်တရရှိခဲ့ပါသလဲ။

ဖြေ။ တိုင်းရင်းသား EAO အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ စစ်ဆင်ရေး အတွေ့အကြုံတွေကတော့ အများကြီးပဲ။ အဓိကတော့ အရင်ဆုံး စခန်းသိမ်းပွဲတွေ စလုပ်ပြီဆိုကတည်းက ဒီမှာကတော့ KNLAနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရတာပေါ့။ အတွေ့အကြုံအနေနဲ့ကတော့ တိုက်ရင်းနဲ့ သင်ရတဲ့ ပုံစံမျိုးက စခဲ့တာပေါ့။ ပထမဆုံးစခန်းသိမ်းပွဲမှာလည်း စစ်ဆင်ရေးရည်မှန်းချက်အတိုင်း စခန်းသိမ်းနိုင်ခဲ့တယ်။ အဲဒီမှာလည်း လိုအပ်ချက်တွေ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ ဗျူဟာ ၊ နည်းဗျူဟာတွေ နောက် ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေအဲဒါတွေက EAOနဲ့ လက်တွဲလုပ်ရင်း သင်ယူလေ့လာခဲံရတယ်။ အတွေ့အကြုံကောင်းတွေအများကြီးရှိတယ်။ အဲဒီကနေ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ နည်းပရိယာယ် နည်းဗျူဟာပိုင်းလည်း အများကြီး EAO ဘက်က ရတာပေါ့။ နောက်ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ ပညာလည်းရတယ်။ အဓိက ဆက်သွယ်ရေးနဲ့ပတ်သက်လို့ရှိရင် ကရင်တိုင်းရင်းသားအင်အားစုတွေ တော်လှန်ရေးအင်အားစုတွေက ဆက်သွယ်ရေးနည်းပညာမှာ အကောင်းဆုံးလို့ ပြောလို့ရတာပေါ့။ သူတို့ ဆီကနေ အဲဒီနည်းပညာတွေ ကျနော်တို့ ရတာပေါ့ ။ဒါက စစ်ဆင်ရေးအတွက် အဓိက အကျဆုံး အစိတ်အပိုင်းဖြစ်တယ်။

မေး။လက်နက်ကိုင်တော်လှန်ရေးဖြစ်တဲ့အတွက် အခက်အခဲတွေလည်းရှိနေမှာဆိုတော့ပြောလို့ရတာတွေရှိရင် ပြောပြပေးပါလား

