Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“စစ်အာဏာရှင်ရှိ​နေသမျှ ကြုံ​​နေရမည့်အ​မှောင်ညများ”

လက်ရှိတွင် စစ်ကောင်စီကအလှည့်ကျမီးဖြတ်သည့် စနစ်ကို ကျင့်သုံးနေသည်ဆိုသော်လည်း သတ်မှတ်ချိန်မတိုင်ခင်မီးပြတ်တောက်ခြင်း၊ နေရာအချို့တွင် ညလုံးပေါက်မီးလာမည်ဟု ကြေညာထားသော်လည်း ပြတ်တောက်ခြင်း ၊မီးအားမပြည့်ခြင်း ၊ဓါတ်အားမငြိမ်၍မီးပြတ်​တောက်ခြင်းစသဖြင့် ​အ​ကြောင်းပြချက်အမျိုးမျိုးဖြင့် ပြတ်​နေဆဲဖြစ်၏။

ရန်ကုန်မြို့တစ်​နေရာ ညပိုင်းမီးပြတ်​တောက်စဥ်

အာဏာသိမ်းစစ်​ကောင်စီက လျှပ်စစ်မီးနှင့်ပတ်သပ်၍သူတို့ရည်မှန်းထားသလိုဖြစ်​အောင်တစ်ကြိမ်သာလုပ်ထားနိုင်သည်။လျှပ်စစ်မီးများဆိုးရွားစွာပြတ်​​တောက်၍ ပြည်သူများက ပြင်းထန်စွာ​ဝေဖန်လာချိန်တွင် တစ်နိုင်ငံလုံးနီးပါးကို ၂၄ လုံး ၇ ရက်တိတိမီးဖြတ်အ​မှောင်ချလိုက်သည်။မတ် ၁၂ ရက်မှ ၁၈ ရက်အတွင်းသဘာဝဓါတ်​ငွေ့ထုတ်လုပ်မှု လုပ်ငန်းများပြင်ဆင်ရန် အ​ကြောင်းပြချက်ဖြင့် တစ်ပါတ်တိတိ မီးဖြတ်​ခဲ့ခြင်းဖြစ်သည်။တချို့​​ဒေသများတွင် နာရီ ၃၀ ​ကျော်ဆက်တိုက်မီးဖြတ်ပစ်သည်။

တစ်ပါတ်တိတိ မီးဖြတ်ပြီး မတ် ၁၉ ရက်မှစ၍အလှည့်ကျစနစ်ဖြင့်မီး​ပေး​​တော့မည်ဟု စစ်​ကောင်စီက ​​ကြေညာ​​သောအခါ ​​​ယခင်ကဲ့သို့​ဝေဖန်မှုများ​လျော့နည်းသွားသည်။ တစ်ပါတ်တိတိ ​အ​မှောင်ချပြီး တစ်ပါတ်​ကျော်​သောအခါအလှည့်ကျဖြင့်မီး​ပေး​တော့မည့်အ​ခြေအ​နေမှာ တစ်ချိန်လုံးမီးဖြတ်သ​လောက်မဆိုးဟု ပြည်သူများယူဆသွားဟန်တူသည်။ ထိုတစ်ခုတွင်သာ စစ်​ကောင်စီက ရည်မှန်းထားသလို သူတို့အတွက်အလုပ်ဖြစ်​အောင်လုပ်ထားနိုင်သည်။

အမှန်တွင်​တော့ အာဏာလုစစ်​ကောင်စီသည်တစ်နိုင်ငံလုံးကို မီး​ပေးနိုင်​သော စွမ်းရည်လုံးလုံးရှိမ​နေပါ ။ထို​ကြောင့်ပြည်သူ​ဝေဖန်မှုနည်းရန်သာ ပြည်သူကို​ဆေးခါးကြီးတိုက်​သောနည်းဖြင့်​ရေတို​ဖြေရှင်းခဲ့ခြင်းဖြစ်သည်။လက်ရှိအခြေအနေသည် နိုင်ငံအတွင်း စွမ်းအင်အကျပ်အတည်း ကျရောက်နေပြီဟု သတ်မှတ်ရမည်ဖြစ်ကြောင်း စွမ်းအင်လုပ်ငန်းကျွမ်းကျင်သူများနှင့်ပညာရှင်အချို့ကသုံးသပ်ပြောကြားသည်။

စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မသိမ်းပြီး တနှစ်အတွင်း နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပေးစနစ်မှာ ပျက်စီးသွားပြီး နှစ်​ပေါင်း ၂၀ စာခေတ်နောက်ပြန်ဆုတ်သွားသည်။

Public Service Announcement

Public Service Announcement

ယခုတစ်နှစ်အတွင်း လူနေရပ်ကွက်များ၊ဆိုင်များတွင် မီးစက်သံများ ပြန်လည်ကြားလာရသည်။ မှောင်မည်းနေသည့် လူနေရပ်ကွက်များလည်း ပြန်လည်ပေါ်ပေါက်လာသည်။ နိုင်ငံအနှံလျှပ်စစ်မီးပြတ်တောက်မူသည်တနေထက်တနေ့ ပိုမိုကြီးမားလာသည်။ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များအဓိက​နေထိုင်ရာ နေပြည်တော်နှင့် VIPရပ်ကွက်များမှ အပ တနိုင်ငံလုံးတွင် လျှပ်စစ်မီးကို အလှည့်ကျပေးသည့် စနစ်ကို ကျင့်သုံးနေသည်။ သာမန်လူနေ ရပ်ကွက်တခုကို တနေ့လျှင် ၁၀ နာရီအောက်သာ လျှပ်စစ်မီး ပေးနိုင်တော့သည်။ စီးပွား​ရေးဖွံ့ဖြိုး​အောင် လုပ်​ပေးမည်ဟုအာဏာသိမ်း​ခေါင်း​ဆောင်က အစည်းအ​ဝေးများတွင်မကြာခဏ​ပြော​သော်လည်း စက်မှုဇုန်များကိုမူ ညပိုင်း၌ မီးမ​ပေးနိုင်​တော့​ပေ။

အရပ်သားအစိုးရလက်ထက်အကောင်အထည်ဖော်ခဲ့သည့်ဓာတ်အားပေးစီမံကိန်းများလည်း အားလုံးနီးပါးရပ်တန့်ကုန်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်မူကို ရေအားနှင့်သဘာဝဓာတ်ငွေ့တို့မှ အဓိက ထုတ်ယူသုံးစွဲသည်။ကျောက်မီးသွေးနှင့် နေရောင်ခြည်တို့မှအနည်းငယ်သာထုတ်ယူသုံးစွဲနိုင်​သေးသည်။

စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်ရသည့် ပမာဏမှ ၄၂၀၀ မဂ္ဂါဝပ်ရှိသည်။ ၎င်းတို့ထဲတွင် ရေအားမှ ၅၆ ရာခိုင်နှုန်းနှင့် ဓာတ်ငွေ့မှ ၄၀ ရာခိုင်နှုန်းခန့်စီရှိသည်။ ဓာတ်ငွေ့မှ ဓာတ်အားထုတ်ယူရာတွင် ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့ (CNG)နှင့် ပြည်ပမှ သွင်းယူရသည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဖြင့် နှစ်မျိုးအသုံးပြုသည်။

​အာဏာသိမ်းစစ်​ကောင်စီကပိုက်ဆံမ​ပေး​တော့၍ ရန်ကုန်မှ ပြန်လည်ထွက်ခွာသွား​သော သ​ဘော်​ပေါ်မှာ LNG ဖြင့်ဓါတ်အားထုတ်​ဖြန့်ဖြူးပေး​သော သ​ဘော် ။

