ရဲခေါင်/People’s Spring
စစ်ကောင်စီတပ်တွင်းတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာသော အထက်အောက်ဆက်ဆံရေး နှင့် အသေခံစစ်ဆင်ရေးများကြောင့် ၁၆ နှစ်ကျော်ကြာတာဝန်ထမ်းခဲ့သောရပ်ဝန်းကို ကိုသူရ မကြာသေးမီရက်ပိုင်းကစွန့်ခွာလာသည်။
အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။
စစ်တပ် အာဏာမသိမ်းမီကတည်းကပင် တပ်တွင်း စည်းလုံးမှု၊ စီမံခန့်ခွဲများမှာ ယိုယွင်းနေပြီး အောက်ခြေဖွဲ့စည်းပုံပျက်ကြောင်း စစ်ကောင်စီ၏ ဒုတပ်ကြပ်ဟောင်း ကိုသူရ က ပြောသည်။

“လောက်ကိုင်တိုက်ပွဲမှာကတည်းက တပ်မတော်ရဲ့ စီမံခန့်ခွဲမှု ညံ့တာ ကိုဘယ်သူမှ သတိမထားမိဘူး ။ ၂၀၀၉ က တစ်သုတ်ထဲ ဆင်းတဲ့ ၁၅၃ ယောက်မှာ တပ်မ ၅၅ ကို ရွှေ့ရတာ ၈၆ ယောက်ရှိတယ်။ တပ်မ ၅၅ က လောက်ကိုင်မှာ နှစ်ခါဝင်လုံးရတယ်။အသက်ရှင်ကျန်တာ ကျွန်တော်အပါအဝင် ၁၄ ယောက်ပဲရှိတယ်”ဟု ကိုသူရကအတွေ့အကြုံကို ပြောပြသည်။

Public Service Announcement
ခြွင်းချက်အရ ထိုစဥ်က လူထု ထောက်ခံမှု ရှိခဲ့သောကြောင့် လောက်ကိုင် တိုက်ပွဲကို ပြန်လည် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုသူရ က ဆိုသည်။

“စစ်ရဲ့ အခြေခံမှာနယ်မြေခံလူထုမပါရင်တိုက်ပွဲကရှုံးတယ်။ကြီးကြီးကျယ်ကျယ်ပြောတာ မဟုတ်ဘူး။ရခိုင် နဲ့ လောက်ကိုင် တိုက်ပွဲ နှစ်ခုစလုံး ကျွန်တော်တိုက်ရတယ်။ရခိုင် က တိုက်ပွဲတွေမှာ စစ်ရှုံးတာ လူထု ကကိုယ့်ဘက်မပါလို့ပဲ”ဟု ကိုသူရက အတွေ့အကြုံမှ ရသော စစ်ရေးသဘောတရားကိုမျှဝေသည်။
ထို့ကြောင့် တပ်တွင်း မှ ထွက်ပြေးလိုသူများ ပြားလာနေခြင်းဖြစ် သည်။ ၎င်းနှင့်သဘောထားချင်းတိုက်ဆိုင်သူ တပ်ကြပ် အဆင့်ရှိသူနှစ်ဦးကိုလည်း ကိုသူရကခေါ်ဆောင်ပေးခဲ့လေသည်။