ဖြေ။ အခက်အခဲနဲ့လိုအပ်ချက်ကတော့ အဓိကတော့ လက်နက်တွေ ၊ ကျည်ခဲယမ်းတွေပေါ့။ စစ်ဆင်ရေးတစ်ခုလုပ်တိုင်း ကျည်ခဲယမ်းက အမြဲတမ်း အရံကျည်ထားရတယ်။ ပြီးရင် ကုန်သွားတဲ့ ကျည်တွေကို Refill (ပြန်ဖြည့်)ပြန်လုပ်ရတယ်။ အဲဒါအဓိက ကျပါတယ်။ တိုက်ပွဲများလေကျည်ခဲယမ်းလိုအပ်ချက်က ပိုများလေပေါ့။အဲဒါ တွေကအဓိက ကျနော်တို့အတွက် အခက်အခဲလည်းဖြစ်တယ် စိန်ခေါ်မှုလည်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ တော်တော်ကြိုးစားပြီးရုန်းကန်နေရတာရှိပါတယ်။ နောက်တစ်ခု တပ်ဖွဲ့ရဲ့လိုအပ်ချက်က ကျနော်တို့ SOF စစ်ကြောင်းတွေက တခြားစစ်ကြောင်းတွေနဲ့ မတူတာက ကျနော်တို့က တစ်နေရာတည်းမှာ အထိုင်ချပြီး စစ်ဆင်ရေးလုပ်ရတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ တောင်ပိုင်းစစ်ဒေသမှာ SOF တပ်ဖွဲ့က တစ်ခုပဲရှိတယ်။ အဲဒီ တစ်ခုက ချေမှုန်းရေးပိုင်းနဲ့ပတ်သက်ပြီး လိုအပ်တဲ့နေရာ တွေမှာ ပူးပေါင်းဆောင်ရွက်ရတာပေါ့နော်။ နေရာဒေသ တော်တော်များများ သွားပြီး ဆောင်ရွက်ရတယ်။ တပ်မဟာ(၄)ဘက်လည်း ကျနော်တို့လုပ်ရတယ်။ တပ်မဟာ(၆)ထဲမှာလည်း နေရာဒေသ တော်တော်များများမှာ ကျနော်တို့ ဆောင်ရွက်ရတယ်။ တခြား KNLA နဲ့ တခြား စစ်ကြောင်းတွေအားလုံးနီးပါးနဲ့ ကျနော်တို့ စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်ရတာရှိတယ်ပေါ့နော်။ အဲဒီလို နည်းတူ စစ်ကြောင်းတွေ ရွှေ့တာ ပြောင်းတာတွေအတွက် သွားရေးလာရေး ခက်ခဲမှုတွေတော့ရှိတယ်။ နောက်ပိုင်း စစ်ဆင်ရေးတွေက မြေပြင်ကနေပြီး ခြေလျင် သွားရတဲ့ ပုံစံမျိုးတွေကနည်းတယ်။ တစ်နေရာနဲ့တစ်နေရာ ကို အလျင်အမြန် ရွှေ့ပြောင်းရတာ ပိတ်ဆို့ချေမှုန်းရတာ အဲဒါတွေရှိတဲ့အခါကျတော့ သွားရေးလာရေး အရေးကြီးလာတဲ့အခါကျရင်အခက်အခဲတွေဖြစ်တယ်။ အဓိကတော့ ကားတို့ ယာဉ်တို့ပေါ့။အဲဒါတွေက ဒီဘက်မှာ နည်းနည်း အခက်အခဲဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့နေရာတွေမှာ သွားရေးလာရေး အခက်အခဲရှိတယ် ဒီလောက်ပါပဲ။

မေး။ နွေဦးတော်လှန်ရေး သုံးနှစ်ကျော်လာတဲ့အချိန်မှာ စစ်ကောင်စီရဲ့ အခြေအနေကိုရောဘယ်လိုသုံးသပ်မိပါသလဲ။ အထူးသဖြင့် စစ်ရေးပိုင်းမှာပေါ့။

