ရဲခေါင်/People’s Spring
ကရင်နီ(ကယား)ပြည်နယ်တွင် သေဆုံးထိခိုက်မှုများနေရသော်လည်း စစ်ကောင်စီတပ်ကလွိုင်ကော်-ဒီးမော့ဆို-ဘောလခဲဗျူဟာမြောက်လမ်းကို ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်နေမှုကိုဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည်။ကရင်နီပူးပေါင်းတပ်များကလည်း အကောင်းဆုံးခုခံကာကွယ်နေ၍ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲများမှာ နှစ်လပင်ကျော်လာခဲ့သည်။
အတိအကျဆိုရလျှင် မတ်လ၉ ရက်မှစ၍ ဒီးမော့ဆို အရှေ့ခြမ်းစစ်တပ်ကထိုးစစ်ဆင်လာခြင်းဖြစ်၍ ရက်ပေါင်း ၇၃ ရက်တိုင်ရှိလာသည်။သို့သော် မြေပြင် စစ်ရေးအခြေအနေမှာတနေ့ထက်တနေ့ ပိုမိုပြင်းထန်လာနေသည်။

အထူးသဖြင့် ဒီးမော့ဆို မြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီက လေတပ်(လေကြောင်း ပစ်ကူ)အပြင် မြေပြင် အမြောက်တပ်မှ ဒါဇင်ပေါင်းများစွာ လက်နက်ကြီး ပစ်ကူများ အသုံးပြုသလို၊လူအင်အားအများအပြားအသုံးပြုတိုက်ခိုက်နေ သည်။ ထိုကြောင့်စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီဒေသအတွင်း လက်ရှိစစ်ရေးအခြေအနေမှာ အပြင်းထန်ဆုံးကာလဖြစ်သည်။
“အခု လက်ရှိ အမြင့်ဆုံးစစ်ဇုန် ဒီးမော့ဆို အရှေ့ခြမ်း ဆိုတာထက် ကရင်နီကို နှစ်ခြမ်းခွဲ ပြီး အလယ်ကနေ ခွထိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတာ”ဟု ဒီးမော့ဆို PDF မှ ဗိုလ်ဖရန်စစ်က စစ်ကောင်စီ၏ ဗျူဟာ အပေါ် သုံးသပ်သည်။
ယမန်နေ့(မေ ၂၀ ရက်) နံနက်ပိုင်း နှင့် ညပိုင်းကပင်ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ စစ်ကောင်စီက တိုက်လေယာဥ်များအသုံးပြု တိုက်ခိုက်ခဲ့သည်။
“တခါမှ မကြားဖူးတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းအင်အားတွေ၊ လေ ကြောင်း တိုက်ခိုက်မှုတွေ ၊လက် နက်ကြီး တွေဆိုတာ ကရင်နီ မှာ နေ့စဥ်လိုလို ဖြစ်နေပါပြီ”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။
ဒီးမော့ဆို အရှေ့ခြမ်းကို အင်အားသုံးတိုက်ခိုက်နေ သည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ လွိုင်ကော်-ဒီးမော့ဆို-ဘောလခဲ လမ်းမကြီး ထိန်းချုပ်နိုင်ရေးဖြစ် သည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို မတ်လ ၉ ရက်က စတင်ပြီး လွိုင်ကော်မြို့နယ် နှင့် ဘောလခဲမြို့နယ် မှ စစ်ကြောင်းများဖြင့် နှစ်ဖက်ညှပ် ထိုးစစ်ဆင်ခဲ့သည်။
သို့သော် မြေပြင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှာ ကရင်နီပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများပြီးအထိနာ၍ ဧပြီလကုန်တွင် တပ်ဆုတ်ခဲ့သည်။ ထိုနောက်မေလဆန်း ၃ ရက်နေ့ကစ၍ ပြန်လည် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
