Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

တတိယနိုင်ငံမက်လုံးက စစ်တပ် CDM တွေ အရွေ့ဖြစ်မလား

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ လက်ရှိ စစ်တပ်ကနေ CDM ဝင်ထားတဲ့ စစ်သားအရေအတွက် ၃,၀၀၀ ကျာ် အထိရှိပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်က အမြင့်ဆုံးရာထူးဖြစ်ပါတယ်။

စစ်ကောင်စီတပ်ထဲက ထွက်လာတဲ့ CDM တပ်မတော်သားနှစ်ဦးကို သြစတြေးလျအစိုးရက ခိုလှုံခွင့်ပေးပြီးတဲ့နောက် တတိယနိုင်ငံမက်လုံးက တပ် CDM တွေပိုထွက်လာစေဖို့ လမ်းကြောင်းပွင့်သွားတာဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

စစ်အာဏာရှင်လက်အောက်ကနေ အကြောင်းမျိုးစုနဲ့ တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာက ခိုလှုံခွင့်ပေးနေပြီး သြစတြေးလျနိုင်ငံကတော့ တပ် CDM ကို ပထမဆုံးအနေနဲ့ လူသိရှင်ကြားလက်ခံလိုက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

“သြစတြေးလျအပြင် ဥရောပနိုင်ငံတစ်ချို့ကပါ လက်ခံသွားဖို့ရှိမယ်။ NUG နဲ့ ညှိနှိုင်းနေပါပြီ” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

CDM တပ်မတော်သားတွေစုစည်းထားတဲ့ ပြည်သူ့ရင်ခွင့်အဖွဲ့ကလည်း တတိယနိုင်ငံအခွင့်အလမ်း အခုလိုစပွင့်လာချိန်မှာ စစ်တပ်ကနေ ထွက်ချင်နေသူတွေ စိတ်ဝင်စားတစားစုံးစမ်းမှုတွေ တော်တော်ရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်ခေါင်းဆောင်တွေအနေနဲ့ ဒါနဲ့ပတ်သက်ပြီး တော်တော်လေးစိုးရိမ်မှုတွေရှိပြီ။ သူတို့ကိုယ်တိုင် အောက်ခြေတပ်တွေမှာ စည်းရုံးမှုတွေလုပ်နေရတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ ရိုက်ခတ်မှုကြီးမားတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်” လို့ ပြည်သူ့ရင်ခွင့်အဖွဲ့က ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ လက်ရှိ စစ်တပ်ကနေ CDM ဝင်ထားတဲ့ စစ်သားအရေအတွက် ၃,၀၀၀ ကျာ် အထိရှိပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်က အမြင့်ဆုံးရာထူးဖြစ်ပါတယ်။

အဲဒီလို တပ် CDM တွေထဲကမှ အခု သြစတြေးလျမှာ ခိုလှုံခွင့်ရသွားသူ နှစ်ဦးကတော့ ဘယ်ရာ ထူးအဆင့်တွေ ဖြစ်တယ်ဆိုတာ ထုတ်ပြန်တာမျိုးတော့ မတွေ့ရသေးပါဘူး။

စစ်ကောင်စီတစ်တပ်လုံးရဲ့ စိတ်အခြေအနေက ပျက်နေပြီးတော့ အခြေအနေမပေးသေးလို့သာ CDM အတွက် စောင့်ဆိုင်းနေကြတဲ့ သဘောဖြစ်တယ်လို့ ဦီးရည်မွန်က သုံးသပ်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်အောင်လှိုင်အပါအဝင် စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေကတော့ တပ်တွင်းစည်းရုံးရေးတွေ တောက်လျောက်လုပ်နေပြီး အပြင်က သတင်းတွေကို ဖုံးအုပ်နိုင်ဖို့ အစဥ်တစ်စိုက်ကြိုးပမ်းနေရတယ်ဆိုတာ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေက သက်သေခံနေပါတယ်။

တပ်ပြိုကွဲအောင် အပြင်က သတင်းမှားတွေလွှင့်နေတာဖြစ်ပြီးတော့ တပ်အနေနဲ့က “ရေပက်မဝင်တဲ့ ကျစ်လျစ်ခိုင်မာတဲ့ စည်းလုံးမှုနဲ့ရပ်တည်နေ” ဆိုတာမျိုး တပ်မိသားစုတွေကို တောက်လျောက် ဝါဒဖြန့်နေကြတာပါ။

