ဆလိုင်းမာန်အောင်/People’s Spring
အဲ့ဒီနေ့ကမိုးတွေကသူတို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တာပါ။ဟုတ်ပါတယ်။ အဲဒီနေ့က အရင်နေ့တွေလို့မဟုတ်ဘဲ မိုးတွေသဲသဲမဲမဲ ရွာနေတာကပဲ သူတို့ရွာကို ကြမ္မာဆိုး မဝင်စေခဲ့တာလို့ ရေမျက်ရွာသားတွေက ပြန်ပြောင်းပြောဆိုပါတယ်။
တစ်ကယ်လို့အရင်နေ့တွေလိုနေလည်းပူနေမယ်။ ကျောင်းဖွင့်ရက်တနလာ်နေ့ဖြစ်လို့ကျောင်းသားတွေလည်း ပုံမှန်အတိုင်း ကျောင်းတက်နေကြမယ်ဆိုရင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားတွေအစုလိုက် အပြုံလိုက်သေဆုံးမှုသတင်းဆိုးကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးက သေချာပေါက် ထပ်ကြားရမှာလို့ဆိုကြပါတယ်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာသားတွေ အထိန့်တလန့် ပြန်ပြောနေကြတဲ့ အထက်ပါ ဖြစ်ရပ်က ဇူလိုင်လ ၁၀ရက် မနက် ၉ နာရီ ၄၀မိနစ်တိတိမှာ ရွာရဲ့ အနောက်ပိုင်း တနေရာမှာ ဖြစ်ခဲ့တာပါ။
ဒီအဖြစ်အပျက်ဟာသူတို့ရွာအတွက် စစ်အာဏာရှင်ရဲ့ လက်ချက်ကြောင့် ဒုတိယမြောက်ကြုံရတဲ့ ထိတ်လန့်တုန်လှုပ်စရာအတွေ့အကြုံဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ဇူလိုင်မိုးရဲ့အကာအကွယ်ပေးမှုကိုအပြည့်ဝရလိုက်တယ်လို့ ရေမျက်ဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ ၁၀ရက်၊ နံနက် ၉နာရီ ၄၀မိနစ်တိတိမှာရေမျက်ရွာတစ်ရွာလုံးရော ရွာနီးချုပ်စပ် ဒေသတွေမှာပါ မြေကြီးတုန်တဲ့အထိ ပြင်းထန်တဲ့ပေါက်ကွဲသံတွေထွက်ပေါ်လာခဲ့ပါတယ်။ရေမျက်ရွာဘုန်းတော်ကြီးကျောင်းထဲမှာ သတင်းသုံးနေတဲ့ ဦးဇင်းတစ်ပါးဟာ ပေါက်ကွဲသံတွေကြောင့် အထိတ်တလန့်ဖြစ်သွားပါတယ်။ကျောင်းတံခါးမှန်တွေကွာကျကုန်ပါတယ်။ ဆွမ်းစားဆောင်မျက်နှာကျက်ဟာလည်း ပြုတ်ကျလာပါတယ်။
ခပ်လှမ်းလှမ်းက ရေမျက် အခြေခံပညာအထက်တန်းကျောင်း (အထက)ရဲ့ ပြတွင်းပေါက်မှန်တခါးတွေလည်း ကွဲအက်ပြီး ပြတ်ကျတာကို ဦးဇင်း မြင်လိုက်ရပါတယ်။ အဲ့ဒီစာသင်ကျောင်းဟာ စစ်ကျွန်မခံတဲ့ ကိုယ်ထူကိုယ်ထစာသင်ကျောင်းဖြစ်ပြီး ကျောင်းသားကျောင်းသူ ၃၀၀ ကျော် စာသင်ကြားနေတာပါ။ ဒါပေမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ မိုးတွေ သဲသဲမဲမဲရွာနေတာမို့ မနက် ၈နာရီခွဲလောက်မှာ ကျောင်းသားတွေကို အိမ်ပြန်လွှတ်လိုက်တာကပဲ ကံကောင်းစေခဲ့တာလို့ ဦးဇင်းနဲ့ ဒေသခံတွေက ပြောပါတယ်။
“ရုတ်တရက်တော့ ဘာမှန်းမသိလိုက်ဘူး။ ပေါက်ကွဲသံတွေဆက်တိုက်ကြားရတော့မှ ဟ… ငါတို့ကျောင်း အပစ်ခံနေရပါလားလို့ သိရတာ” ဇူလိုင်လ ၁၀ရက်၊ နံနက် ၉နာရီ ၄၀မိနစ်က ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို ဦးဇင်းက မိန့်ကြားတာပါ။
