စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ စစ်ရှောင် ပြည်သူများအဖို့ စစ်ကောင်စီ၏ အကြမ်းဖက်နှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းများ ကြုံတွေ့နေရသည့်အပြင် ပူပြင်းခြောက်သွေ့လှသောဧပြီလက စတင်ကာ တစ်ပူပေါ်နှစ်ပူဆင့်စေသည်မှာ ရေရှားပါးမှုပြဿနာ ရင်ဆိုင်လာရခြင်းဖြစ်သည်။
ခင်ဦးမြို့နယ်အတွင်း မိုးခေါင်ရေရှားမှုကြောင့် ချိုးရေအသာထား၊ သောက်သုံးရေပင် ရရှိရန်ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။
“ရေဆိုတစ်ရက်ခြားလောက်ပဲချိုးရတယ်။ ဒါတောင်ဝဝလင်လင်မချိုးရဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ၎င်းတို့ဝင်ရောက်ခဲ့သည့် ကျေးရွာများတွင်လည်း လျှပ်စစ်ထရန်စဖော်မာများ၊ ရေဘုံဘိုင်များကို ဖျက်ဆီးသွားသောကြောင့် ရေရရှိမှု ပိုမိုခက်ခဲလာကြောင်းဒေသခံတို့က ပြောသည်။
“ရေရှိတဲ့ဘက်တွေကို ညအိပ်ညနေသွားခပ်ရတယ်။”ဟု ခင်ဦးဒေသခံတစ်ဦးက ပြောသည်။




သို့သော်နီးနီးနားနားမဟုတ်ပါ။ ရေတစ်ပုံးရဖို့အရေး ၃ မိုင်ခန့်ဝေးသည့်နေရာရှိ ရေအိုင်ငယ်များထံမှ သွားရောက်ခပ်ယူနေရကြောင်း ဒေသခံစစ်ရှောင်များက ပြောသည်။
ထိုရေအိုင်ငယ်များမှာလည်း ခမ်းခြောက်စပြုနေပြီဖြစ်၍ ရေရှားပါးပြတ်လပ်မှုပိုမိုကြုံတွေ့လာနိုင်ကြောင်း ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။
“ခင်ဦးကန့်ဘလူနယ်စပ်တွေဆိုတော့ စစ်ကြောင်းတွေထိုးတဲ့အခါမှာ ကန့်ဘလူဒေသခံတွေကော ခင်ဦးဒေသခံတွေကော ရေရှားတဲ့နေရာတွေမှာ ရှောင်တတ်ကြတာရှိတယ်။စစ်ရှောင်တွေကော နဂိုနေတဲ့သူတွေကော ပေါင်းလိုက်တဲ့အခါမှာ လူဦးရေကများလာတယ်။ ရေအခက်အခဲကတအားသိသာလာတယ်။”ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူကိုနေသူရက ပြောသည်။
ရေရှားပါးမှုမှာ ခင်ဦးနယ်တွင်သာမကဘဲ စစ်ကိုင်းတိုင်းအတွင်းရှိ ဘုတလင်၊ ဒီပဲယင်း၊ ယင်းမာပင်၊ အရာတော် စသည့်မြို့နယ်များတွင်လည်း ကြုံတွေ့နေရကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီရေးအဖွဲ့ကတာဝန်ရှိသူက ပြောသည်။




“ဆည်တွေကနေလာတဲ့ လက်တံရေတွေက နွေရာသီမှာရေခမ်းပေမယ့်မှီခိုလို့ရသေးတယ်ပေါ့။အခုကျဘာကိုမှ မှီခိုလို့မရတော့ဘူး။ ရေကလည်းခမ်းခြောက်သွားပြီ။ မီးကလည်းအကုန်လုံး ရှို့ခံထားရတော့ ခြောက်သွေ့နေပြီ။ လက်တံရေလည်းမလာဘူး။ ရေတွင်းရေကန်တွေကလည်းပျက်စီးသွားပြီ မီးရှို့ခံထားရတော့။”ဟု S&Cအဖွဲ့ တာဝန်ရှိသူ က ပြောသည်။
အချို့ဒေသများတွင် ကျွဲနွား တိရစ္တာန်များပါ အစာရေစာရှားပါးပြတ်လပ်၍ အားပြတ်ကာ သေဆုံးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
စစ်ရှောင်ပြည်သူများမှာထွက်ပြေးတိမ်းရှောင်ရင်းမောပန်း၍ ရေသောက်လိုသော်လည်း ရေတစ်ခွက်ကိုပင် ဝဝလင်လင်မသောက်ရရှာပေ။
“သောက်လိုက်ရင်လည်း ရေတွေက ရေပူကြီး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ အညာသဘာဝပူပြင်းခြောက်သွေ့သည့်အပြင် အကြမ်းဖက်စစ်တပ်က နေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သဖြင့် အရိပ်နည်းသွားပြီးသောက်သုံးရေများမှာယခင်ကဲ့သို့မအေးချမ်းနိုင်တော့ပေ။
ရေဘုံဘိုင်များတူးဖော်ပေးရန် ကြိုးစားနေသော်လည်း ရေဘုံဘိုင်ပစ္စည်းများအား စစ်ကောင်စီတပ်က လမ်းကြောတလျှောက် စစ်ဆေးခြင်းများ ပြုလုပ်နေ၍ အခက်တွေ့နေရသည်ဟု ဒေသတွင်းလူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။


