Connect with us

Hi, what are you looking for?

ဆောင်းပါး

အညာဆောင်းအတွက် ရွေ့လျားအိမ်

သံပတ်လည် ဟော်လိုပိုက်၊ သံဖိနပ်ခုံနဲ့ အလွယ်တကူတပ်ဆင်နိုင်ရန် ဆောက်လုပ်ပေးထားတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(စတင်ဆောက်လုပ်ပေးနေပြီဖြစ်သည့် S&C အဖွဲ့၏ ရွေ့လျားအိမ်။ ။ဓာတ်ပုံ-S&C)
(စတင်ဆောက်လုပ်ပေးနေပြီဖြစ်သည့် S&C အဖွဲ့၏ ရွေ့လျားအိမ်။ ။ဓာတ်ပုံ-S&C)

အညာမှာ ဆောင်းပီပီသသနဲ့ တော်တော်လေး အေးနေပါပြီ။ အာဏာသိမ်းစစ်တပ်ကြောင့် အညာကပြည်သူတွေ အမိုးအကာအောက်မှာ လုံ​လုံခြုံခြုံနဲ့ မဖြတ်သန်းရတဲ့ ဆောင်းတွင်းကာလဟာ ၃ ကြိမ်မြောက် ရောက်ရှိလို့လာခဲ့ပါပြီ။

အဲဒီလို ဆောင်းတွင်းချမ်းစီးစီးမှာ တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ကိုင်းတိုင်းက S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ ရွေ့လျားအိမ်လေးတွေ စတင်အကောင်အထည်ဖော်လာခဲ့ပါတယ်။

အဲဒီအိမ်လေးတွေဟာ ၉ ပေ ပတ်လည်ကျယ်ဝန်းပြီး အမိုးနဲ့ဘေးအကာအရံကို မိုးကာကိုအသုံးပြုထားပါတယ်။ သံပတ်လည် ဟော်လိုပိုက်၊ သံဖိနပ်ခုံနဲ့ အလွယ်တကူတပ်ဆင်နိုင်ရန် ဆောက်လုပ်ပေးထားတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တပ်ဆင်ရတာ ၁၅ မိနစ်လောက်ပဲကြာတယ်။ စစ်ကြောင်းပြန်ထွက်ရင် ခေါက်သိမ်းပြီး ပြန်ခဲ့လိုက်ရုံပဲ။”လို့ သူကဆိုပါတယ်။

Public Service Announcement

Public Service Announcement

S&C အဖွဲ့ဟာ စစ်ဘေးသင့်ပြည်သူတွေအတွက် ၂သိန်းကျော်တန် တန်ဖိုးနည်းအိမ်အလုံးပေါင်း တစ်ထောင်ကျော် တည်ဆောက်ပေးထားပြီးပါပြီ။ အဲလိုဆောက်ပြီးပေမယ့် စစ်ကြောင်းပြန်ဝင်လာလို့ ရွာလုံးကျွတ်ပြန်လည်ထွက်ပြေးရတဲ့အခါလည်း ရှိပါတယ်။

တချို့တွေဆို တန်ဖိုးနည်းအိမ်တွေပါ ထပ်မံမီးရှို့ဖျက်ဆီးခံရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်လုပြီး ပြေးရတာဖြစ်တဲ့အတွက် တောထဲမှာအဆောက်အဦးတွေ ဆောက်ပေးထားရင်လည်း အဆင်မပြေပါဘူး။

အခု S&C အဖွဲ့တည်ဆောက်ပေးနေတဲ့ ရွေ့လျားအိမ်လေးတွေကျတော့ စစ်ကြောင်းလာလို့ ပြေးရရင်တောင် လှည်းပေါ်ဖြုတ်တင်သွားလို့ရတယ်။ အလွယ်တကူဖြုတ်သိမ်းလို့ရတယ်။ ဂဟေနဲ့တခါတည်း ချိတ်ဆက်ပြီး သေချာခွင်ကျကျ နက်တိုင်နဲ့ သေချာအပေါက်တွေဖောက်ပြီး လုပ်ပေးထားတယ်လို့ S&Cအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် အဲဒီရွေ့လျားအိမ်လေးတွေကို ရပ်ရေးရွာရေးတွေမှာလည်း မဏ္ဍပ်စင်အဖြစ် အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီရွေ့လျားအိမ်လေးတွေဟာ အရင်တန်ဖိုးနည်းအိမ်လေးတွေလို နှစ်သိန်းကျော်နဲ့မရတော့ပါဘူး။ သံပိုက်တွေပါ အသုံးပြုရတာရယ်၊ အစစအရာရာ တက်နေတဲ့ ကုန်စျေးနှုန်းကြောင့်ရယ် ရွေ့လျားအိမ်တစ်လုံးကို မြန်မာငွေ ၁၀ သိန်းကျပ်ခန့် ကုန်ကျမယ်လို့ S&Cအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခု ဆောင်းတွင်းဟာ အအေးဓာတ်လွန်ကဲနေတဲ့အတွက် စစ်ရှောင် သက်ကြီးရွယ်အို၊ ကလေးမိခင်၊ ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်တွေဟာ အအေးဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုတ်တရက် စစ်ကြောင်းတွေ ထိုးလာတတ်တဲ့အတွက် စောင်လည်းယူချိန်မရ၊ အနွေးထည်လည်း ဝတ်ချိန်မရဘဲ ထွက်ပြေးကြရတာပါ။ ညတိုင်ဆိုလည်း မလုံခြုံတဲ့တောတွေထဲမှာပဲ အအေးဒဏ်ကိုရင်ဆိုင်ရင်း ဖြတ်သန်းနေရတယ်လို့ ဒေသခံတွေက ပြောပြတယ်။