၎င်းနှင့်အတူပါရှိလာသည့် တပ်ကြပ်တစ်ဦးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ရှေ့၊နောက် (ရှေ့တန်းနှင့် နောက်တန်း) အင်အားစာရင်းကို ကြေးနန်း လက်ခံရသူဖြစ်သည်။
“တပ်မတော်ရဲ့ အင်အားစာရင်းမှာ အဓိက က မြေပြင် တိုက်ခိုက်ရေးတပ်ပေါ့။အဲဒီမှာ နှစ်ခုရှိတယ်။တပ်မ တွေနဲ့ စကခ ပေါ့။တပ်မ မှာ ဆိုရင် ၁၁ ကနေ ၁၀၁ ထိ တပ်မ ၁၀ ခု ရှိတယ်။ရင်းပေါင်း ၁၀၀ ။တပ်ရင်းတစ်ခု ဖွဲ့စည်းပုံ ၁၂၀ ဆိုပေမယ့် အင်အားမပြည့်တော့ တာ သိကြမှာပါ။ဒါပေမယ့် တပ်ရင်းမှူးအများစုက အင် အားအပြည့်ပြပြီး လစာလိမ်ထုတ်နေကြတာကို။နောက် စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) က ၂၄ ခုရှိတယ်။ စကခ တစ်ခု ရဲ့ အင်အားက ၁,၂၀၀ ပတ်ချာလည်ပဲ။ဒါတွေ အားလုံးသည် အခု လက်ရှိ မြေပြင်မှာ တိုက်ခိုက်နေရတဲ့တပ်တွေပေါ့”ဟု စစ်ကောင်စီ၏ မြေပြင်အခြေအနေကို တပ်ကြပ်ဟောင်း ကို မြင့်အောင်က ပြောသည်။

ထို့အပြင် လက်ရှိ စစ်ကောင်စီ၏ စစ်သားသစ်စု ဆောင်းရေးတပ်များသည်လည်း တရားစခန်းပင်ဖွင့်လှစ်နိုင်သည်ဟု သူက ဆိုလေသည်။
“အခုက လူသစ်တစ်ယောက်ရရင် ဘုရားတစ်ဆူပွင့်သလိုပဲ။တပ်ရဲ့ စစ်သားစုဆောင်ရေးမှာက ရန်ကုန်နဲ့ မကွေးက အဓိက ကြတယ်”ဟု တပ်တွင်းအခြေအနေကို ကိုမြင့်အောင် ရှင်းပြသည်။
သို့သော် စစ်ကောင်စီ၏ရေတပ်၊လေတပ် နှင့် လက်ရုံးတပ်များ၏ အင်အားမှာမူ လေးသိန်းခန့် ရှိကြောင်းအသိပေးသည်။
“လက်ရုံးတပ်တွေဆိုတာ ဆေးတပ်တို့၊ဆက်သွယ်ရေးတပ်တို့ လိုမျိုး တပ်တွေကိုပြောတာ။စစ်ရုံးတွေမှာ သုံးနှုန်းတာပေါ့။ဥပမာ က က ဆေး၊ က က ဆက်(ဆက်သွယ်ရေး) ၊ က က သံ (သံချပ်ကာ)၊က က ထုတ်(ကပစ)။အဲဒီလိုမျိုး ပေါ့။လက်ရုံးတပ်ရင်းတိုင်းမှာတော့အင်အား ၉၀ နဲ့ ၁၀၀ ရှိတယ်။အခုနောက်ပိုင်း တပ်သားသစ်တွေ မရှိတော့ မြေပြင်တိုက်ခိုက်ရေးတပ်တွေထဲ ကို လက်ရုံးတပ်ထဲက ပါ ထုတ်နှုတ်ယူထားတာတွေပါရှိလာတယ်”ဟု ၎င်းက ပြောပြသည်။

