Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မြန်မာ့တော်လှန်ရေးကိုအရှိန်မြှင့်ကူညီဖို့ အချိန်တန်ပါပြီ

တော်လှန်ရေးကို ပံ့ပိုးပေးပြီး ပြန်လည် တည်ဆောက်ရေးတွေ ဆောင်ရွက်မယ့် အစီအမံတွေက သေချာပေါက် အလုပ်ဖြစ်ပါ့မယ်လို့တော့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ အမှားအယွင်းတွေ အများကြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

မြန်မာနိုင်ငံမှာ မတရား အာဏာ သိမ်းယူထားတဲ့ စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံပုံတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းကို အုပ်စု ၃ ခု ခွဲခြား သတ်မှတ်နိုင်ပါလိမ့်မယ်။ ပထမ အုပ်စုမှာတော့ အရှက်မရှိ မျက်နှာပြောင် တိုက်ပြီး စစ်ကောင်စီကို ပြောင်ပြောင်တင်းတင်း ထောက်ပံ့နေတဲ့ ရုရှား၊ တရုတ်နဲ့ အိန္ဒိယတို့ ပါဝင်နေပါတယ်။ တရုတ်နဲ့ ရုရှားတို့ဟာ သူတို့ရဲ့ အမျိုးသား အကျိုးစီးပွားအတွက်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရှုထောင့်တစ်ခုတည်းကို ကိုင်ဆွဲပြီး စစ်ကောင်စီအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြပါတယ်။ ဒုတိယ အုပ်စုမှာတော့ အဖွဲ့ဝင် အချင်းချင်းတောင် သေချာ ညှိနှိုင်းလို့ မရသေးတဲ့ အာဆီယံ နိုင်ငံတွေ ပါဝင်ပါတယ်။ အာဆီယံဟာ မြန်မာ့ အရေး ဖြေရှင်းဖို့အတွက်ဆိုတဲ့ အခြေခံမူ ၅ ရပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက အဆိုပြုပြီး တောင်းဆိုထားခဲ့ပေမယ့် ဘာထိရောက်မှုမှ မရှိခဲ့သလို အခုဆိုရင် အဲဒီကိစ္စက လမ်းဆုံးရောက်သွားပြီလို့တောင် ပြောနိုင်ပါတယ်။ တတိယ အစုအဖွဲ့ကိုတော့ အနောက်အုပ်စု နိုင်ငံတွေလို့ သတ်မှတ်ရပါမယ်။ စစ်ကောင်စီအပေါ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်တာ၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေအတွက် ကူညီ ကမ်းလှမ်းတာတွေ အပါအဝင် အာဏာသိမ်းမှုကို အခိုင်အမာ ဆန့်ကျင်ပြနေပေမယ့် လက်နက်ကိုင် တော်လှန်မှုတွေအပေါ် ဝေဖန်နေပြီး ရဲရင့်ပြတ်သားတဲ့ လုပ်ဆောင်မှုမျိုးကိုလည်း လက်ရှောင်နေဆဲပါ။ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့အတွက် သတိကြီးကြီး ထားနေပြီး အာဆီယံရဲ့ မအောင်မြင်ခဲ့တဲ့ အစီအမံတွေကိုပဲ အားပေး ထောက်ခံချင်တဲ့ လမ်းကြောင်းမျိုးနဲ့ ရှေ့ဆက်နေပါတယ်။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

