Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပို​မှောင်လာတဲ့ မန္တလေးည

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

(​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်က မီးများလင်းထိန်​နေ​သောမန္တ​လေးညမြင်ကွင်းဖြစ်သည်။စစ်​ကောင်စီလက်​အောက်တွင်မူ အခြား​ဒေသများနည်းတူ မန္တ​လေးမှာ မီးမမှန်​ပေ။ဓါတ်ပုံ-Tripadvisor)
(​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်က မီးများလင်းထိန်​နေ​သောမန္တ​လေးညမြင်ကွင်းဖြစ်သည်။စစ်​ကောင်စီလက်​အောက်တွင်မူ အခြား​ဒေသများနည်းတူ မန္တ​လေးမှာ မီးမမှန်​ပေ။ဓါတ်ပုံ-Tripadvisor)

စစ်တပ်ကအာဏာသိမ်းထားသောကာလဖြစ်သည့်တိုင် ​ညလုံးပေါက်သွားလာစည်ကားနေတတ်သော မန္တလေးညများသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ၈ နာရီမှ စတင်ကာ မီးကိုရေနှင့်ငြှိမ်းလိုက်သကဲ့သို့ ရုတ်ချည်းငြိမ်ကျသွားခဲ့သည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေအား စတင်အသက်ဝင်ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း ပေါ်တာဆွဲသည်ဆိုသော သတင်းများ ပျံ့နှံ့လာကာ ညပိုင်းအပြင်ထွက်သူ မရှိသလောက် နည်းပါးသွားကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“ည ၇ ခွဲလောက်ကစပြီး လူမရှိတော့ဘူး။”ဟု မန္တလေးမြို့လယ်တွင်နေထိုင်သူ အသက်၄ဝ ဝန်းကျင်အမျိုးသားတစ်ဦးက ပြောသည်။

ည ၁၁ နာရီခန့်အထိ ဖွင့်လေ့ရှိသော အရက်ဘီယာဆိုင်များ၌လည်း ည ၈ နာရီဝန်းကျင်၌ ပင် ထိုင်သူမရှိတော့ကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်က ည ၈နာရီကျော် ကျူံးဘေးကနေ အိမ်ပြန်နေကျ။ ခါတိုင်းလဲ အဲဒီချိန်ပြန်နေကြပါ။ ညကတော့ ပေါ်တာဆွဲတဲ့အသံတွေကြောင့် လမ်းပေါ် ခြောက်ကပ်နေတာ။”ဟု မန္တလေးအရှေ့ခြမ်း၌ နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

နေ့စားအလုပ်သမားများ၊ ကုမ္ပဏီဝန်ထမ်းများမှာလည်း အလုပ်ချိန်စောဆင်း၍ ညမမှောင်မီ အိမ်အရောက်ပြန်နေကြရသည်ဟု မန္တလေးဒေသခံများက ဆိုသည်။

“ပန်းရံလက်သမားတို့ နေ့စားသမားလေးတွေဆို မမှောင်ခင် ခပ်သုတ်သုတ်ပြန်သွားကြတာ။”ဟုအသက်ငါးဆယ်ကျော်အရွယ် မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးကပြောသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေနံနက်ပိုင်းက မန္တလေးနှင့် မိုင် ၃၀ ပင်မဝေးသည့် စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာနှင့် လယ်ကြီးရွာကြား မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီတပ်က ခရီးသွား လူငယ် ၄၀ ကျော်ကို ဖမ်းဆီးသွားခြင်းကလည်း မန္တလေးမြို့နေလူထုအတွက် စိုးရိမ်သောကများ ပိုမိုကြီးထွားစေခဲ့သည်။

