မုံရွာမြို့တွင်သူရဲကောင်းတို့သွေးမြေကျမှု အများဆုံးနေ့မှာ ၂ နှစ်တိုင်လေပြီ။၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် မုံရွာမြို့ ဘုရားနီလမ်းတွင် အာဏာလုစစ်ကောင်စီကို ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုစဥ် စစ်တပ်ကပစ်ခတ်သတ်ဖြတ်၍ အာဇာနည် ၉ ဦးကျဆုံးခဲ့သည်။
မုံရွာမြို့အပါအဝင် ရန်ကုန် ၊မန္တလေး မြို့များအပါအဝင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြသူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ နွေဦးတော်လှန်ရေးတွင် ပြည်သူများ သွေးမြေကျမှု အများဆုံးနေ့ထဲမှတစ်နေဖြစ်၏ ။
သို့သော် ကျူးလွန်ခဲ့သာ ရာဇဝတ်သားများမှာ ယခုချိန်အထိ့ လွတ်မြောက်နေဆဲပင်။
” အဲ့ဒီလမ်းထိပ်(ဘုရားနီလမ်းထိပ်)ကို ကျွန်တော်တို့ ရောက်တဲ့အခါမှာ တဖက်ကနေ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ထား တယ်။ ထုံးစံ အတိုင်း ကျွန်တော်တို့ကို လူစုခွဲဖို့ ပြောတယ်။ ပြောနေတုန်း စစ်ကားတွေပါရောက် လာတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကျွန်တော်တို့ လူထုနဲ့ ထိပ်တိုက်တွေ့ကြတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာဘဲ ရေကားက စဖြိုခွင်းတော့တယ်။ ရေကားကို စသုံး တယ်။ရေကားနဲ့ အပြိုင် ခဏလေးအတွင်းဘဲ လူထုကို ရက်ရက်စက်စက် မျက်ရည်ယိုဗုံးတွေ၊ကျည် အစစ် တွေနဲ့ပါ ပစ်ခဲ့တယ်။ အဲ့ဒီနေ့မှာကိုးယောက်ထိ ကျခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ ရသူ တွေလဲ များခဲ့ပါတယ်”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုခန့်ဝေဖြိုး က ဘုရားနီလမ်း အကြမ်းဖက်ခံရမှုကိုပြောကြားထားသည်။
စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကိုကေဇဝင်းအပါအဝင် ပြည်သူ၉ ဦး ကျဆုံးခဲ့သည်။
ထိုနေ့တွင် မုံရွာမြို့အခြေစိုက် ကဗျာဆရာတစ်ဦးဖြစ်သူ ကိုကေဇဝင်း(ခ)ချမ်းသာဆွေသည် မုံရွာမြို့ ၊ ပြည်ထောင်စုလမ်း၊ ဘုရားနီအနီး၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများထဲတွင် ပါဝင်ခဲ့သည်။ ထိုပြည်သူများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာတွင် ကိုကေဇဝင်း၏ ဦးခေါင်းအား ကျည်ထိမှန်ကာ ကျဆုံးခဲ့ရခြင်းသည်။
ကွယ်လွန်ချိန်တွင် ကိုကေဇဝင်းမှာ အသက် ၃၉ နှစ်သာရှိသေးပြီး ၎င်းနှင့်အတူ ကျဆုံးသူများတွင် အသက် ၂၀ မပြည့်သေးသူ၃ဦး၊ အသက် ၂၅ မပြည့်သေးသူ ၃ ဦးနှင့် အသက် ၄၀ မပြည့်သေးသူ ၂ ဦးတို့ပါဝင်သည်။
ကျဆုံးသူ ၉ ဦးမှာ မောင်ဇင်မျိုးမောင် (၁၈ နှစ်)၊ မောင်မင်းခန့်ကျော်(ခ) မောင်ဖိုးသဲ (အသက် ၁၇ နှစ်)၊ ကိုဇော်သိန်းအောင် (၂၀ နှစ်)၊ မကျော့နန္ဒာအောင် (၂၅ နှစ်)၊ ကိုမိုးအောင် (၂၃ နှစ်)၊ ကိုဝေယံ (ခ)ကိုကံချွန် (၂၅ နှစ်)၊ ဆရာမ ဒေါ်မြင့်မြင့်ဇင် (ခ) စာရေးဆရာမ ကြည်လင်အေး (၃၆ နှစ်)၊ ကိုနိုင်ဝင်း (၄၅ နှစ်)၊ ကဗျာဆရာ ကေဇဝင်း (၃၉ နှစ်) တို့ ဖြစ်သည်။
ကိုကေဇဝင်းနှင့် အခြားကျောင်းသားတစ်ဦးမှာ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ၎င်းတို့၏ခန္ဓာကိုယ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရွတ်တိုက်ဆွဲကာ အချုပ်ကားပေါ်တင်ဆောင်သွားခဲ့သည်။