တပ်တွေသွားပြီး စည်းရုံးရေးဆင်းတာကိုတော့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ စစ်ကောင်စီ ဒုတိယဥက္ကဌ စိုးဝင်း၊ စစ်ကောင်စီအဖွဲ့ဝင် မြထွန်းဦးတို့ သုံးဦး အဓိက လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ဒီကနေ့ မတ် ၂၇ ရက်မှာ ပြုလုပ်တဲ့ တပ်မတော်နေ့အခမ်းအနားမှာလည်း နိုင်ငံရေးသမားအင်အားစုတွေက တပ်မတော် ကိုပြိုကွဲအောင်လုပ်နေတာဖြစ်ပြီးတော့ တပ်တွင်းစည်းလုံးရေးအမြဲရှိနေဖို့လိုအပ်တယ်လို့ ပြောသွားပါတယ်။

NUG ကတော့ မြေပြင်အချက်အလက်တွေအရ CDM တွေသာမက စစ်မြေပြင်မှာ လက်နှက်ချ အညံ့ခံတဲ့ သုံ့ပန်းတွေတစ်နေ့ တစ်ခြားတိုးလာနေတယ်လို့ အတိအလင်းပြောပါတယ်။

“ကျွန်တော်တို့လည်း စစ်သုံ့ပန်းတွေကိုပါ ကျွေးမွေးစောင့်ရှာက်ရတဲ့ တာဝန်တစ်ခုပါ တိုးလာတာပေါ့” လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြည်သူတွေကို နေ့စဥ်ရက်ဆက် ညှင်းပန်းနေတဲ့ အဖွဲ့အစည်းကို စွန့်ခွာ CDM လုပ်ပြီး သြဇီအပါအဝင် နိုင်ငံခြားကို သွားနိုင်တဲ့အခွင့်ရေးရှိတဲ့အကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ကနေ နှိုးဆော်ထားပါတယ်။ ဒီလိုသွားနိုင်ဖို့ ဘာတွေလိုအပ်တယ်၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာတွေကို လမ်းညွှန်ထားတာတွေ့ရပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ တတိယနိုင်ငံသို့သွားရန် လမ်းညွှန်ချက် (fb..com/PeoplesEmbrace)

စစ်တပ်က ထွက်ပြေးလာတဲ့ တပ်မတော်သားတွေကို အကာအကွယ် ပေးနိုင်ရေးကိစ္စ သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်အစိုးရတွေဆီ တင်ပြပေးဖို့ NUG အစိုးရ (နိုင်ငံခြားရေးဝန်ကြီးဌာန)က တာဝန်ပေးထားတယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ NUG ရဲ့ မြန်မာကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက The Sydney Morning Herald သတင်းစာကို ပြောကြားထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူကတော့ အမရိကန်ပြည်ထောင်စု အနေနဲ့ စစ်တပ် CDM တွေနဲ့ပတ်သက်လို့ နိုင်ရေးခိုလှုံခွင့် မူဝါဒပိုင်းဆိုင်ရာ ဘယ်လိုရှိပါသလဲဆိုတဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားမှုမရှိပါဘူး။

“မြန်မာပြည်သူတွေက စစ်အာရှင်စနစ်အောက်မှာ တစ်ရက်ကလေးတောင်ဆက်မနေချင်ဘူးဆိုတာကို အထင်အရှား ပြသနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေကိုရော မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ငြိမ်းချမ်းရေး ပြန်လည်တည့်မတ်ပေး နိုင်အောင်လုပ်ဆောင်နေသူအားလုံးကိုပါ ဆက်လက်အားပေးထောက်ခံနေမယ်” လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အစဥ်တစ်စိုက်ဆောင်းပါးတွေရေးနေတဲ့ နိုင်ငံတ ကာ ဆောင်းပါးရှင် ဘာတေးလင့်တနာကတော့ စစ်တပ်ကနေထွက်ပြေးလာသူတွေ တတိယနိုင်ငံ ခိုလှုံတာနဲ့ပတ်သက်လို့ အရေးကြီးတဲ့ အချက်နှစ်ချက်ကို အခုလိုထောက်ပြပါတယ်။

“ပြည်ပကို တိမ်းရှောင် ခိုလှုံလာသူတွေဟာ နံပါတ်တစ်အနေနဲ့ အစစ်အမှန် ဘက်ပြောင်းလာသူ ဖြစ်ရမယ်။ နံပါတ်နှစ်အနေနဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ လုံးဝပါဝင် ကျူးလွန်ဖူးတာမျိုး မရှိဖို့လိုတယ်”