“အရင်တစ်ပတ်က စစ်ကြောင်းတွေဆက်တိုက်ထိုးနေတဲ့အတွက် လုပ်ဖို့ကအခွင့်မသာဘူး။ ပစ္စည်းတွေ သံတွေဝယ်တဲ့အခါ ဒါတွေကဘာလုပ်ဖို့လဲဆိုပြီး စစ်ဆေးတာတွေရှိတော့ ကြန့်ကြာတာတွေရှိတယ်။”ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူကိုနေသူရက ပြောသည်။
“ခင်ဦးကန့်ဘလူနယ်စပ်တွေဆိုတော့ စစ်ကြောင်းတွေထိုးတဲ့အခါမှာ ကန့်ဘလူဒေသခံတွေကော ခင်ဦးဒေသခံတွေကော ရေရှားတဲ့နေရာတွေမှာ ရှောင်တတ်ကြတာရှိတယ်။စစ်ရှောင်တွေကော နဂိုနေတဲ့သူတွေကော ပေါင်းလိုက်တဲ့အခါမှာ လူဦးရေကများလာတယ်။ ရေအခက်အခဲကတအားသိသာလာတယ်။”ဟု ကိုနေသူရက ပြောသည်။
S&Cအဖွဲ့ ကလက်တလောရေရှားနေသည့် ကျေးရွာအချို့တွင် စက်ရေတွင်း ၆တွင်းတူးပေးထားပြီး မီးလောင်ပြင်များတွင် ရေတုံကင်ဘုံဘိုင်များ တူးဖော်ပေးရန်ရည်မှန်းထားကြောင်း၊ရေလှောင်ကန်များလည်း တည်ဆောက်နေပြီး ရေရှားသည့်နေရာများအား ပို့ဆောင်ပေးသွားမည်ဟု အဖွဲ့မှတာဝန်ရှိသူကပြောသည်။
“(စစ်တပ်အာဏာအသိမ်းခင်က)ဆည်မြောင်းရေတွေရှိတော့မဆိုးဘူး။ တောင်သူတွေကအစ။ အခုဆိုလယ်တွေလည်းပျက်သွားပြီ။လယ်ရိုင်းတွေဖြစ်သွားပြီ။ လယ်ဧကထောင်ချီပျက်စီးသွားတဲ့နေရာတွေလည်းရှိတယ်။ တော်တော်လေးကိုအခြေအနေကဆိုးပါတယ်။”ဟု ၎င်ကဖွင့်ဟသည်။
ထိုကြောင့်မီးဘေးသင့်နှင့် ထွက်ပြေးတိမ်းရှောင်နေရသူများမှာလည်း ရေအခက်အခဲအပြင် စားနပ်ရိက္ခါအခက်အခဲပါ ကြုံတွေ့နေပြီး အရေးပေါ်အကူအညီများ လိုအပ်ရှိနေကြောင်း မြေပြင်တွင် ကူညီနေသူများက ပြောသည်။
“ငွေရေးကြေးရေးအခက်အခဲပေါ့။ မပြည့်စုံသေးတဲ့အတွက် ကူညီပေးကြပါဦးလို့ပြောချင်ပါတယ်။”ဟု ကိုနေသူရက ပြောသည်။
ရေငတ်နေသောပြည်သူများ အမြန်ဆုံးပြသာနာပြေလည်ရန်မှာမိုးရွာမှ အဆင်ပြေမည်ဖြစ်ပြီး မိုးရွာလာလျှင်လည်းရေသိုလှောင်ကန်များဖြည့်ဆည်းပေးရန်လိုအက်မည်ဖြစ်သည်။
မီးဘေးသင့်၊ အိုးမဲ့အိမ်မဲ့ စစ်ရှောင်ပြည်သူများ၏ ရေအခက်အခဲပြဿနာနှင့် စားနပ်ရိက္ခာအခက်အခဲများအား လူသားချင်းစာနာမှု အကူအညီများ မျှဝေ လှူဒါန်းပေးကြရန် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