နောက်တစ်နေ့တွင် စစ်ကောင်စီတပ်က ကိုကေဇဝင်းအပါအဝင် ပစ်ခတ်သတ်ဖြတ်ခံရသူများ၏ အလောင်းများအား မိသားစုဝင်များအား လာထုတ်ခိုင်းပြီးနောက် ခပ်မြန်မြန်ပင် ဖိအားပေးသင်္ဂြိုလ်ခိုင်းခဲ့သည်။
နိုင်ငံ့အနာဂါတ်နှင့် မျိုးဆက်သစ်လူငယ်များအတွက် ဒီမိုကရေစီရန် လူသတ်လက်နက်ကိုင်ထားသော အကြမ်းဖက်သမားများကို အပ်တိုတစ်ချောင်းပင်မပါဘဲ အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြရင်း အာဇာနည်များက၎င်းတို့၏ အသက်၊ ခန္ဒာနှင့် သွေးချွေးများကို နွေဦးတော်လှန်ရေး လမ်းခရီးတွင်စတေးခဲ့ကြသည်။
ထိုကြောင့်လူပင်သေသော်လည်း အာဇာနည်များ၏ အမည်နာမနှင့် ဂုဏ်သတင်းမှာထာဝရရှင်သန်နေမည်ဖြစ်သည်။
“ဒီတိုက်ပွဲကနောက်ဆုံးတိုက်ပွဲ၊စစ်အာဏာရှင်ကို အမြစ်ဖြတ်ပစ်ရမယ့်နောက်ဆုံးတိုက်ပွဲ ။နောက်ဆုံးတိုက်ပွဲဖြစ်တဲ့အလျှောက်ရန်သူကလည်း ကျွန်တော်တို့ကို အများကြီးခုခံလိမ့်မယ် ။အဲဒီတော့ ခုခံတဲ့အလျှောက် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ အသက်တွေ ၊ဘဝတွသေသင့်ရင့်သေရလိမ့်မယ်”ဟု ကဗျာဆရာကေဇဝင်းက မကျဆုံးမီရက်ပိုင်းအလိုတွင် ရဲရဲတောက်မိန့်ခွန်းပြောကြားခဲ့သည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် နေပြည်တော်မှ မမြသွဲ့ခိုင်မှအစပြု၍ ပြည်သူထောင်၊သောင်းချီ၍ အသက်၊ခန္ဒာများစွန့်၍ စစ်အာဏာရှင်ဖြုတ်ချရေးကြိုးပမ်းနေကြဲဖြစ်သည်။ ကျဆုံးအာဇာနီများကို အကောင်းဆုံးဂုဏ်ပြုရန်မှာ ၎င်းတို့မပြီးဆုံးသေးသောတာဝန်များကိုလက်ဆင့်ကမ်းယူရင်း၊ သူတို့၏ ဆန္ဒပြည့်ဝစွာဖြစ်ပေါ်လာအောင် ဝိုင်းဝန်ကြိုးစားပေးခြင်းသာတစ်ခုတည်းသောတည်းလမ်းဖြစ်ပေသည်။
နွေဦးတော်လှန်ရေးခရီးသည် ခက်ခဲကြမ်းတမ်းလှသလို ၊စစ်တပ်မီးရှို့၍ ပြည်သူ့နေအိမ်များလောင်ကျွမ်းသောမီးကဲ့သို့လည်းပူပြင်းလှပါသည်။သို့သော် လွန်ခဲ့သော ၂ နှစ်က ကျဆုံးခဲ့သော အာဇာနည်များ၏ ခိုင်ကျည်သော သံဓိဌာန်နှင့် ရဲရင့်မှုများက တော်လှန်ပြည်သူများကို လူထုအောင်ပွဲဆီသို့ အကောင်းဆုံးလမ်းပြပေးနေပါသည်။
တော်လှန်ကဗျာဆရာ ခက်သီကဲသို့ပင် ကေဇာဝင်း၏ ကဗျာနှင့် စကားလုံးတစ်လုံးချင်းစီကလည်း တော်လှန်ပြည်သူများကို ခွန်အားများပေးနေပါသည်။ အာဇာနည်ကဗျာဆရာ ကေဇဝင်း ကျဆုံးမှူ ၂ နှစ်ပြည် ၎င်း၏ ကဗျာ ၂ ပုဒ်ဖြင့်ဂုဏ်ပြုရင်း ဖော်ပြလိုက်ပါသည်။
▪︎ခေါင်းခွံများအကြောင်း
__________________
တော်လှန်ရေးက
လေရေမြေ အာဟာရညီမှ ပွင့်တဲ့ ပန်းပဲ
တော်လှန်ရေးမပွင့်ခင်
လမ်းမပေါ် ပွင့်ထွက်သွားနဲ့ ခေါင်းခွံက
စကားတခွန်း ပြောသွားသေးလား
မိစ္ဆာတွေနဲ့ တေ့တေ့ရင်ဆိုင်နေရချိန်မှာ
သဘောထားကြေငြာချက်တွေဟာ အရေးပါသေးလား
ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်
မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့စနက်တံဟာ
ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။
-(ကေဇဝင်း)
▪︎နေပူထဲမှာ နေမယ်
နေရောင်ထဲ
သမဂ္ဂအလံတော်ဟာ ရဲရဲပွင့်ပွင့် လွင့်နေတယ်
အရိပ်လိုချင်ရင်
နေပူထဲက စောင့်ရတယ်
ဒီမိုကရေစီလိုချင်ရင်
စစ်အာဏာရူးတွေရဲ့ သွေးအိုင်ထဲက စောင့်မယ်
နေက သိပ်ပူတယ်
အဓမ္မတရားရဲ့ ငရဲမီးက
ငါတို့ခေါင်းပေါ်ကနေထက် အဆထောင်သောင်း ပိုပြီး ပူတယ်
ဒီတိုက်ပွဲ မနိုင်မချင်း
ငါတို့ပြည်သူတွေ နေပူထဲမှာ ဆက်နေမယ် ။
ကေဇဝင်း (ဖေဖေါ်ဝါရီ ၂၄ ၊ ၂၀၂၁) ။ ။