စစ်တပ်အာဏာသိမ်းပြီး တနှစ်ကျော်အကြာတွင် နိုင်ငံအတွင်းလျှပ်စစ်ဓာတ်အား သည် မဂ္ဂါဝပ် ၂၁၇၇ သာရှိထုတ်လုပ်နိုင်တော့​ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက မတ် ၆ရက်တွင်ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်မီးပြတ်တောက်ရခြင်းကို စစ်ကောင်စီက ပြည်ပမှ သွင်းယူနေရသည့် LNGဈေးနှုန်းများ မြင့်တက်လာခြင်း၊ နွေရာသီတွင် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားထုတ်လုပ်မူလျော့ကျလာခြင်း နှင့် ဓာတ်အားလိုင်းများကို PDFများကို မိုင်းခွဲတိုက်ခိုက်ခြင်းတို့ဖြစ်သည်ဟု ဆင်ခြေပေးထားသည်။

ပြသနာအရင်းအမြစ်မှာစီမံခန့်ခွဲမူအမှားများနှင့် ပြည်သူများ၏ မ​ထောက်ခံမှုကြောင့်သာဖြစ်သည်ဟု စွမ်းအင်လုပ်ငန်းရှင်များကသုံးသပ်သည်။လက်ရှိ လျှပ်စစ်မီးများပြတ်တောက်မူ ပြသာနာသည် နိုင်ငံရေးကိုအခြေခံဖြစ်ပွားလာသည့် စီမံခန့်ခွဲမူ ညံဖျင်းမူသာဖြစ်သည်ဟုလည်းပညာရှင်များကသုံးသပ်သည်။

မီးပြတ်​တောက်​ပြီး​မှောင်မိုက်​နေ​သော်လည်း ပြည်သူများ၏စစ်အာဏာရှင်ဖြုတ်ချ​ရေး ဆန္ဒမှာပြင်းပြ​နေဆဲဖြစ်သည်။

“အရင်အစိုးရလုပ်ခဲ့တဲ့ စီမံကိန်းတွေကို ဆက်လုပ်ဖို့ စစ်တပ်ဘက်မှ ငွေကြေးမရှိတော့ဘဲ။ နောက်ပြီး ပြည်ပကုမ္ပဏီတွေက သူတို့(စစ်တပ်)ကို မယုံတော့တာလို ဆက်လုပ်မပေးတော့။ ဒါကို ဟိုလူလက်ညှိုးထိုး ဒီလူလက်ညှိုး အပြစ်လိုက်ပြောနေတာ”ဟု စွမ်းအင်ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးကပြောပါသည်။

အရပ်သားအစိုးရလက်ထက်တွင် LNG မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မူကို စတင်ခဲ့နိုင်ခဲ့သည်။ နွေရာသီမီးမပျက်စေရေးစီမံချက်အနေဖြင့် မဂ္ဂါဝပ် ၁၁၀၀ ထုတ်လုပ်ရန် ၂၀၂၀တွင် CNG နှင့် LNG သုံး ဓာတ်အားပေးစက်ရုံ ၆ခုကို စတင်ခဲ့သည်။

ထူးခြားသည်မှာ မြန်မာ့စွမ်းအင်သမိုင်းတွင် ပထမဦးဆုံး ရေပေါ် သင်္ဘောသိုလှောင်ရေးစနစ်ဖြင့် ဓာတ်အားပေးစက်ရုံများအဖြစ်​ ဟောင်ကောင်ကုမ္ပဏီ V-power နှင့် ပူး​ပေါင်း၍ သာကေတနှင့်သန်လျင်ရှိ LNG သုံးဓာတ်အားပေးစက်ရုံနှစ်ခုကိုစတင်လည်ပါတ်နိုင်ခဲ့သည်။

ထိုပြင်အရပ်သားအစိုးရက မဂ္ဂါဝပ် ၃၀၀၀ ကျော်ထုတ်လုပ်မည့် LNG to Power စီမံကိန်း ၃ ခု၊ ဂျပန်မြန်မာ ပူးပေါင်းတည်ဆောက်မည့် ဒေါ်လာ ၂ ဘီလီယံတန် ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် သီလဝါဓာတ်အားပေးစက်ရုံစီမံကိန်းစသည့်တိုကိုလည်း ဆောက်လုပ်ရန် ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ချပေးခဲ့သည်။ ထိုထဲတွင် မဂ္ဂါဝပ် ၁၀၆၀ထုတ်နိုင်မည့် နေရောက်ခြည်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း ၂၉ ခုလည်း ပါဝင်သည်။