“တကယ်လို့ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း သူတို့(စစ်ကောင်စီ) နေရာရသွားမယ်ဆိုလို့ရှိရင်တော့ သေချာတယ် ဒီးမော့ဆို အရှေ့ခြမ်းမှာက ဘောလခဲနဲ့ တိုက် ရိုက်ချိတ်တယ်။ ဖရူဆိုနဲ့ တိုက်ရိုက်သွားလို့ရတယ်။ ရှားတောကို တိုက်ရိုက်သွားလို့ရတယ်။ ဆိုတော့ သူတို့တွေကလည်း အဓိကလမ်းကြောင်းတွေကို အင်အားအလုံးအရင်းတွေ ဆက်ပြီးတော့မှ ထိုးမယ်ပေါ့နော်။ ထိုးလည်းထိုးနေတယ်။ တိုက်ပွဲတွေက ဒီထက်ပိုပြီးမှ ပြင်းထန်မယ်။ ကျနော်တို့တွေက အခြားရွေးချယ်စရာတွေ မရှိဘူး။ ခုခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင်နွှဲ ဖို့ကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF စစ်ရေးချုပ် ခူးရီးဒူ က ပြောသည်။
လွိုင်ကော်ဘက်မှ ဒီးမော့ဆိုအရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ (၂၈၇) နှင့် ခမရ ၅၁၃၊ ၅၁၇ တပ်ရင်းသည် တနီးလားလဲကျေးရွာ၊ ကန်ခုနစ်ဆင့်နှင့် ဒေါတငူးကျေးရွာတောင်ကြောပေါ် တွင် နေရာယူထားသည်။

“အခုလ ၁၅ ရက်က စပြီး ဒီနေ့ အထိ တိုက်ပွဲ က တနီးလားလဲ အနီးတစ်ဝိုက်မှာ ဖြစ်နေတာ။စစ်ကောင်စီ က ဒေါတငူး ကျေးရွာထဲ ဝင်တိုးဖို့ လုပ်နေတာပေါ့ ။ဒါကို ကရင်နီတပ်ပေါင်းစုအနေနဲ့ ခုခံနေတယ်”ဟု လက်ရှိ မြေပြင်စစ်ရေးကို ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ဘောလခဲမြို့မှ ဒီးမော့ဆိုအရှေ့ခြမ်း ရှိ ဒေါညေးခူ၊ ဒေါတမကြီး ကျေးရွာဘက်သို့ စစ်ကောင် စီတပ်ရင်း (၅)ရင်း အထိ အသုံးပြု၍ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။မြေပြင်စစ်ရေးအချက်အလက်များအရ ထိုတပ်ရင်း ငါးခု တွင် ခမရ (၅၁၆၊ ၅၁၅) ၊ ခလရ (၁၂၊၁၄၊ ၈၀) တို့ ပါဝင်သည်။
ဘောလခဲ ဘက်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီ စစ် ကြောင်း ကို ကရင်နီပူးပေါင်းတပ်တို့ ကြားဖြတ်တိုက်ခိုက်နေရာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကာ လက် နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။

“စစ်ကောင်စီက သူတို့ရဲ့ ယန္တရားတွေ လုံးဝမရှိတော့တဲ့ ဒီးမော့ဆိုမြို့နယ်ကို တလက်မပဲ ရရ ရအောင် နည်းပေါင်းစုံနဲ့ တိုက်ခိုက်တယ်လို့ သုံးသပ်နိုင်ပါတယ်။ မြေပြင်မှာလည်း လွိုင်ကော်ဘက်ကနေ ဒီးမော့ဆိုကို စစ်ကြောင်းထိုးဖို့ပြင်သလို တောင်ဘက်ခြမ်းဖြစ်တဲ့ ဖရူဆို၊ ဘော်လခဲကနေလည်း စစ်ကြောင်းထိုးတယ်။ တဘက်မှာလည်း စစ်ရှောင်တွေ လူထုတွေရှိတဲ့နေရာတွေကို သူတို့ရဲ့ လူမှုစီးပွားဘဝတွေ ပျက်စီးအောင် လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ စစ်ကောင်စီက တိုက်ခိုက်နေတာပေါ့။ ၁၇ ရက်ကဆို သူတို့ လေကြောင်းကနေ ဗုံးကြဲလို့ ဖဲလျားက စာသင်ကျောင်းအပါအဝင် အနီးအနားရွာသုံးရွာက နေအိမ် ၉ လုံး ပျက်စီးသွားတယ်။ ၁၈ ရက် မနက်အစောပိုင်းမှာလည်း ထပ်ပြီး လေကြောင်းက တိုက်ခိုက်တယ်။”ဟုကရင်နီလူ့အခွင့်အရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးဗညားက ဒေသတွင်းသတင်းဌာနဖြစ်သော Karenni’s Voice ကို ပြောသည်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်းတိုက်ပွဲပြင်းထန်လှသည်နှင့်အမျှ နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။