အာဏာ တည်မြဲရေးအတွက် သွေးရူးသွေးတမ်း အားထုတ်နေပြီး ကိုယ့်ပြည်သူတွေအပေါ် ရက်ရက်စက်စက် စည်းလွတ်ဝါးလွတ် တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ နိုင်ငံတကာ နောက်ခံမြင်ကွင်းတွေကတော့ အဲဒီအတိုင်း အမှန်တကယ် ဖြစ်ပေါ်နေပါတယ်။ မြန်မာ ပြည်သူတွေ အနေနဲ့လည်း လက်ရှိ အချိန်ထိ နိုင်ငံတကာ အသိုက်အဝန်းက ပိုပြီး ထိရောက် အားကောင်းတဲ့ အကူအညီတွေ ဘာကြောင့် မပေးနိုင်ကြသလဲ ဆိုတဲ့ မေးခွန်းကို တွင်တွင်ပြန်မေးရင်း စိတ်ပျက်လာကြပါပြီ။ တကယ်ဆိုရင် လက်ရှိ အနေအထားတွေက တကယ့်ကို ချောက်ချား တုန်လှုပ်စရာ ဖြစ်နေပါပြီ။ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အာဏာမွတ်သိပ်မှုနဲ့ စီးပွားရေး အစီအမံတွေမှာ ညံ့ဖျင်း အားနည်းလွန်းမှုတွေကြောင့် လူတွေ ထောင်နဲ့ချီ သေကြေခဲ့ရသလို နေရာအနှံ့မှာလည်း ဆုတ်ယုတ် ပျက်စီးမှုတွေ ဒုနဲ့ဒေးပါပဲ။ ဒါတောင်မှ ပြည်တွင်းမှာ အကြီးအကျယ် မငြိမ်မသက် ဖြစ်နေတာတွေ၊ အချိန်မရွေး ပြိုကျသွားနိုင်တဲ့ နိုင်ငံ့ စီးပွားရေး အခြေအနေတွေ၊ လူသားချင်း စာနာမှုနဲ့ ပတ်သက်လို့ ဆိုးရွားလွန်းတဲ့ အကျပ်အတည်းတွေအကြောင်း ထည့်မပြောရသေးပါဘူး။

ပြီးတော့ ဒီအခြေအနေတွေ အဆုံးသတ်သွားမယ့် အရိပ်လက္ခဏာမျိုးလည်း လောလောဆယ် မမြင်ရသေးပါဘူး။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ရင် ပြည်တွင်းမှာ ဘာတွေ ဖြစ်ပျက် ပြောင်းလဲနေသလဲ ဆိုတာတွေကို ကြည့်ပြီးပဲ ခန့်မှန်းတတ်ကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်း စစ်တပ်က သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်လာစေဖို့ ရည်မှန်းချက်နဲ့ လာမယ့်နှစ်မှာ အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ အားထုတ်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန် ကိုင်တွယ်မှုတွေက အရေးလည်းကြီး၊ အဓိကလည်း ကျလာပါလိမ့်မယ်။ ရွေးကောက်ပွဲ မတိုင်ခင် ကာလတလျှောက် မြန်မာစစ်တပ်ဟာ သူတို့ကို အာခံဖီဆန်နေတဲ့ ပြည်သူလူထု အလျှော့ပေးသွားအောင် ရက်စက်တဲ့ နည်းလမ်းတွေ၊ အကြမ်းဖက်မှုတွေနဲ့ အစွမ်းကုန် ဖိနှိပ်နေဦးမှာပါ။ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကိုလည်း သတ်ဖြတ်တာတွေ၊ ဒါမှမဟုတ် တရားစွဲဆို ထောင်ချတာတွေ လုပ်နေဦးမှာပါပဲ။ တစ်ချိန်တည်းမှာပဲ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ နိုင်ငံအနှံ့က တော်လှန်ရေး အင်အားစုတွေကလည်း သူတို့ရဲ့ ရုန်းကန် အားထုတ်မှုတွေကို ရှေ့ဆက်နေဦးမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ နိုင်ငံတကာ ထောက်ခံ အားပေးမှုတွေ ပိုမိုရရှိဖို့၊ စစ်တပ်က ထွက်ပေါက်တစ်ခု ရှာဖို့ လမ်းဖွင့်လာရတဲ့ထိ အားလျော့သွားဖို့ NUGက ဆက်ပြီး ကြိုးစားနေပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