“ပုံမှန်အားဖြင့်အဲ့ဒီနေ့ကကျောင်းဖွင့်ရမယ့်ရက်။ မိုးတွေ သည်းနေတာမို့ ကလေးတွေမဆုံလို့ပြန်လွှတ်လိုက်တာ။ ဗုံးမကြဲခင် နာရီဝက်လောက်အကြာမှာ ကလေးတွေကို ပြန်လွှတ်ပေးလိုက်ကြတာ”လို့ဦးဇင်းကမိန့်ပါတယ်။
ရေမျက်ရွာအထကကျောင်းမှာ ရေမျက်ရွာအပြင် အနီးပတ်ဝန်းကျင်ရွာအချို့နဲ့ တဲတိုက်တွေက ကလေးတွေပါ ကျောင်းလာတက်နေကြတာပါ။ သူငယ်တန်းကနေ အထက်တန်းအထိ ကျောင်းသားကျောင်းသူ ၃၀၀ခန့်ကို ကျောင်းတာဝန်ခံရယ် စေတနာ့ဝန်ထမ်းဆရာ၊ဆရာမ ၂၀ခန့်က စာသင်ကြားပေးနေတာပါ။
ဇူလိုင် ၁၀ရက်နံနက်က မိုးတွေသဲသဲမဲမဲရွာနေလို့ ကျောင်းကိုပိတ်ပြီး ကလေးတွေကို ပြန်လွှတ်လိုက်ဖို့ အဓိကဆုံးဖြတ်လိုက်သူက ကျောင်းတာဝန်ခံဆရာပါ။ အသက် (၃၀ )ဝန်းကျင် အရွယ်ရှိတဲ့ ရေမျက်ကျောင်းတာဝန်ခံဆရာဟာ လက်ရှိ ရေမျက်ရွာအထကမှ တစ်ဦးတည်းသော CDM ကျောင်းဆရာဖြစ်ပြီး ကျန် ဆရာ၊ဆရာမတွေကတော့ စေတနာ့ဝန်ထမ်းတွေဖြစ်ပါတယ်။
“လက်ရှိ ကျောင်းဖွဲ့စည်းပုံမှာ ကျောင်းအုပ်ဆိုတာမရှိပါဘူး။ ကျောင်းတာဝန်ခံဆရာပါ။ အဲ့ဒီဆရာက အဓိက ဆုံးဖြတ်ခဲ့တာပါ”လို့ ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
တစ်ကယ်လိုစစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ချိန် ကျောင်းသားတွေမှာ ရှိနေမယ်ဆိုရင်လက်ယက်ကုန်းရွာလို ၊ပဇီကြီးရွာလို အဖြစ်ဆိုးကြုံရနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီပဲယင်းမြို့နယ် ၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်စီးနင်းတာကြောင့် ကျောင်းသား၊ကျောင်းသူငယ် ၆ ဦးသေဆုံးခဲ့သလို ၁၀ ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။ဒါအပြင်ရွာထဲက ပြည်သူ ၇ ဦးလည်းအသတ်ခံခဲ့ရပါတယ်။ ကန့်ဘလူမြို့နယ် ၊ပဇီကြီးရွာကို ၂၀၂၃ ဧပြီ၁၁ ရက်မှာစစ်ကောင်စီကဗုံကျဲတိုက်ခိုက်လို့ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့ရသလို ၆၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီဟာ ရေမျက်ရွာ စာသင်ကျောင်းကိုလေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ရုတ်တရက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဂျက်ဖိုက်တာကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးအပါအဝင် ပေါင် ၆၀ ဗုံး ၁၄ လုံးတိတိ ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ရော့ကက်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်
ရေမျက်အထကစာသင်ကျောင်း ဗုံးကြဲခံရတယ်လို့ သတင်းထွက်လာပြီးတဲ့နောက် ရေဦးမြို့အပြင် အနီးပတ်ဝန်းကျင် မြို့နယ်တွေက ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဟာ ရေမျက်ရွာကို ကယ်ဆယ်ရေးလုပ်ဖို့ အပြေးအလွှားရောက်လာခဲ့ကြပါတယ်။