နယ်မြေခံ တပ်မ ၅၅ အပါ တပ်မ ၆၆ ၊ တပ်မ ၂၂ ၊တပ်မ ၉၉ အစရှိသည့် တပ်မ လေးခု အပြင် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက် အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ကရင်နီ ပြည် နယ်သို့ ဖေဖော်ဝါရီလအကုန် မတ်လဆန်း ကစ၍ စစ် ကောင်စီက ထိုးစစ်ဆင်ခဲ့သည်။
စစ်အုပ်စုသည် ဖေဖော်ဝါရီ လမှစ၍ ကရင်နီပြည်နယ်ကိုအင်အားအများအပြားဖြင့်ထိုးစစ်ဆင်ခဲ့ခြင်းပင်။ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ပင်းလောင်မြို့နယ် ဆောင်းပြောင်းကျေးရွာတိုက်ပွဲ၌ အထိနာခဲ့သောစစ်တပ်သည် ကရင်နီပြည်အတွင်းသို့ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့်စစ်သားအင်အား ၂၀၀၀ ကျော်အသုံးပြုအပြင်းအထန် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ကရင်နီပူးပေါင်းတပ်များ၏ စုစည်းစွာ၊ ရွတ်ရွတ်ချွံချွံဖြင့် ဗျူဟာမြောက် တိုက်ခိုက်မှုများကြောင့်ဖယ်ခုံတွင်ရော ၊ပင်လောင်းတွင်ရော ၊ဒီးမော့ဆိုတွင်ရော စစ်မျက်နှာပြင်တိုင်သေဆုံးထိခိုက်မှုအများအပြားဖြင့် အထိနာနေသည်။
ထိုအထဲတွင် မတ်လ ၂၀ ရက် မှ ၂၃ ရက်အတွင်း ကရင်နီပူးပေါင်းတပ်၏ ပြန်လှန်ထိုးစစ် ဆင်မှုတွင် ဒေါတမကြီးကျေးရွာ၌ စစ်ကောင်စီ၏ ခမရ ၅၁၅ တပ်ရင်းတစ်ခုလုံးနီးပါး ပြုတ်ခဲ့သောတိုက်ပွဲမှာ အထင်းရှားဆုံးဖြစ်၏ ။
သို့သော် စစ်ကောင်စီတပ်သည် ကျန်စစ်မျက်နှာများကို အယောင်ပြသဘောသာဖွင့်၍ ဒီးမော့ဆို မြို့နယ်အရှေ့ခြမ်းတွင်မူ နှစ်လကျော်တိုင် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။ တပ်ရင်း ၈ ခု အထိ အသုံးပြုပြီး လွိုင်ကော် -ဒီးမော့ဆို-ဘောလခဲ လမ်းမကြီး ကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ကရင်နီပူးပေါင်တပ်များကလည်း ခုခံစစ်ရော ၊တန်ပြန်တိုက်စစ်ရောပါ အလျှင်သင့်သလို အသုံးပြုတိုက်ခိုက်နေသည်။

“ဒီမော့ဆိုအရှေ့ဘက် ငွေတောင်ဆည်နားက ခမရ (၁၀၂) မှာ တပ်မ (၆၆) ရဲ့ တပ်မမှူး ထိုင်တယ်။ အဲဒီကနေ သူ့တပ်ရင်း (၃) ရင်းကို သူ control(ထိန်းချုပ်ကွပ်ကဲ)တယ်ပေါ့။ အခုလက်ရှိမှာတော့ အဲဒီတပ်ရင်းတွေနဲ့ ဒီးမော့ဆိုမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ တနီးလာလဲ၊ ကန်ခုနစ်ဆင့်ဘက်မှာ ၁၅ ရက်နေ့က စပြီး တိုက်ပွဲဆက်တိုက်ဖြစ်နေတယ်။ သူတို့က တပ်ရင်း (၃) ရင်းဆိုတော့ အင်အား ၂၀၀ ဝန်းကျင်ရှိတာပေါ့။ အရင်လတွေထဲက သူတို့ထိုးစစ်ဆင်နေတဲ့ ဒေါတမကြီး၊ ဒေါညေးခူတခွင်ကို သူတို့အထိုင်ချ ထိန်းချုပ်နိုင်ဖို့ လုပ်နေတာပေါ့။ အဲဒီတကြောက သူတို့ရိက္ခာသယ်လို့ရတဲ့ ဘော်လခဲ၊ ဖရူဆိုဘက်နဲ့ ပြန်ပြီး တဆက်တည်းဖြစ်သွားမှာဆိုတော့ ဒါကို သူတို့ ထိန်းချုပ်ဖို့ ကြိုးစားနေကြတာ။”ဟု ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီး ခူးညေးရယ် စစ်တပ်၏ ဗျူဟာကို Karenni’s voice သို့သုံးသပ်ပြောကြားထားသည်။