ချိန်ခွင်ပေါ် တင်ကြည့်မယ်ဆိုရင် ဒီနေ့ အချိန်ထိ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းဆီက ထွက်ပေါ်လာတဲ့ အသားတင် ထိရောက်မှု တန်ဖိုးဟာ အလေးသာတဲ့ အဆင့်မှာ ရှိမနေပါဘူး။ တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့က စစ်ကောင်စီကို လက်နက်တွေ အပါအဝင် စစ်ကောင်စီကို ဘက်ပေါင်းစုံ ထောက်ပံ့မှုတွေကို ချိန်ခွင် တစ်ဖက်မှာတင်၊ စစ်ကောင်စီအပေါ် ပြည်သူလူထုရဲ့ မုန်းတီးတွန်းလှန်မှုအပေါ် တခြားနိုင်ငံတွေက စာနာ အားပေးနေမှုတွေကို ချိန်ခွင် တစ်ဖက်မှာတင်ကြည့်ရင် ဟန်ချက်ညီတဲ့ အခြေအနေ ဖြစ်နေပါလိမ့်မယ်။ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် (ဒီကိစ္စက ကျိန်းသေတယ်လို့ မပြောလိုပေမယ့် ဖြစ်နိုင်ခြေ များပါတယ်) စစ်ကောင်စီဟာ နောက်နှစ်မှာ အရှက်မရှိ ကျင်းပမယ့် ရွေးကောက်ပွဲ ရလဒ်ကို အသုံးချပြီး နိုင်ငံတကာ အမြင်မှာ တရားဝင်မှု အတိုင်းအတာ တစ်ခုလောက် ရယူသွားနိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း သူတို့ရဲ့ ကြမ်းတမ်းရက်စက်တဲ့ နည်းလမ်းတွေကို ပျော်ပျော်ကြီး ဆက်ကျင့်သုံးနေပါလိမ့်မယ်။ မြန်မာ ပြည်သူတွေ အတွက်ကတော့ ဆက်ပြီး ထိခိုက်နာကျင်မှုတွေ ကြုံနေရင်း ကမ္ဘာကြီးက၊ အထူးသဖြင့် ဒီမိုကရေစီကို အားပေးပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေက ယူကရိန်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ကူညီပေမယ့် သူတို့ကိုကျတော့ ဘာကြောင့် မျက်ကွယ် ပြုထားရသလဲလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ကျူးကျော် စစ်တပ်နဲ့ ထပ်တူထပ်မျှ ရက်စက်တဲ့၊ မကောင်းဆိုးရွားဆန်တဲ့ စစ်တပ်မျိုးကို ဆန့်ကျင်နေကြရရှာတာ ဖြစ်ပါတယ်။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

မျက်မှောက်ကာလဟာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု အနေနဲ့ မြန်မာစစ်ကောင်စီကို မနှစ်မြို့တဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့နဲ့ ပူးပေါင်းပြီး မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုတွေ အောင်မြင်စေရေးအတွက် ရည်မှန်းချက် ခိုင်ခိုင်မာမာနဲ့ အရှိန်အဟုန်မြှင့် အားထည့် ဆောင်ရွက်ပေးသင့်တဲ့ အချိန်မျိုး ရောက်လာပါပြီ။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

ဒီအားထုတ်မှုတွေအတွက် မြန်မာနိုင်ငံ အတွင်းပိုင်းမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ရှင်းရှင်းလင်းလင်း သဘောပေါက်အောင် ဆန်းစစ်မှုတွေနဲ့ အစပြုဖို့ လိုပါတယ်။ အခုက နိုင်ငံရေး ပြိုင်ဘက် အင်အားစု နှစ်ခုကြားမှာ အာဏာလွန်ဆွဲနေတဲ့ သာမန်ဖြစ်စဉ်မျိုး မဟုတ်ပါဘူး။ အမုန်းတရား ကြီးစိုးတဲ့၊ အကျင့်ပျက် ခြစားနေတဲ့၊ သွေးဆာရက်စက်ပြီး လူနည်းစု တိုင်းရင်းသားတွေအပေါ် ဆယ်စုနှစ်တွေနဲ့ချီ စစ်ပွဲတွေ ဆင်နွှဲပြီး ဖိနှိပ်နေခဲ့တဲ့ စစ်တပ်အပေါ် တစ်နိုင်ငံလုံးက အုံကြွ ဆန့်ကျင်လာတဲ့ ကိစ္စမျိုးပါ။ အဲဒီ စစ်တပ်ကပဲ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ဖူးသလို အခုဆိုရင် အရှေ့တောင်အာရှ ဒေသမှာ ခမာနီခေတ် နောက်ပိုင်း အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ အဆိုးယုတ်ဆုံး ကိစ္စတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ပြနေပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုကို အားပေးပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်သွားစေဖို့ ရည်ရွယ်ထားပါတယ်ဆိုတဲ့ အာဆီယံ မူ ၅ ချက်ကလည်း လက်တွေ့ အခြေအနေတွေနဲ့ ကိုက်ညီ ထင်ဟပ်မှု မရှိတာကြောင့် မရှုမလှ အဆုံးသတ်သွားပါပြီ။ မြန်မာစစ်တပ်ဟာ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာကို ရပ်တန်းကရပ်ဖို့ အလားအလာ မရှိပါဘူး။ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်ဖြစ်၊ တခြား ပုဂ္ဂိုလ် တစ်ယောက်ယောက်ကဖြစ်ဖြစ် မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက် တသိုက်ကို ဆင်ခြင်တုံတရား ရှိလာအောင် နားချ စည်းရုံးနိုင်စရာ အကြောင်းမမြင်ပါဘူး။ သူတို့ရဲ့ ကြမ်းတမ်း ရက်စက်မှုတွေကို စွန့်လွှတ်ပြီး အမှန်တကယ် အလျှော့ပေး ဆွေးနွေးသင့်ပြီလို့ စစ်တပ်က သက်ဝင်ခံစားမှု ရှိမလာမချင်း မြန်မာပြည်သူတွေ လက်ခံပေးနိုင်မယ့် နိုင်ငံရေး ဆွေးနွေးမှုတွေ အထမြောက်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဇူလိုင် ၂၅ ရက်မှာ အတိုက်အခံ နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို စစ်တပ်က သေဒဏ်စီရင်လိုက်တာဟာ အာဆီယံရဲ့ အစီအမံတွေ အားလုံးကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်လိုက်တဲ့ အဓိပ္ပါယ်ပါပဲ။ ၁၅ လလုံးလုံး ကြာမြင့်ပြီးချိန်ထိ ဘာဆိုဘာမှ အလုပ်မဖြစ်ခဲ့တဲ့နောက် အာဆီယံက ပြောပြောနေတဲ့ ဘုံသဘောတူညီမှု ၅ ရပ်ဆိုတာဟာ သေဆုံးသွားရှာပြီဖြစ်ပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်သင့်ပြီဆိုတာ သိပ်ကို ရှင်းလင်း ထင်ရှားလာခဲ့ပါပြီ။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