ဖြေ။ ။ စစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်လာတဲ့အချိန်မှာ လက်ရှိ စစ်ကောင်စီရဲ့ အခြေအနေကတော့ အဆိုးဆုံး ကျဆုံးတဲ့ အချိန်ကို ရောက်နေပြီ။ စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ နယ်မြေတွေအများကြီး ဆုံးရှုံးလိုက်ရတယ်။ နောက်ပြီးတော့ မြို့တွေပေါ့နော် မြို့တွေကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက အများကြီး သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်ကောင်စီရဲ့ ဗျူဟာတွေ တပ်ရင်းတွေ တော်တော်များများက တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေရဲ့ လက်အောက်မှာ လက်နက်ချ အညံ့ခံတာလည်းရှိသလိုချေမှုန်းတိုက်ခိုက်ခံရတာလည်း တော်တော်များပြီပေါ့နော်။ စစ်ကောင်စီအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေ တအားများပြီ။ သူတို့မှာ နောက်ဆုံး ဒီစစ်ရေးပဲ ကျန်တော့တယ်။ အဲဒီ စစ်ရေးနဲ့ပတ်သက်လို့ရှိရင် လေကြောင်း တိုက်ခိုက်မှု တစ်ခုကလွဲရင် ကျန်တဲ့ ဟာက သူတို့ လုံး၀ လှုပ်လို့မရတဲ့ အခြေအနေဖြစ်သွားပြီ။ နောက် နိုင်ငံတစ်ခုအနေနဲ့ဆိုလို့ရှိရင်လည်း နိုင်ငံက ဒီသုံးနှစ်တာ အတွင်းမှာ တကယ့် Failed state ပုံစံမျိုးဖြစ်သွားတယ်။ နိုင်ငံမှာ အရင်တုန်းက ရှိပြီးသား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားလုံးရပ်သွားတယ်။ ဒီအဖွဲ့တွေကလည်း စစ်ကောင်စီကို ပြန်တော်လှန်လာတယ်။ လက်နက်ကိုင်တိုက်ခိုက်မှုတွေပိုများလာတာပေါ့။ နောက်တစ်ခုကျတော့ ပြည်သူလူထု သဘောဆန္ဒ အလျောက်သွားနေတဲ့ ဒီမိုကရေစီ ယန္တရားကြီးတစ်ခုလုံး အားလုံး ရပ်သွားတယ်။ ရပ်ပြီး ပြည်သူလူထုတွေက ဘက်ပေါင်းစုံက ထိခိုက်တယ်။ အသက် ၊ အိုးအိမ်၊ တွေ ဆုံးရှုံးတယ်။ သူတို့ရဲ့ စီးပွားရေး၊ ပညာရေး အားလုံးပေါ့နော် နောက်လူငယ်တွေနဲ့ ကလေးတွေရဲ့ ပညာရေး ကျန်းမာရေးစောင့်ရှောက်မှုတွေအားလုံးက အဆိုးဆုံးအခြေအနေကို ရောက်သွားတယ်။ ဒါတွေက စစ်တပ်က မင်းအောင်လှိုင်နဲ့အာဏာရှင်တစ်စုက ဦးဆောင်ပြီးတော့ စစ်တပ်က အာဏာသိမ်းလို့သာ ဒီဖြစ်စဉ်တွေက ဖြစ်တာ။ ဒီလိုမျိုးမသိမ်းခဲ့ရင် ဒီလိုမျိုးဟာတွေလုံး၀ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကို နိုင်ငံတကာကလည်း သိတယ်။ စစ်တပ်ကို အကြမ်းဖက်စစ်တပ်အဖြစ် အကုန်လုံးကလည်း လက်ခံတယ်။ တစ်ခုရှိတာကတော့ အခုအချိန်ထိ စစ်တပ်ကို အားပေးထောက်ခံနေတဲ့ စစ်တပ်အသိုင်းအဝိုင်းက မိသားစု ဝင်တွေရော တပ်ဖွဲ့ဝင်တွေရော သူတို့လည်း သိဖို့လိုတယ်။ သိပြီးမှ ဒီဘက်က CDM ဝင်လာတဲ့ သူတွေနဲ့အတူ နောက်ပြီးလို့ရှိရင် စစ်တပ်ဘက်မှာ လက်ရှိ သူ့အောက်မှာ တာဝန်ထမ်းဆောင်တဲ့သူတွေက တော်လှန်ရေးအဖွဲ့ တွေနဲ့ ပြန်ပူးပေါင်းပြီး မင်းအောင်လှိုင်နဲ့ အာဏာရှင်တစ်စုကို ပြန်တွန်းလှန်ဖို့လိုတယ်။ ပြည်သူလူထုနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ CDMသမားတွေနဲ့ ဘက်ပေါင်းစုံက ပြန်ပြီး တွန်းလှန်တိုက်ခိုက်နိုင်မှ ဒီဒုက္ခတွေက ပြန်ပြီးတော့ မြန်မြန်လွတ်မြောက်မှာပေါ့။ အဲဒါတွေကို ဖြည့်ပြီး ပြောချင်ပါတယ်။