သို့​သော်ယခုအခါထိုစီမံကိန်းများသည် စစ်တပ်အာဏာသိမ်းမူနှင့်အတူ ဆက်လက်အကောင်အထည်ဖော်နိုင်စွမ်း မရှိကြတော့ပေ။

​သ​ဘော်​ပေါ်မှ ဓါတ်အားထုတ်​ပေးခဲ့​သောသန်လျင်နှင့် သာကေတရှိ LNGဓာတ်အားပေးစက်ရုံတို့မှာလည်း စစ်တပ်အာဏာသိမ်းထားသည့် တစ်နှစ်မပြည့်ခင်တွင် ရပ်တန့်သွားပြီဖြစ်ပြီး သ​ဘော်ကြီးလည်းပြန်သွား​လေပြီ။

​အာဏာသိမ်းစစ်​ကောင်စီကပိုက်ဆံမ​ပေး​တော့၍ ရန်ကုန်မှ ပြန်လည်ထွက်ခွာသွား​သော သ​ဘော်​ပေါ်မှာ LNG ဖြင့်ဓါတ်အားထုတ်​ဖြန့်ဖြူးပေး​သော သ​ဘော် ။

ထိုသို့ ရပ်တန့်ရခြင်းမှာ LNGဈေးအဆမတန်မြင့်တက်ခြင်းနှင့် ကမ္ဘာ့ရေနံမတည်ငြိမ်ဖြစ်ကာ LNGဝယ်ယူရန်ခက်ခဲနေခြင်း‌ကြောင့် ရပ်တန့်ရခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးအောင်သန်းဦး က ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်တွင် အကြောင်းပြပြောဆိုခဲ့သည်။ သို့​သော်အမှန်တွင် စစ်​ကောင်စီက ပိုက်ဆံမ​ပေး​တော့၍ ပြန်သွားခြင်းဖြစ်သည်။

စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အတွက်စစ်အုပ်စုက​ငွေ​ကြေးများစွာအကုန်အကျခံ​သော်လည်း ပြည်သူများကိုမီး​ပေးရန်အတွက် ​ငွေအကုန်အကျမခံ​ပေ။

ထို့​ကြောင့်အရပ်သားအစိုးရမျှော်မှန်းသည့် ၂၀၃၀တွင် တနိုင်ငံလုံးလျှပ်စစ်မီးရရှိရေးသည်လည်း အလှမ်းဝေးပျောက်ကွယ်သွားပြီဖြစ်သည်။

ပြည်သူ ၃၀ကျော်ကို People’s Spring ကမီးပြတ်မှုနှင့်ပတ်သပ်၍ ကျဘန်း​မေးမြန်းခဲ့ရာ လျှပ်စစ်မီးပြတ်တောက်မှုသည် စစ်တပ်အာဏာသိမ်းမူကြောင့်ဖြစ်သည်ဟု တညီတညွတ်တည်းဖြေဆိုကြသည်။ အကယ်၍ အရပ်သားအစိုးရသာ ဆက်လက်တည်ရှိနေပါက ထိုသို့မီးပြတ်တောက်မှုများရှိမည်မဟုတ်ကြောင်းနှင့် ရှိခဲ့လျှင်ပင် ခဏသာဖြစ်လိမ့်မည်ဟု ၎င်းတို့ကဖြေကြားပါသည်။

“အရင်အစိုးရလက်ထက်ကလို့ ဓာတ်အားတည်ငြိမ်ရေးတို့ ဘာတို့ အသာထားပါဦး။ အလှည့်ကျမီးပေးပြီးလို့ ပြန်လည်ရင်တောင် ဓာတ်အား ပြတ်လိုက်ပြန်လာလိုက်နဲ့ မငြိမ်ဘူး။ လျှပ်စစ်မီးပေးစနစ်က ပျက်စီးသွားပြီ၊ ၂၀၀၀ ခုနှစ်တုန်းကလို့ အခြေအနေမျိုးတွေ ပြန်တွေ့လာရတယ်”ဟု ရန်ကုန်မြို့​နေ ပြည်သူတစ်ဦးကရင်ဖွင့်သည်။