“ငါတို့မြို့နယ်တော့သွားပြီလို့တွေးလိုက်တာ။ သွေးထွက်သံယိုတွေ၊ဗုံးသံတွေကြားထဲမှာပြည်သူတွေ၊ကျောင်းသူကျောင်းသားတွေ မနည်းဘူး သေမှာပဲဆိုတဲ့အတွေးနဲ့ အဲ့ဒီနေရာကို အရောက်လာခဲ့ကြတာ” လို့ ရေမျက်ရွာကိုရောက်ရှိလာတဲ့ ပြည်သူ့ကာကွယ်ရေးရဲ ဘော်တစ်ဦးကပြောပါတယ်။
ကာကွယ်ရေးရဲဘော်တွေဟာ ကယ်လို့ရတဲ့ကလေးကယ်ထုတ်မယ်ဆိုပြီး မိုးထဲရေးထဲကနေဆိုင်ကယ်တွေနဲ့အရောက်လာခဲ့ကြတာပါ။စစ်ကောင်စီတပ်ကသာ နာရီဝက်ခန့်စောပြီး ဗုံးကြဲခဲ့ရင်နဲ့ ဗုံးတွအားလုံး ပေါက်ကွဲခဲ့ရင်ရေမျက်ရွာအထကကျောင်းက ကျောင်းသားကျောင်းသူတွေဘဝ မတွေးရဲစရာလို့ ဆိုကြပါတယ်။
ရေမျက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခြင်းရဲ့အဓိကအကြောင်းရင်းကတော့ သူတို့(စစ်ကောင်စီ) ရရှိခဲ့တဲ့ သတင်းမှားတစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ ရေဦးမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။
ရေဦးမြို့နယ်ကနေ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ယခု ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ဟာ ရေမျက်ရွာသို့ ရောက်ပြီး အစည်းအဝေးလုပ်နေတယ်လို့ စစ်ကောင်စီလော်ဘီချန်နယ်တွေမှာ ဖော်ပြပြီးတဲ့နောက် လေကြောင်းကနေ လာပစ်တာလို့ ဆိုပါတယ်။ ဒါဟာ သတင်းအမှားသာဖြစ်ပြီး ရေမျက်ရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အခြေစိုက် လှုပ်ရှားမှုလုံးဝမရှိဘူးလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။
“ဗုံးကြဲခံရတယ်ကြားလို့ လာပြီး ကယ်ဆယ်ရေးလုပ်တဲ့ အနီးဆုံးကာကွယ်ရေးအဖွဲ့တောင် ဆိုင်ကယ်နဲ့ တစ်နာရီလောက်ကြာမှရောက်တာပါ”လို့ ရေဦးမြို့နယ် တရားစီရင်ရေးအဖွဲ့ဥက္ကဌက ပြောပါတယ်။
“ပစ်ခတ်ခံရတဲ့ ရေမျက်ဘုန်းကြီးကျောင်းက ဦးဇင်းကလည်း “ကာကွယ်ရေးနဲ့တူတဲ့တပ်သားဆိုလို့အစအနတောင်မရှိဘူး။ ပွိုင့်ဖိနပ်ရာတောင် ရွာထဲမှာမရှိပါဘူး။ အဲ့အနေအထားမှာ လာပစ်သွားတာပါ” လို မိန့်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ဂျက်ဖိုက်တာဟာ ရေမျက်ရွာကို ဗုံးကြဲပြီးတော့ လာရာလမ်းတိုင်းလှည့်ပြန်သွားပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာတော့ ရေမျက်ရွာသားတွေဟာ ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။ အိမ်ပြန်မရောက်သေးဘဲ လမ်းခု လတ်မှာတင် ပုန်းနေကြရတဲ့ ကျောင်းသားလေးတွေကိုမိဖတွေနဲ့ ဒေသခံတွေက လိုက်ရှာကြရပါတယ်။ ကျောင်းသားစာရင်းတွေ ပြန်စစ်ကြရပါတယ်။ တစ်ဦးမျှ အဖိတ်အစင်မရှိခဲ့ပေမယ့်ပေါင် ၆၀ ဗုံးကျတဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ ကျောင်းသားလေးတစ်ဦးဟာ ဒူးခေါင်းမှာဒဏ်ရာရလို့ လေးချက်ချုပ်လိုက်ရပါတယ်။