နွေဦးတော်လှန်ရေး သုံးနှစ်တာ ကာလအတွင်းမှာ ကျနော်တို့ လက်နက်ကိုင် ပြန်လည်ခုခံတွန်းလှန်တဲ့လမ်းစဉ်ကိုရွေးချယ်ပြီးတော့ အဓိကတော့ တိုင်းရင်းသား EAOတွေနဲ့ဒီဘက်ကNUG အောက်မှာရှိတဲ့ MOD၊ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တွန်းလှန်တိုက်ခိုက်ခဲ့တာပေါ့။ အခုဆိုလို့ရှိရင် ဒီနိုင်ငံတဝန်းလုံးမှာရှိတဲ့ EAO ကလည်း သူတို့ တိုင်းရင်းသားအင်အားစုတွေရှိတဲ့ နယ်မြေ တွေ အားလုံးနီးပါးက တော်လှန်ရေးပူပေါင်းအဖွဲ့တွေရဲ့လက်အောက်ကို ပြန်ရောက်နေပြီ။ သူတို့ အုပ်ချုပ်ရေးယန္တရားတွေ နောက် စီးပွားရေး၊ နောက်လူမှု ဖူလုံရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ပြန်လုပ်ကိုင်နေနိုင်ပြီ။ ဆိုတော့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေအနေနဲ့ တော်လှန်ရေးလုပ်တဲ့ PDF တွေအနေနဲ့ ကျနော်တို့မှာ အရင်တုန်းက အဓိက လိုအပ်ခဲ့တဲ့ လက်နက်ခဲယမ်း အင်အား၊ လူအင်အား လက်နက်အင်အားပေါ့နော် အားလုံးက အရင်ထက်အများကြီး သာလာတယ်။ စစ်ကောင်စီကို ကျနော်တို့ မြို့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ အခြေအနေတစ်ခုထိဖြစ်လာတယ်ပေါ့။ နောက်ဆုံးမှာ စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်ရေး စီးပွားရေး၊ စစ်ရေး အခိုင်အမာရှိနေသေးတဲ့မြို့က နည်းနည်းပဲကျန်မှာပေါ့။ မန္တလေးတို့၊ နေပြည်တော်တို့၊ ရန်ကုန်တို့ ဒီလောက်ပဲ ကျန်မှာပေါ့။ မန္တလေးတို့၊ နေပြည်တော်တို့ဆိုလို့ရှိရင်လည်း ကျနော်ထင်တာကတော့ မကြာခင် ၂၀၂၄ခုနှစ်အတွင်းမှာပဲ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့လက်အောက်ကို လုံး၀ ရောက်သွားမယ်ပေါ့နော်။ ရန်ကုန်လို မြို့ကြီး ပြကြီးက နည်းနည်းပါးပါး ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမဲ့ သေချာတာကတော့ ရန်ကုန်မှာရှိတဲ့ ပြည်သူလူထုတွေက တော်လှန်လိုစိတ် အပြည့်ရှိတယ်။ သူတို့ အကြောင်းအမျိုးမျိုးကြောင့်သာ ဒီအပေါ်ရပ်ပြီး တော့ စားဝတ်နေရေးအတွက်လုံးပန်းရတာပဲရှိတယ်။ တကယ်တန်း ရန်ကုန်ကို စစ်ဆင်ရေးလုပ်တဲ့အချိန်ကျရင် ပြည်သူလူထုတွေသည်လည်းပဲ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အလျင်အမြန်ပဲ ရန်ကုန်မှာရှိတဲ့ စစ်ကောင်စီရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေး စစ်ရေးထောက်တိုင်တွေကို ဖြိုဖျက်နိုင်မယ်ပေါ့နော်။ ဒါက ကျနော်တို့ဘက်ရဲ့ ဒီနွေဦးတော်လှန်ရေး သုံးနှစ်အတွင်းရှိလာတဲ့ အားသာချက်ပေါ့။