ဒီအကျပ်အတည်းကနေ မြန်မာနိုင်ငံ ရုန်းထွက်လာပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုတွေ ပြန်တည်ဆောက်ဖို့ မျှော်လင့်နေတယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက စစ်တပ် လက်ထဲက အာဏာကို မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ ဖယ်ရှားပစ်ဖို့သာ ကျန်ပါတော့တယ်။ အနည်းဆုံးတော့ စစ်တပ်က အင်အားချိနဲ့သွားပြီး အာဏာကို အပိုင်သိမ်း မထားနိုင်တော့ဘဲ သိက္ခာဆယ်ပြီး အလျှော့ပေး ဆွေးနွေးလာတဲ့ အနေအထားတစ်ခု ရောက်တဲ့ထိ ဖိအားပေးဖို့ လိုပါတယ်။ အဲဒါအပြင် တခြားရွေးစရာ လမ်းက တကယ်ပဲ လုံးဝ မရှိနိုင်တော့ပါဘူး။ ၂၀၂၃ မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဆိုတာဟာ စစ်တပ်က မြန်မာနိုင်ငံကို တစ်ပါတီ ကြီးစိုးတဲ့ စနစ်အောက် သွတ်သွင်းဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်း သက်သက်ပါပဲ။ စစ်တပ်ကတော့ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”လို့ မတန်မရာ သုံးနှုန်းထားပါတယ်။

မြန်မာ ပြည်သူတွေအပေါ် ဂရုစိုက် အလေးထားပေးချင်တဲ့၊ အနည်းဆုံးတော့ မြန်မာနိုင်ငံကို ပြန်လည် တည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက်မှု မျှော်လင့်ချက်တွေ ပြန်လည် ဆောင်ကြဉ်းပေးချင်တဲ့ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ လက်ရှိ မြန်မာ့အရေးဆိုင်ရာ ချဉ်းကပ်မှု နည်းလမ်းတွေကို ပြန်ဆင်ခြင် သုံးသပ်ပြီး ပိုမို ရဲရင့်ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဖို့ လိုအပ်နေပါပြီ။ ဒါမှသာ တော်လှန်ရေး အင်အားစုတွေ အောင်ပွဲခံနိုင်မယ့် အခွင့်အလမ်း ပိုများပြားလာမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ အခု ဖော်ပြမယ့် အချက်တွေကို ပြန်ပြီး အလေးထား စဉ်းစားသင့်ပြီ ဖြစ်ပါတယ်။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

– ကောင်းကျိုးထက် ထိခိုက်နစ်နာမှု ပိုများနေတာ၊ ပြဿနာတွေ ဖြေရှင်းနိုင်မယ့် နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခုလို ထင်ယောင်ထင်မှား ဖြစ်စေတာ၊ စစ်ကောင်စီကို အတိုင်းအတာ တစ်ခုထိ တရားဝင်သလို အသိအမှတ် ပြုထားတာတွေ ရှိနေတဲ့ အာဆီယံ ဘုံသဘောတူညီမှု ၅ ရပ်ကို မလေးရှား အစိုးရက အကြံပြုထားသလိုပဲ အပြီးတိုင် ဖျက်သိမ်းသင့်ပါတယ်။