စစ်ကောင်စီဟာ ရေမျက်ကျေးရွာ စာသင်ကျောင်းဝန်းကျင်ကိုပေါင် ၅၀၀ ဗုံးနှစ်လုံးအပါအဝင် ပေါင် ၆၀ ဗုံး ၁၄ လုံးတိတိ ကြဲချတိုက်ခိုက်ခဲ့ပြီး ပေါင် ၆၀ ဗုံးသီး လေးလုံးဟာ မကွဲဘဲ ကျန်ခဲ့ပါတယ်။စာသင် ကျောင်းနဲ့ ပေ ၇၀ ခန့်အကွာမှာ တစ်လုံးပေါက်ကွဲခဲ့ပြီး အဲ့ဒီအချိန်မှာ စာသင်ကျောင်းထဲ ကျောင်းသားကျောင်းသူတွေရှိနေခဲ့ရင် အထိအခိုက်များမှာလို့ ဒေသခံတွေကပြောပါတယ်။
“စာသင်ကျောင်းရဲ့ အိမ်သာဆိုရင် သစ်သားတံခါးတွေပါ ပွင့်ထွက်တာ” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ရေမျက်ကျေးရွာဟာအိမ်ခြေသုံးရာခန့်ရှိတဲ့ ရွာကြီးပါ။ ရေဦးမြို့ပေါ်နဲ့ ၁၅မိုင်ခန့်ဝေးပါတယ်။တန့်ဆည်မြို့နဲ့ ပိုနီးပါတယ်။ ၂၀၂၁ ဒီဇင်ဘာလ ၂၀ ရက်တုန်းက တခါ စစ်ကောင်စီက ရဟတ်ယာဉ် ခြောက်စီးနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာမှာ အရပ်သား အမျိုးသမီး နှစ်ဦး၊ အမျိုးသား လေးဦး သေဆုံးခဲ့ရပါတယ်။ အိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက ရွာပျက်ကြီးလိုဖြစ်သွားခဲ့ပြီး ဒေသခံတွေဟာ ရွာကို စွန့်ခွာသွားခဲ့ကြရပါတယ်။ ၂၀၂၂ နှစ်လယ်ပိုင်းမှာမှ ရွာကို ပြန်လာကြပြီး ဒီနေ့အချိန်အထိ ကိုယ်ထူကိုယ်ထပြန်လည်ထူထောင်ရေးလုပ်ဆောင်နေကြတာပါ။
ဒီရက်ပိုင်းမှာဆိုရင် ရေမျက်ရွာဘုန်းကြီးကျောင်းအနီးမှာရှိတဲ့ စေတီတော်တွေနဲ့ ပတ်ဝန်းကျင်သာသနာပရဝဏ်မြေတွေကို ဒေသခံတွေက သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ယူနေကြတာပါ။ ဇူလိုင်လ ၁၀ရက်ရတော့ မိုးတွေသဲသဲမဲမဲရွာနေလို့ လုပ်အားပေးရပ်နားထားကြတာပါ။ စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုမှာ စေတီတွေအနီး ဗုံးသုံးလုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့လို့ ပျက်စီးမှုတွေရှိခဲ့ပါတယ်။ ရေမျက်ရွာဒေသခံတွေ၊ ရေမျက်အထကမှာ စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေဟာ ရေဦးနယ်မှာ ဇူလိုင် ၁၀ရက်မနက်က မိုးတွေသဲသဲမဲမဲရွာစေခဲ့တဲ့ သဘာဝတရား နဲ့ မိုးနတ်မင်းကျေးဇူးကို ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ကြိုးစားတာ၊ စေတီလို သာသနိက အဆောက်အဦတွေကို ဖျက်ဆီးခဲ့သူတွေဟာ နောင်ရေးမကောင်းဘဲ တချိန်ချိန်မှာ ပြိုလဲကျရှုံးသွားလိမ့်မယ်လို့ ရေမျက်ရွာက ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
“ဓမ္မနဲ့ အဓမ္မယှဉ်တဲ့အခါ ဘယ်တော့မှ အဓမ္မက ကြီးစိုးတယ်ဆိုတာမရှိပါဘူး။ သူတို့ဟာ ပစ္စုပ္ပန်မှာလည်း ဘဝမှာဘယ်လိုနည်းနဲ့မှမလှနိုင်ပါဘူး။ တမလွန်ကျရင်လည်း အဝီဇိငရဲမှာ ဘယ်တော့မှမလွတ်နိုင်အောင်ခံစားရပါတယ်”။ ။