မေး။ စစ်​ကောင်စီကစစ်မှုထမ်းဥပဒေပြဌာန်းပြီးလူငယ်၊ လူရွယ်တွေ ကို စစ်သားစုဆောင်းဖို့ ကြံစည်နေတဲ့ အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ စစ်ကောင်စီက ထုတ်ပြန်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တာပေါ့။ စစ်ကောင်စီက သူတို့မှာ ယုတ်လျော့သွားတဲ့ တိုင်ခိုက်ရေးအင်အား နေရာမှာ ပြည်သူ့စစ်တွေ အခု စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပြည်သူလူထုတွေ လူငယ်တွေကို စုမယ် သင်တန်းတွေအမြန်ပေးမယ် ပြီးရင် နယ်မြေတွေ ဆုံးရှုံးနေတဲ့ တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေကို သူတို့ပို့မယ်ပေါ့နော်။ အဲဒီလို ပို့လို့ရှိရင် တိုက်ပွဲတွေလည်း နည်းနည်း ပိုများလာမယ်။ စစ်တပ်ဘက်မှာ အင်အားတောင့်တင်းလာတာနဲ့အမျှ တိုက်ပွဲတွေလည်း ပိုဖြစ်လာမယ်။ အဲဒီလိုပဲ အသေအပျောက်တွေလည်းများမယ်။ စစ်ကောင်စီက စုဆောင်းပြီးရှေ့တန်းတွေ နယ်စပ်စခန်းတွေ ကို ပို့လိုက်တဲ့ ဒီရဲဘော်တွေက အခုလက်ရှိ စစ်ကောင်စီ ခံစားနေရသလို သူတို့ အသက်အန္တရာယ်ဆုံးရှုံးတာတွေဖြစ်မယ် ပြီးလို့ရှိရင်ကိုယ်လက် အင်္ဂါ ဆုံးရှုံးမှုတွေဖြစ်တယ်။ အဲဒီလို ဒုက္ခတွေ သူတို့ ကြုံရမယ်။ အဲဒါကတော့ အသေအချာပဲ။ တိုက်ပွဲတွေပိုများလာတဲ့အပေါ် တော်လှန်ရေးဘက်မှာ အချိန်နည်းနည်း ပိုကြာကောင်းကြာသွားနိုင်တယ်ပေါ့။ ဒီမှာ တစ်ခု သတိရှိရမှာက စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့ အမူအကျင့်ရှိတယ်။ အဲဒီတော့ ရှိပြီးသားမြန်မာနိုင်င့အတွင်းမှာ ရှိတဲ့လူငယ်တွေနဲ့ ပညာရှင်တွေနဲ့ တခြား နိုင်ငံရပ်ခြားကို ထွက်တာတွေ နောက်တောထဲကို သွားတာတွေကို သူတို့က သဘောကျလိမ့်မယ်။ အဓိကတော့ လူငယ်တွေ သူတို့ကို ပြန်ခုခံမယ့် လူငယ်တွေ အတက်ပညာရှင် အသိပညာရှင်တွေမရှိလေ သူတို့အတွက်က ကောင်းလေပေါ့။ အဲဒါတော့ ကျနော်တို့ သတိထားရမယ်။ ဒါကြောင့် မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေတော့ရှိတယ်။ သို့သော်လည်း တက်နိုင်သမျှ ဒီဟာကိုရှောင်ကွင်းပြီး နေနိုင်သမျှ နေဖို့လိုတယ်။ လုံး၀ ရှောင်လို့မရတဲ့အဆုံးဆိုလို့ရှိရင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့လာပူးပေါင်းဖို့ အကြံပြုချင်တယ်။ ပြောရလို့ရှိရင် တစ်ဖက်မှာ ကမ်းပြိုရင်တော့ တစ်ဖက်မှာ သောင်ထွန်းဖို့လိုတယ်။ အဲဒါကြောင့် စစ်ကောင်စီဘက်မှာ မြို့ပေါ်မှာ နေလို့မရတဲ့အဆုံး ပေါ့နော် လူငယ်တွေ အခု နာမည်စာရင်းကောက်လို့ မဖြစ်မနေ သွားရမယ့် လူငယ်တွေအနေနဲ့ ကတော့ ဒီဘက်မှာ ရှိတဲ့ စစ်ကြောင်းတွေ တပ်ဖွဲ့တွေ EAO အဖွဲ့တွေကို ချိတ်ဆက်ပြီးတော့ အမြန်ဆုံးလာလို့ ရတယ်ပေါ့နော်။ လာပြီးတော့ ဒီဘက်ကနေ ပြန်ပြီး ခုခံတွန်းလှန်ပေါ့။ ဒါကတော့ အကောင်းဆုံးနည်းလမ်းဖြစ်မယ်။