– NUG အစိုးရရယ်၊ စစ်အာဏာရှင်ကို တက်တက်ကြွကြွ တွန်းလှန် ဆန့်ကျင်နေတဲ့ တခြား အရေးပါတဲ့ အင်အားစုတွေရယ်၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် (EAO) အဖွဲ့အစည်းတွေ၊ အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုကို ဦးဆောင်သူတွေနဲ့ လူသိရှင်ကြားရော၊ သီးသန့် အစီအစဉ်တွေနဲ့ပါ ချိတ်ဆက် ဆွေးနွေးမှုကို သိသိသာသာ အရှိန်အဟုန် မြှင့်တင်သင့်ပါတယ်။

– အမာခံ တော်လှန်ရေး အင်အားစုတွေကို ပံ့ပိုး ကူညီပေးနေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ NUG၊ NUCC၊ ပြည်နယ်အဆင့် အတိုင်ပင်ခံ ကောင်စီတွေ၊ ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေး တာဝန်ယူထားသူတွေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အရပ်ဖက် လုပ်ငန်းဆိုင်ရာ ဌာနတွေ၊ သပိတ် ကော်မတီတွေနဲ့ CDM လှုပ်ရှားမှု အဖွဲ့တွေဆီ ပေးပို့နေတဲ့ အထောက်အပံ့တွေကို အနည်းဆုံး ၂ ဆလောက် တိုးမြှင့်ပေးသင့်ပါတယ်။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

– စစ်တပ်ကို စွန့်ခွာပြီး ခိုလှုံလာသူတွေကို ဆွဲဆောင် ထောက်ပံ့ပေးမယ့် ရန်ပုံငွေ ကိစ္စ အပါအဝင် NUGနဲ့ မဟာမိတ် အဖွဲ့တွေအတွက် ငွေကြေးဖြည့်တင်း ကူညီဖို့ စိတ်ကူးဆန်းသစ်တဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။

– အမေရိကန်ကို ရောက်ရှိနေတဲ့ တော်လှန်ရေး လှုပ်ရှားသူတွေအတွက် ထောက်ပံ့ကြေးနဲ့ တခြား အခွင့်အရေးတွေ တိုးမြှင့် ကူညီပေးတာ၊ ထိုင်းနဲ့ အိန္ဒိယ အပါအဝင် တခြားနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာ ကျောင်းသားတွေအတွက် ပညာရေး ရန်ပုံငွေ မြှင့်တင်ပေးတာမျိုး (NUG၊ ဒါမှမဟုတ် EAOက ဖွင့်လှစ်ထားတဲ့ ကျောင်းတွေနဲ့ အွန်လိုင်းကနေ သင်ကြားပို့ချမှုတွေ အပါအဝင်)လုပ်ဆောင်သင့်ပါတယ်။

– စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာ အစိုးရတွေ စုပေါင်း ညှိနှိုင်းပြီး စစ်ကောင်စီနဲ့ ဆက်စပ်သူတွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့တာ၊ အရင်းအမြစ်တွေ မျှဝေတာ၊ စစ်ကောင်စီအတွက် ဝင်ငွေရင်းမြစ် ရရှိစေမယ့် ကိစ္စတွေကို ဖြစ်နိုင်သမျှ ဖော်ထုတ်ပြီး ပိတ်ပင်တာ၊ သိမ်းယူတာတွေ ရှိသင့်ပါတယ်။

– စစ်တပ်အတွက် ငွေကြေး အမြောက်အမြား စီးဝင်စေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းအပေါ် ဥရောပ သမဂ္ဂ အရေးယူ ပိတ်ဆို့ခဲ့တဲ့ လမ်းစဉ်အတိုင်း လိုက်ပါ ကျင့်သုံးဖို့ အမေရိကန် အစိုးရ အနေနဲ့ ပြန်လည် စဉ်းစား သုံးသပ်သင့်ပါတယ်။ ဒီလို ပိတ်ပင်လိုက်တဲ့အခါ အမေရိကန်ရဲ့ မဟာမိတ် ထိုင်းနိုင်ငံအတွက် စွမ်းအင် တင်သွင်းမှု ပြဿနာတွေ ဖြစ်လာစေနိုင်ပေမယ့် ဒီပြဿနာကို ဖြေရှင်းပေးဖို့ အထူးအဖွဲ့အစည်း တစ်ရပ် တာဝန်ပေးပြီး ကိုင်တွယ်ပေးသင့်ပါတယ်။

