ဇူလိုင်-၁၉၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအလေးပြုခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းက မုံရွာခရိုင် အမှတ်(၈၊ ၉၊၁၀၊၁၁၊၁၂၊၁၅)တပ်ရင်းတွေ စုပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တော်လှန်ရေးဒေသတစ်ခုမှာ ပြုလုပ်ခဲ့ကြပါတယ်။
အခမ်းအနားမှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ ဖက်ဒရယ်နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း တိုက်ပွဲတွေမှာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတဲ့ နွေဦးတော်လှန်ရေး အာဇာနည် သူရဲကောင်းတွေကို သတိရအောက်မေ့ လွမ်းသူ့ပန်းခွေချခဲ့ကြပါတယ်။

Public Service Announcement
ရွှေဘိုခရိုင်အမှတ်(၂)တပ်ရင်းမှ ရဲဘော်တွေကလည်း (၇၉)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည်(၉)ဦးနဲ့တကွ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျဆုံးခဲ့ရသော ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဦးညွှတ်အလေးပြုခဲ့ပါတယ်။
ယင်းအခမ်းအနားကို ရွှေဘိုခရိုင်အမှတ်(၂)တပ်ရင်းမှ ရဲဘော်တွေအပြင် ဝက်လက်မြို့နယ် ပအဖ၊ပကဖနဲ့ လူသားစာနာသူတို့ တက်ရောက်ခဲ့ပြီး အာဇာနည်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစွာပြုခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော် PDF အမှတ် (၈၀၇) တပ်ရင်းမှ ရဲဘော်တွေကလည်း ဒီနေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦး၊ ခေတ်အဆက်ဆက် ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းတွေကို အောက်မေ့သတိရအလေးပြုခြင်း အခမ်းအနားပြုလုပ်ခဲ့တာပါ။
နေပြည်တော်PDF အမှတ် (၈၀၇) တပ်ရင်းအနေနဲ့ ခေတ်အဆက်ဆက်ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအပေါ် သစ္စာစောင့်သိပြီး အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိတိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုခဲ့ပါတယ်။
စစ်ကိုင်းဒေသ ၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတရွာမှာလည်း ၅/ဆလက လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ပြီးတော့ အာဇာနည်နေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။
လူထုလှုပ်ရှားမှုကို ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတရွာမှာရှိတဲ့ ကျဆုံးသွားတဲ့ ရဲဘော် အာဇာနည် ဂူဗိမ္မာန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်သူတွေနဲ့အတူ ကျေးရွာ ပကဖ ၊ ကျားညီနောင် PDF SPDF ၊ မျိုးဆက်သစ်လူငယ် PDF ၊ နောင်ကြီး PDF ၊ အညာသားကြီး PDF အစရှိတဲ့ တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး နဲ့တကွ ခေတ်ဆက်ဆက်၊ သမိုင်းအဆက်ဆက် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့ ချီတက်အလေးပြုခဲ့ပါတယ်။
ဂဋုန်တပ်တော် ဒီပဲယင်းအခြေစိုက် PDF ရဲဘော်တွေကလည်း အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်ခေါင်းဆောင်တွေနဲ့ သမိုင်းအဆက်ဆက် ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း အပေါင်းတို့အား ဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တွေကလည်း (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့ပါတယ်။
ဒီနေ့ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းမှာ အထိမ်းအမှတ်အခမ်းအနားတွေ ၊ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – ရွှေဘိုခရိုင်အမှတ်(၂)တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း၊ မိုးညှင်း PDF ၊ GSCB


















