စစ်ကောင်စီတပ်တွင်း မှတ်တမ်းအရ တစ်လျှောက်လုံးတွင် ကပ အမှတ် ဆယ်သိန်း၊ တ ငါးလုံး အမှတ် တစ်သိန်း၊ တ ၆ အမှတ် ငါးသိန်း နီးပါး ထုတ် ပေးပြီး ဟု ဆိုသည်။
“ကပ ရော၊ တ ၅ လုံးရော တ ၆ လုံးရောမှာ အရာရှိ အဆင့်ရော၊တပ်သားအဆင့်တွေ အကုန်ပါတယ်။မင်းအောင်လှိုင်က အစပါတယ်။အဲဒီမှာ ကပ က အရှင် ထွက်တာ ခုနှစ်သိန်းလောက်ရှိတယ်။အရှင်ထွက်ဆိုတာ စစ်သက်ပြည့်တာပေါ့။နောက် ကျန်တဲ့ သုံးသိန်း မှာ ကပ အမှတ် (၉၀၀,၀၀၀)တွေက ၉၄ (၁၉၉၄ )ခုနှစ်လောက်မှာ စမှတ်တမ်းဝင်တာပေါ့။အဲဒါကြောင့် သူတို့ဆို စစ် သက် က နှစ်သုံးဆယ်လောက်ဖြစ်နေပြီ။အဲဒီလိုပဲ ကပအမှတ် ကုန်လိုဆိုပြီး တ ၅ လုံး ကို အစားထိုးသုံးတယ်။ တ ၅ လုံးက ၁ က နေ ၉၅,၅၅၅ ယောက်ထိ ပေါ့။အဲဒီ တ ၅ လုံးက ကပ အမှတ် ၉ သိန်း ကျော်တွေနဲ့ နှစ် နှစ်လောက်ပဲ ခြားတယ်။ပြီးတော့ တ ၆ လုံးတွေ ဖြစ်တဲ့ ကျွန်တော်တို့ကို ထုတ်ပေးတာပေါ့။အခု ၁၁ လပိုင်း ကျောင်းဆင်းတာရောအပါဆို တ ၆ လုံး က ငါးသိန်း လောက်ရှိတယ်”ဟု တပ်ကြပ်ဟောင်းက ရှင်းပြသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကောင်စီတပ်အင်အားမှာ လက်ရုံးတပ်များအပါအဝင် နှစ်သိန်းခွဲ ဝန်းကျင်သာရှိတော့မည်ဟု ခန့်မှန်းတွက်ချက်ထားသည်။ စစ်တပ်ဖွဲ့စည်းပုံကို ကာလရှည်စောင့်ကြည့်ခဲ့သော စစ်ရေးနိုင်ငံရေးလေ့လာသူများကလည်း စစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအတွက် တပ်သား အင်အား ၆၀,၀၀၀ ကျော်သာကျန်ရှိနိုင်ပြီး ၊လက်ရုံးတပ်များ ပေါင်းပါမှ နှစ်သိန်းကျော်သာရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။
အင်အားနှင့် လက်နက် သည် တိုက်ပွဲများအပေါ် အကျိုးသက်ရောက်မှု ထိုက်သင့်စွာရှိသော်လည်း စိတ်ဓာတ်ပျက်ပြားနေသည် တပ်အနေဖြင့် ကျရှုံးခန်းများသာ ထပ်မံရင်ဆိုင်ရမည်ဟု သူက သုံးသပ်ပြောကြားသည်။

အာဏာသိမ်းစစ်တပ်ကို ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၉,၉၀၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်သားအင်အား သုံးသောင်း ခန့်ကို ချေမှုန်းနိုင်ခဲ့သည်ဟု အမျိုးသားညီ ညွတ်ရေးအစိုးရ NUG က ယခုလ ပထမပတ်တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် စစ်တပ်သည် အင်အားဆုတ်ယုတ်လာသည့်ကို သိသိသာ သာတွေ့မြင်ရပြီး ပျူစောထီးများ၊ ပြည်သူ့ စစ်များ၊နယ်ခြားစောင့် တပ်များ၊ စစ်မှုထမ်း ဟောင်းများ၊အသက်မပြည့်သေးသည့် တပ်သား သစ်များကို တိုးချဲ့စည်းရုံးရုံသာမက စစ်သား ဇနီးမယားများ၊ Non -CDM ဝန်ထမ်း များကိုပါ လက်နက်ကိုင်ခိုင်း၍ စစ်ပွဲတွင်အသုံးချရန် အားထုတ် နေကြောင်း NUG က မှတ်ချက်ပြုသည်။
အာဏာသိမ်းပြီးချိန်မှ စ၍ နှစ်နှစ်တာကာလအတွင်း ပြည်သူ့ဘက်သို့ ကူး ပြောင်းလာသည့် စိစစ်ပြီး စစ် သားများမှာ ၃,၂၃၄ ဦး၊ ရဲတပ်သား ၁၀,၅၃၆ ဦး၊ စုစုပေါင်း ၁၃,၇၇၁ ဦး ရှိနေသည်။

