မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၃၇၀၁ ဦး ရှိခဲ့ပြီဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့တွင် ထုတ်ပြန်သည်။
AAPP ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့သည့်သီတင်းပတ်များအတွင်း နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများ နေထိုင်ရာ အရပ်ဒေသများကို ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။ ဇွန်လ ၂၃ ရက်တွင် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ လုခူပရားကျေးရွာနှင့် ဒိုရောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒိုရောကျေးရွာမှ ဦးလွီးဇီ သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။
ကရင်နီပြည်နယ်တွင် ရောက်ရှိနေသော Free Burma Rangers အဖွဲ့ကလည်း စစ်ကောင်စီတပ်သည် ဇွန်လ ၂၀ ရက်မှစတင်ကာ ကရင်နီပြည် တောင်ပိုင်း၌ နေ့စဥ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင် ပုန်းခိုနေရကြောင်း ဇွန်လ ၂၅ ရက်တွင် အသိပေးသည်။ ကရင်နီပြည်နယ်၊ ဖားဆောင်းဒေသတွင် စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် တိုက်လေယာဥ်အစီးရေ များစွာဖြင့် ပျံသန်းခြိမ်းခြောက်နေပြီး ဒေသခံအရပ်သားပြည်သူ လေးဦးမှာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လမ်းမပေါ်တွင် သေဆုံးခဲ့ရကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ Free Burma Rangers က ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းနှင့် ပြည်သူလူထုနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်းလည်း Free Burma Rangers အဖွဲ့တည်ထောင်သူ David Eubank က မြေပြင်မှ ပြောပြသည်။

Public Service Announcement
ယင်းနောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက် ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၅၉၈) ဦးရှိပြီး ထိုအထဲမှ (၁၉၂၅၂) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၅၆၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း AAPP က ယမန်နေ့တွင် ထုတ်ပြန်သည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပြီးအချက်အလက်များကို ထပ်မံကောက်ယူရရှိပြီး အတည်ပြုနိုင်ပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဟုလည်းအသိပေးထားသည်။
ယမန်နေ့အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၅) ဦးရှိပြီဖြစ်ပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၇) ဦး ရှိပြီဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၄၃၄၆) ဦး ရှိသည်ဟု AAPP က ပြုစုဖော်ပြသည်။

















