မေး။တိုက်ပွဲတွေနဲ့ပတ်သပ်ပြီး ပြည်သူတွေကိုဘာ သတင်းစကားပေးလိုပါသလဲ။

ဖြေ။ ဒီ ၂၀၂၄မှာ လည်း မြန်မာနိုင်ငံမှာဆိုရင် နေရာအနှံ့မှာ တိုက်ပွဲတွေက ပိုမိုပြင်းထန်လာမယ်။ အဲဒီအပေါ်မှာ ပြည်သူလူထုတွေအနေနဲ့က စစ်ဘေးနဲ့ ပတ်သက်ပြီးတော့ လက်နက်ကြီး ဒဏ်တွေ ကာကွယ်နိုင်ဖို့ အဲဒါတွေကို ကြိုတင်ပြင်ဆင်ဖို့လိုမယ်။နောက်တစ်ခုက တော်လှန်ရေးအပေါ် စိတ်ဓာတ်မကျပါနဲ့။ ကျနော်တို့ ဒီ ၂နှစ် ၃နှစ်အတွင်းမှာ အများကြီး ခရီးရောက်ပြီ။ ဒီ ၂၀၂၄ခုနှစ်အတွင်းမှာလည်း ကျနော်တို့ ကိုယ့်ရဲ့ လက်ရှိ နယ်မြေတော်တော်များများ ပြန်ပြီးတော့ စိုးမိုးထိန်းချုပ်လာနိုင်ပြီ။ ဆိုတော့ တော်လှန်ရေးက ကြာကောင်းကြာမယ် သို့သော်လည်း ကျိန်းသေပေါက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သည် အပြည့်အ၀ စစ်ကောင်စီ ယန္တရားကို ဖြိုချနိုင်မယ် စစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မယ် ဆိုတာ သေချာတဲ့အတွက် စိတ်ဓာတ်မကျဖို့၊ တော်လှန်ရေးကို တက်နိုင်တဲ့ကဏ္ဍကနေ ထပ်ပြီး ပါဝင်ပေးဖို့ အဲဒါပဲ အဓိက ပြောချင်ပါတယ်။

မေး။ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေကို ဘာတိုက်တွန်းလိုပါသလဲ။

ဖြေ။ နောက်တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ စည်းစည်းလုံးလုံးဖြစ်ဖို့ပဲ အဓိက လိုတယ်။ စည်းစည်းလုံးလုံးဖြစ်တဲ့ ဒေသတွေမှာ ဆိုရင် ကြည့်လိုက် မြို့တွေ သိမ်းတယ် ဗျူဟာတွေ တပ်ရင်းတွေ အားလုံးက စည်းလုံးညီညွတ်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ လက်အောက်ကိုရောက်တယ်။ အဓိက စည်းစည်းလုံးလုံးနေရင်အင်အားဖြစ်တယ်။ တောင်ပိုင်းစစ်ဒေသမှာ ဆိုရင်လည်း ရှိတဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစု EAO အဖွဲ့တွေနဲ့ MOD လက်အောက်ခံ PDF အဖွဲ့တွေ အနေနဲ့လည်း အခုထက်ပိုစည်းလုံးပြီး တိုင်တိုင်ပင်ပင်နဲ့ စစ်ဆင်ရေးတွေကို တပြိုင်တည်း လုပ်နိုင်ဖို့လိုတယ်။ အဲဒီလို လုပ်နိုင်လို့ရှိရင် ကျနော်တို့မှာ ရှိတဲ့ အင်အားနဲ့ စကစမှာရှိတဲ့အင်အား အပြတ်အသတ်ကွာတယ်။ ကျည်ခဲယမ်းသာ ကျနော်တို့ နည်းနည်း စကစ ထက် အားနည်းရင်အားနည်းမယ် ကျန်တဲ့ ရှိတဲ့ စစ်ဆင်ရေးတစ်ခု အောင်မြင်ဖို့အတွက် လိုအပ်တဲ့ နယ်မြေကျွမ်းကျင်မှု၊ ပြည်သူလူထု ပူးပေါင်းပါဝင်မှု၊ အဲဒါတွေ နောက် ကျနော်တို့ရဲ့ သာလွန်အင်အားပေါ့။ ကျနော်တို့ အင်အားအများကြီးရှိတယ်။ ဒါကြောင့် စည်းလုံးလို့ရှိရင်အမြန် လွတ်မြောက်နိုင်မယ်။ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အနေနဲ့ အဲဒါပဲ အဓိက ရှိပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။