– စစ်တပ်ရဲ့ စီမံကွပ်ကဲမှု ဖြတ်သန်းရမယ့် လူသားချင်း စာနာမှု အထောက်အပံ့ အားလုံးကို ရပ်တန့်ပစ်သင့်ပါတယ်။ အဲဒီအစား ထိုင်းနဲ့ အိန္ဒိယတို့ကနေတဆင့် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့ လှုပ်ရှားမှုတွေ အကောင်အထည် ဖော်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဦးဆောင် တာဝန်ယူသင့်ပါတယ်။

– အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂမ်ဘီယာ အစိုးရက တရားလိုပြုပြီး စွဲချက်တင်ထားတဲ့ ရိုဟင်ဂျာ ကိစ္စအပါအဝင် နိုင်ငံတကာ ဥပဒေတွေနဲ့အညီ စစ်ကောင်စီကို အရေးယူဖို့ ကြိုးစား အားထုတ်မှုတွေကို နှစ်ဆတိုး အရှိန်မြှင့်ဖို့ လိုပါတယ်။

– နောက်ဆုံး အချက်ကတော့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဒဲရက်ခ် တွန်ကင်စ် အကြံပြုခဲ့ဖူးသလိုပဲ NUGရဲ့ ရုံးတွေကို အသိအမှတ်ပြု ဖွင့်လှစ်ခွင့် ပေးထားတဲ့ နိုင်ငံတွေ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာသင့်ပါတယ်။

နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ
နိူင်ငံတစ်ဝန်းက PDF တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDFပူး​ပေါင်းတပ်များ

ဒီလုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ဖို့ဆိုရင် စစ်ကောင်စီကို ဖြိုချဖို့ ကြိုးစားနေတဲ့ တော်လှန်ရေး အင်အားစုတွေကို အကူအညီ ပေးကြဖို့ ဆိုတာဟာ အဆောတလျင် လိုအပ်တဲ့ လုပ်ငန်းစဉ် တစ်ခုမှန်း နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု လက်ခံထားရပါမယ်။ ပြီးတော့ ဒီကိစ္စ တစ်ခုတည်းနဲ့တင် လုံလောက်ဦးမှာ မဟုတ်တာကိုလည်း နားလည်ထားရပါမယ်။

လွန်ခဲ့တဲ့ ၁၈ လတာ ကာလအတွင်း ကြုံတွေ့ခဲ့သမျှ ထိခိုက်နစ်နာ ပျက်စီးမှု အစုစုကို ပြန်လည် ထူထောင် တည်ဆောက်ဖို့၊ လက်ရှိနဲ့ အတိတ်ကာလက ကျူးလွန်ခဲ့တဲ့ မတရား ဖြစ်စဉ်တွေကို တာဝန်ခံစေဖို့၊ ဒါ့အပြင် ပိုအရေးကြီးတဲ့ ကိစ္စအဖြစ် ရိုဟင်ဂျာတွေ အပါအဝင် များမြောင်လှတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ လူများစု ဗမာတွေကြား ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့ မြန်မာနိုင်ငံ အနေနဲ့ အရမ်းကြီးမားတဲ့ အခက်အခဲတွေကို ရုန်းကန် ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။

တော်လှန်ရေးကို ပံ့ပိုးပေးပြီး ပြန်လည် တည်ဆောက်ရေးတွေ ဆောင်ရွက်မယ့် အစီအမံတွေက သေချာပေါက် အလုပ်ဖြစ်ပါ့မယ်လို့တော့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ အမှားအယွင်းတွေ အများကြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ဒီအဆိုပြုချက်မှာ အောင်မြင်နိုင်တဲ့ ဖြစ်တန်ခြေတွေ ရှိနေပါတယ်။ သေချာတာက မြန်မာစစ်တပ်က အာဏာလက်ကိုင် ထားနေသ၍ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်ဆိုတာ ဆိတ်သုဉ်း ပျောက်ကွယ်နေဦးမှာပါပဲ။

(၂၀၁၆ မှ ၂၀၂၀ ပြည့်နှစ်ထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ စကော့တ် မာစီရယ်လ် ရေးသားပြီး United States Institute of Peace(USIP)က ဖော်ပြထားသည့် It’s Time to Help Myanmar’s Resistance Prevail ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။