ရန်ကုန်မြို့ ၊သာကေတတွင်နေထိုင်သူ မအေးအေးအောင် (အမည်လွှဲ) ကလည်း မီးပြတ်​တောက်မှု​ကြောင့်​နေစဥ်ကြုံ​နေရ​သောအခက်အခဲများကို ယခုလို​မျှ​ဝေသည်။

“လျှပ်စစ်နဲ့တွဲနေတာကရေတင်တဲ့ပြဿနာပါ။အထပ်မြင့်လေ ပြဿနာကြီးလေပါပဲ။မီးလာတဲ့အချိန်လေးမှာအလုအယက်တင်ကြတဲ့အခါ အထပ်မြင့်လေ ရေကမတက်လေ။ ရေတက်တဲ့အချိန်လေးအတွင်းမှာ ရှိသမျှပုံးတွေခွက်တွေနဲ့ထည့်ရတော့ တိုက်ခန်းကျဉ်းကျဥ်းလေးမှာရေပုံးတွေနဲ့ပြည့်သွားရော၊နောက်တစ်နေ့ မီးလာဖို့ ရေတက်ဖို့ဆိုတာမသေချာဘူးလေ။နောက်တစ်ချက်ကမီးဖိုချောင်ကိစ္စ။ထမင်းပေါင်အိုးတည်ထားတုန်းမီးပြတ်သွားလို့ ပျော့တူးမနပ်စားရတာကလည်းအကြိမ်ကြိမ်မီးမလာလို့ဂက်စ်သုံးပြီးချက်ပြုတ်ရတဲ့အခါလောင်စာစရိတ်ပိုကုန်ကျလာတယ်။”

မီးပြတ်၍ မီးပွိုင့်တွင်မီးစက်နှိုးရန်ပြင်​နေ​သောယာဥ်ထိန်းရဲများ

မီးပြတ်​တောက်ခြင်းအပြင် စက်သုံးဆီ​ဈေးနှုန်းများပါစံချိန်တင်တက်သဖြင့် အ​ခြေခံစား​သောက်ကုန်များအပါအဝင် ကုန်​ဈေးနှုန်းအားလုံးတက်ကုန်သည်။

စက်သုံးဆီဈေးမှာ အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ရက်တွင်အောက်တိန်း 92 တစ်လီတာလျှင် ၆၅၅ ကျပ်မှ ယခုနှစ် မတ်လ ၂၇ ရက်တွင် ၂၀၅၅ ကျပ် ၊ဒီဇယ်တစ်လီတာလျှင် ၆၉၅ ကျပ်မှ တစ်နှစ်​ကျော် ကြာ​သောအခါ တစ်လီတာ ၂၂၀၀ ကျပ်အထိ့​ဈေးတက်လာသည်။ဆန်ဈေးမှာလည်း ၂၀၂၁ ဇန်နဝါရီ လကုန်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျင် ၃၇,၀၀၀ ကျပ် မှ ၂၀၂၂ မတ် ၂၇ တွင် ၆၂၀၀၀ ကျပ် အထိ့​ဈေးတက်ကုန်သည်။

အမေရိကန်ဒေါ်လာ​ငွေလဲနှုန်းမှာလည်း တစ်နှစ်​ကျော်အတွင်း၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ် မှ ၂၀၇၀ ကျပ်အထိ့ခုန်တက်ကုန်သည်။

မီးပြတ်တောက်ခြင်းကြောင့် အ​သေးစား၊အလတ်စားလုပ်ငန်းအများစုမှာရပ်တည်ရန် ခက်ခဲလာပြီး မီးစက်နှင့်လောင်စာဆီဖိုးမတတ်နိုင်သည့် လုပ်ငန်းငယ်​လေးများ ရပ်နားကုန်သည်။