CDM စိစစ်ဆဲမှာ စစ်သားနှင့် ရဲ စုစုပေါင်း ၁၄,၀၀၀ ကျော်ရှိကြောင်း၊ ကူးပြောင်းလာသူများတွင် ဒုဗိုလ် မှူးကြီး အဆင့် အရာရှိကြီးများအပါအဝင် အရာရှိ ၊ အကြပ်စစ်သည်များစွာ ပါဝင်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် တန်ပြန်ထိုးစစ်စတင်တော့မည်ဟု အသိပေးပြီး သြဂုတ်လနောက်ပိုင်းတွင် ပြည်သူနှင့်ပူးပေါင်းလာသော စစ်သားပိုမိုများပြားလားသည်။အများစုမှ ရှေ့တန်းမှ ထွက်ပြေးလာကြခြင်းဖြစ်ပြီး ကရင်နီ(ကယား) ၊ ကရင် ၊ချင်း စသောဒေသများတွင် အများဆုံးဖြစ်သည်။
စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှ စ၍ စစ်သားအများစုမှ ရှေ့တန်းထွက်နေရပြီး နိူင်ငံတစ်ဝန်းအားကောင်းသောလူထုတော်လှန်ရေးကြောင့် ကာလရှည် အနားမရဘဲ ၊စစ်ပန်းလာခြင်း နှင့် ကရင်နီ၊ကရင် ၊ကချင်၊ချင်းစသောဒေသတိုက်ပွဲများတွင်သေဆုံးထိခိုက်သူများလာပြီး ရှေ့တန်းထွက်လျှင်သေရန်များသော အသေခံစစ်ဆင်ရေးများဖ့စ်နေသောကြောင့်အမြင်မှန်ရသူများမှာ အခွင့်သာသိသည် နှင့် အလင်းဝင်လာကြခြင်းဖြစ်သည်။

ထို့ကြောင့်စစ်ကောင်စီတပ်က စစ်သားနှင့်မိသားစုများအခြေအနေမှန်ကို မသိရန်တပ်တွင်း သတင်းအမှောင်ချပြီး၊တိုက်ပွဲများတွင် စစ်တပ်မှာ နိုင်နေကြောင်း စစ်သားများသေဆုံးလက်နက်များဆုံးရှုံးဆိုသောသတင်းများမှာ သတင်းအမှားသာဖြစ်ကြောင်း ပိုမိုဝါဒဖြန့်လာခြင်းဖြစ်သည်။တစ်ချိန်တည်းတွင်းတပ်တွင်း စစ်သားနှင့်မိသားစုများကို အင်တာနက်နှင့် ဖုန်းအသုံးပြုမှုကိုတင်းတင်းကျပ်ကျပ်ကန့်သတ်၍ သတင်းအမှန် ၊အခြေအနေမှန်များ မသိအောင်ပြုလုပ်သလို ၊ အချို့ တပ်များတွင် ငွေရှိလျှင်ထွက်ပြေးသောကြောင့် လက်ထဲငွေမရှိအောင် Kpay အသုံးပြုခွင့်ကိုပင်မပေးကြောင်း စစ်သားမိသားစုအချို့ကပြောသည်။
“လက်ရှိတပ်တွင်းမှာကိုက ကြားနေ ဝါဒ လက်ကိုင် ထားတဲ့သူတွေ အများကြီးရှိတယ်။။ဒါက ဘာကို ပြသလဲ ဆိုရင် ဒီဘက် တော်လှန်ရေး က ဒီထက်ပိုအားသာလာရင် ဒီဘက်ကို အများစု ယိမ်းလာပါလိမ့်မယ်” ကိုသူရက မှတ်ချက်ပေးပါသည်။
(ဆောင်းပါး၌ ပါဝင်သည့် အမည်များသည် မူရင်းမဟုတ်ဘဲ ပြောင်းလဲထားခြင်းဖြစ်သည်။ကိုသူရ နှင့် ကိုမြင့်အောင်အပါအဝင် သုံးဦးသည် မကြာသေးမီရက်ပိုင်းကပင် လွတ်မြောက်နယ်မြေတစ်ခု သို့ ရောက်ရှိသွားကြပြီဖြစ်သည်။သို့သော် နောက်ဆက်တွဲ အခြေအနေများကြောင့် အသုံးမပြုခြင်းဖြစ်သည်)