ဒီတတိယနိုင်ငံမက်လုံးက စစ်တပ်ထဲကထွက်ပြီး စစ်သားတွေ ပြည်သူ့ဆီ အင်နဲ့အားနဲ့ ခိုလှုံဖို့အရေး တကယ့်ကို အရေးပါတဲ့သေ့ချက်တစ်ခုလားဆိုတတဲ့ မေးခွန်းကိုတော့ ဘာတေးလင့်တနာက အခုလို သုံးသပ်ပါတယ်။

“သဘောတရား အရတော့ ဒါက ဟုတ်ပါတယ်။ ဒါပေမဲ့ ဩစတြေးလျ၊ ဒါမှမဟုတ် တခြားနိုင်ငံတွေကို မြန်မာစစ်တပ် အရာရှိတွေ တပြုံကြီး ခိုလှုံဖို့ ရောက်လာကြမယ် ဆိုတာမျိုးတော့ မထင်ပါဘူး။ သူတို့အတွက် ဆုံးရှုံးနိုင်စရာတွေ များလွန်းတယ်။ မြန်မာနိုင်ငံမှာ ကျန်ခဲ့မယ့် သူတို့ရဲ့ဆွေမျိုးတွေ၊ မိသားစုတွေလည်း ထိခိုက်ကြ၊ ဒုက္ခရောက်ကြ ဖြစ်နိုင်တယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

လောလောလတ်လတ် စစ်တပ် CDM နှစ်ဦးကို ခိုလှုံခွင့်ပေးခဲ့တဲ့ ဩစတြေးလျ ပြည်ထဲရေးဝန်ကြီးဌာနကတော့ လူပုဂ္ဂိုလ်အလိုက်၊ အဖွဲ့အစည်းအလိုက် လူသားချင်း စာနာမှုဆိုင်ရာပြန်လည် နေရာချထားရေးနဲ့ ပတ်သက်တဲ့ အလားအလာတွေအပေါ် မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဗီဇာခွင့်ပြုချက်တိုင်းဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် သက်ဆိုင်ရာနိုင်ငံရဲ့ လက်ရှိ အနေအထားအပေါ် မူတည်နေတဲ့ သတင်း၊ အချက်အလက်တွေအရ စဉ်းစား ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ခုချိန်အထိတော့ အခြားတတိယနိုင်ငံတွေကနေ တပ်စီဒီအမ်တွေခိုလှုံခွင့်နဲ့ပတ်သက်လို့ သတင်းမကြားရသေးပေမယ့် သြစတြေးလျ သတင်းကတင် တပ်ထဲက အရာရှိငယ်တွေကြားထဲ ရိုက်ခတ်မှုတော်တော်ရှိတယ်လို့ NUG နဲ့ ပြည်သူ့ရင်ခွင့်အဖွဲ့တို့က တညီတညွတ်တည်း ပြောထားပါတယ်။

“ရှေ့မှာ တပ် CDM တွေပိုအားကောင်းလာဖို့ပဲရှိမယ်။ သူတို့အတွက် ရှေ့တန်းထွက်ရတယ်ဆိုတာ သေတွင်းထဲ ဆင်းရတာနဲ့အတူတူပဲ” လို့ ကာကွယ်ရေးဝန်ကြီးက ဦးရည်မွန်က ပြောပါတယ်။

ပြည်တွင်းမှာ တိုက်ပွဲတွေက ဆက်နေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာပါမကဘဲ နိုင်ငံအနှံ့မှာ စစ်ကောင်စီက စစ်မျက်နှာများစွာ တိုက်နေရတာဖြစ်ပါတယ်။

ဩစတြေးလျ နိုင်ငံသား၊ မြန်မာ့အရေးနဲ့ မြန်မာစစ်တပ်အရေး ကျွမ်းကျင်သူ အန်ဒရူး ဆက်သ်ရဲ့ စစ်တမ်းစာစောင်မှာ မြန်မာစစ်တပ်မှာ စစ်မြေပြင်ကို အမှန်တကယ် စေလွှတ်နိုင်မယ့် ခြေလျင်တပ်ဖွဲ့ဝင်အ ရေအတွက်က အလွန်ဆုံး ၁ သိန်းနဲ့ ၁ သိန်း ၂ သောင်းကြားလောက်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။