လက်ရှိတွင် စစ်ကောင်စီကအလှည့်ကျမီးဖြတ်သည့် စနစ်ကို ကျင့်သုံးနေသည်ဆိုသော်လည်း သတ်မှတ်ချိန်မတိုင်ခင်မီးပြတ်တောက်ခြင်း၊ နေရာအချို့တွင် ညလုံးပေါက်မီးလာမည်ဟု ကြေညာထားသော်လည်း ပြတ်တောက်ခြင်း ၊မီးအားမပြည့်ခြင်း ၊ဓါတ်အားမငြိမ်၍မီးပြတ်​တောက်ခြင်းစသဖြင့် ​အ​ကြောင်းပြချက်အမျိုးမျိုးဖြင့် ပြတ်​နေဆဲဖြစ်၏။

မိးပျက်မှု​ကြောင့် အာဏာသိမ်း​ခေါင်း​ဆောင်က အ​စောပိုင်းရက်များတွင် လျှပ်စစ်ရထား ၊လျှပ်စစ်ကား စီမံကိန်းများလုပ်မည့်အ​ကြောင်း​ရောက်သည့်​နေရာတိုင်း​ပြောသည်မှာ ယခု​တော့ ရပ်သွား​ပြီဖြစ်သည်။စစ်အာဏာရှင်စနစ်မှာ အ​မှောင်ကို ကိုယ်စားပြု သည်​ပြောနိုင်​အောင်ပင် အာဏာလုအကြမ်းဖက်စစ်​ကောင်စီအသက်ဆက်နေသမျှ မီးအချိန်ပြည့်လင်းရန် မဖြစ်နိုင်ဟုသုံးသပ်သူများရှိသည်။ ပြည်သူ့အာဏာပြန်မရ​သေးလျှင် မြန်မာနိုင်ငံတွင် ​နေ​ရော၊ည​ရော ပိုမိုမဲ​မှောင်​နေမည်ပင်ဖြစ်သည်။

စွမ်းအင်ဆိုင်ရာ နိုင်ငံခြားကုမ္ပဏီတခုမှ မန်နေဂျာတစ်ဦးက “စစ်တပ်အာဏာသိမ်းထားတဲ့ ကာလပတ်လုံး လျှပ်စစ်ဓာတ်အားလုံလောက်ဖို့ဆိုတာ မလွယ်ကူလှဘူး။ စွမ်းအင် ထုတ်လုပ်ရေးစီမံကိန်းတွေဆိုတာ ရင်းနှီးမြှပ်နှံမူပမာဏကြီးတယ်။အချိန်ယူရတယ်။ ဒါကြောင့် တိုင်းပြည်တည်ငြိမ်ပြီး စီးပွားရေးကောင်းမှ ဒီလုပ်ငန်းတွေက ရင်းနှီးမြှပ်နှံမူဝင်တာ။ အခုလို အချိန်မှာကော ဘယ်လိုမှ ဝင်လာမှမဟုတ်ဘူး၊ရှိတဲ့ လုပ်ငန်းတွေလည်း လုံခြုံတဲ့စီးပွားရေးပတ်ဝန်းကျင် မဟုတ်ရင်ပြန်ထွက်သွားမှာပါပဲ”ဟု​ပြောပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်ကျည်သောစိတ်ဓာတ်ဖြင့် မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်ရန် လေးလေးနက်နက်ကတိကဝတ်ပြုလိုက်ကြောင်း ဖော်ပြသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အသက် ၅၅ နှစ်အရွယ် ​တောင်သာမြို့နယ်ဇာတိ၊ ဒေါက်တာသက်အောင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီးဖြစ်သည်။ Non CDM တစ်ဦးဖြစ်ပြီး စက်တင်ဘာလ ၈ရက်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

သတင်း

လူမှုရေးဘဝ သာယာဝပြောမှုသည် လုံးဝဥဿုံ ပျက်စီးနေပြီး ယခင်က ရရှိခဲ့သည့် ဖြစ်ပေါ်တိုးတက်မှုများအားလုံးသည်လည်း ပြောင်းပြန် အခြေအနေသို့ ရောက်ရှိနေကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။