“အခုကာလက ဆောင်းတွင်းဖြစ်တဲ့အတွက် အမိုးအကာကလိုတယ်။ ညတိုင်ဆိုနှင်းကျတယ်။ တအားအေးတယ်။”လို့ ရွှေဘိုနယ်ထဲက ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါကြောင့် S&C အဖွဲ့က ရွေ့လျားအိမ်လေးတွေ ဆောက်လုပ်ပေးနိုင်အောင် ကြိုးစားနေကြတယ်။ လက်တလောအနေနဲ့ ရွှေဘိုခရိုင်ထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့မိသားစု၃စုအတွက် ရွေ့လျားအိမ် ၃ လုံး စတင် မ တည်ပြီး လှူဒါန်းထားတယ်လို့ S&C အဖွဲ့က ပြောပါတယ်။

“ရာသီဥတုကလည်း တအားအေးတာဖြစ်တဲ့အတွက်ကြောင့်လည်း ပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေ ဆောင်းတွင်းမှာ လုံလုံခြုံခြုံနေနိုင်အောင် ပြေးတဲ့နေရာတွေမှာ သွားဆောက်ပေးတာ။တောထဲရောက်နေသူအားလုံးအတွက် မဆောက်ပေးနိုင်သေးဘူး။”လို့ S&Cအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုလက်ရှိမှာပဲ ရွှေဘိုခရိုင်ထဲက ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ပြည်သူရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ကြောင်းကရုတ်တရက်ဝင်လာခဲ့လို့ စောင်တွေ၊ အနွေးထည်တွေတောင် မယူနိုင်ဘဲ ထွက်ပြေးခဲ့ရတာကြောင့် စစ်ရှောင်တွေ အအေးဒဏ်ကို အတော်လေး ရင်ဆိုင်နေရတယ်လို့ ခင်ဦးအခြေစိုက် စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အိမ်အလုံးတစ်ထောင်ကျော်တုန်းကလိုပဲ ပါဝင်ပေးကူညီ​ပေးကြဖို့ S&Cအဖွဲ့ တာဝန်ရှိသူက တိုက်တွန်းပါတယ်။

“တစ်ဦးတစ်ယောက်မတက်နိုင်ရင်လည်း အများနဲ့စုပေါင်းပြီး ပါဝင်လို့ရပါတယ်။”လို့ S&Cအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ စစ်ရှောင်ကူညီရေးအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ S&C အဖွဲ့ဟာ နေအိမ်မီးရှို့ခံရတဲ့စစ်ရှောင်တွေအတွက် တန်ဖိုးနည်း အိမ်အလုံးပေါင်းတစ်ထောင်ကျော်လည်း ဆောက်လုပ်ပေးထားပါတယ်။

S&C အဖွဲ့ဟာ စစ်အတွင်းကာလ ကလေးငယ်များရဲ့ပညာရေးအတွက်လည်းကူညီပေးနေပြီး စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း ဆေးပေးခန်းတွေဖွင့်ပြီး CDMဆရာဝန်​နဲ့ ကျန်းမာရေးဝန်ထမ်းတွေကနေ စောင့်ရှောက်ပေးနေပါတယ်။ တောင်သူတွေအတွက် မြေသြဇာတွေလည်း လှူဒါန်းပေးတတ်ပြီး အဖွဲ့သားတွေကိုယ်တိုင် တစ်နိုင်တပိုင် စိုက်ပျိုးရေးလုပ်ပြီး စစ်ရှောင်တွေအတွက် သီးနှံတွေ ဝေငှတတ်ပါသေးတယ်။

S&C အဖွဲ့ကို ဆက်သွယ်ချင်ရင်

https://www.facebook.com/profile.php?id=100080729739791…

အထက်ပါLink ကနေ ဆက်သွယ်နိုင်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။