ဗျူဟာမြောက် လမ်းမကြီးဖြစ်သည်နှင့်အညီ ရေရှည် နှစ်ဖက်စစ်ပွဲများအတွက် အရေးကြီးသော ဒီးမော့ဆို အရှေ့ဘက်ခြမ်းဒေသများ လက်မလွှတ်ရေး ကရင်နီတပ်ပေါင်းစုကလည်း အကောင်းဆုံးခုခံတိုက်ခိုက်နေကြောင်း ဗိုလ်ဖရန်စစ်က အောက်ပါအတိုင်းသတင်းစကားပါးသည်။
“လေတပ်၊ကြည်းတပ်၊ အမြောက်တပ် အလုံးအရင်း နဲ့ ချနေတာ။အဲဒီလို စစ်ကောင်စီ ဗျူဟာ အပေါ် တန်ပြန်နိုင်ဖို့ နေ့စဥ်နဲ့အမျှ ကြိုးစားနေတယ်”။
မေလ ၂၄ ရက်တွင်တော့ KNDF က မေ ၁၄ မှ ၂၃ ရက်အထိ့ဆယ်ရက်ကြာတိုက်ပွဲသတင်းထုတ်ပြန်သည်။ ကရင်နီဒေသတိုက်ပွဲများထုံးစံအတိုင်ပင်စစ်တပ်အထိနာခဲ့သည်။
ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိဒေါလျားခူ နှင့် တနီးလာလဲ ကျေးရွာအနီးရှိ တောင်ပေါ်တစ်ကြော သို့ အင်အားအလုံးအရင်းဖြင့် မေ ၁၄မှစ၍စစ် ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီပူးပေါင်းတပ်များက တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (၁၀)ရက်နီးပါး ကြာတိုက်ပွဲများတွင်စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်သား(၄၀)
နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့သည်။မေ ၂၄ နောက်ပိုင်းတွင်လည်းတိုက်ပွဲများထပ်မံဖြစ်ပွားနေ၍ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာ ရက်ပေါင်း ၈၀ ပင်ကျော်လာပြီဖြစ်သည်။
ထို့အပြင်စစ်သုံ့ပန်း ၂ဦးဖမ်းဆီးနိုင်ခဲ့သလို လက်နက်မျိုးစုံ ၁၆ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းKNDFကအသိပေးသည်။အဆိုပါတိုက်ပွဲများတွင် ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ၈ ဦးလည်းကျဆုံးခဲ့၏ ။
KNDF တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ ပထမ ရက်ပိုင်းက ခုခံစစ် လုပ်တယ်။ နောက်ပိုင်း ပြန်လှန် ထိုးစစ် ဆင်လိုက်တာ အခုဆို စစ်ကောင်စီဘက်က ထိုးစစ် ဆင်ဖို့စလုပ်ခဲ့တဲ့ တနီးလာလဲ တောင်ကြောပေါ် ပြန်ဆုတ်နေပြီ။အခု အဲဒီနေရာအထိကျွန်တော်တို့ တိုက်နေတယ်”ဟုပြောသည်။
ထူးခြားချက်မှ ထိုတိုက်ပွဲများဦးဆောင်နေသည့် တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည် တိုက်ပွဲများအတွင်းဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးပေ ။နောက်ဆုတ်ခွင့်မပေးဘဲ ရှေ့သို့သို့အတင်းအကြပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများဖြင့် အမိန့်ပေးစေခိုင်းပြီးတိုက်ပွဲများတွင် အရာရှိငယ်များ နှင့်တပ်သားများအားအသေခံ၍ တိုက်ခိုက်ခိုင်းနေသည့်အခြေအနေမျိုးဖြစ်နေကြောင်းသိရသည်။
“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ပြောစကားအရ အဲဒီလို ဖြစ်နေတာ။အဓိက ပြောလိုတာ စစ်ကောင်စီအနေနဲ့ သူ့တပ် သားတွေအပေါ် စေတနာမရှိသလို သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်နေတာ။ဒါကြောင့် အောက်ခြေက စစ် ကောင်စီ တပိသားတွေရော မိသားစု တွေအနေနဲ့ အမြန်ဆုံးစွန့်ခွာကြပါ”ဟု KNDF တာဝန်ရှိသူက တိုက်တွန်းပါသည်။