မန္တလေးမြို့၌ စစ်ကောင်စီက ပေါ်တာဆွဲခြင်းဟုတ်၊မဟုတ် စစ်​ကောင်စီကသတင်းထိန်းချုပ်ထား၍အတည်ပြုရန်ခက်ခဲ​​​​နေသေး သော်လည်း လူငယ်အချို့ ဖမ်းဆီးခံရသည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ် ၂ နာရီခန့်က မန္တလေးမြို့၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ၆၄ လမ်းပေါ်ရှိ တရားရုံးအနီးတွင် 110 ဆိုင်ကယ်စီးလာသော အသက် ၂၅နှစ်မှ ၃၀ကြား အမျိုးသား ၂ ဦးအား စစ်ကောင်စီတပ်က အိမ်စီးကား ၁ စီး၊ 4wheel ၁ စီးဖြင့် ပိတ်ရပ်၍ ခေါ်ဆောင်သွားကြောင်း မန္တလေးမြို့ စစ်ကောင်စီလှုပ်ရှားမှုများ သတင်းပေးနေသည့် Voice Of Mandalay စာမျက်နှာက အသိပေးသည်။

အလားတူ ယမန်နေ့ကပင် ညနေ ၆ နာရီခန့်က မန္တလေးမြို့လယ် ၄၁ လမ်းနှင့် ၉၁ လမ်းထောင့်တွင် အသက် ၁၅ နှစ်ခန့် ယောက်ျားလေး ၂ ဦး စက်ဘီးဖြင့်လမ်းဖြတ်ကူးနေစဥ် အိမ်စီးကား​ပေါ်မှ အရပ်ဝတ် လက်နက်ကိုင်များမှ ကားပေါ်ဆွဲတင်သွားကြောင်း Voice Of Mandalay က ထပ်မံအသိပေးသည်။

“မန္တလေးမြို့ပေါ်တွင် ပေါ်တာအကြောင်းပြကာ ငွေညှစ်မှုများ ဖြစ်ပေါ်နေပါတယ်။ အမှန်တကယ် ပေါ်တာ မဟုတ်ပါခင်ဗျာ။ ရုံးမှာဖမ်းထားကာ မနက်ငွေရလျှင် ပြန်ထုတ်ပေး‌နေတာပဲ ဖြစ်ပါတယ်။ပြည်သူကို ထင်ယောင်ထင်မှား Psywar သတင်း တမင်လွှင့်ထားကာ ငွေညှစ်ခြင်းသာဖြစ်ပါတယ်။”ဟု MDY Revolution အဖွဲ့က ဆိုသည်။

ထိုဖြစ်စဥ်များဟုတ်မှန်ကြောင်း ဖြစ်စဥ်တစ်ခုက သက်သေပြခဲ့သည်။ စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မန္တလေးဆင်ခြေဖုန်းရပ်ကွက်တစ်ခုမှ လူငယ်အမျိုးသားတစ်ဦး မန္တလေးမြို့တွင်း၌ အဖမ်းခံခဲ့ရပြီး ငွေဆယ်သိန်းဖြင့် ပြန်ရွေးခဲ့ရကြောင်း နီးစပ်သည့် မြို့ခံများက ပြောသည်။

“ညနေ ၆ နာရီလောက်ရှိသေးတယ် အဖမ်းခံရတာ။ နောက်တစ်ရက်မှာ သူ့မိသားစုကသွားရွေးရတာ။”ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ ငွေညှစ်လို၍ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံများက သုံးသပ်သည်။

ပြည်သူများအနေဖြင့် ငွေညှစ်မခံရစေရန် အချိန်မတော် အပြင်ထွက် အသွားအလာ ဆင်ခြင်ကြရန် MDY Revolution အဖွဲ့ကသတိပေးသည်။

စစ်ကောင်စီ၏ ဖမ်းဆီးငွေညှစ်မှုကိုကြောက်၍ ညပိုင်းအပြင်မထွက်တော့သည့် မန္တလေးမြို့ခံ အသက်( ၃၀) ဝန်းကျင်အမျိုးသားတစ်ဦးကတော့ “ကလပ်တွေဘားတွေထဲဝင်ဖမ်းလိုက်ရမှာ။ မရှိဘူးဆို လူတစ်ရာတစ်ရာ့ငါးဆယ်လောက်ရှိတယ်။”ဟု ဆိုပါသည်။

ယခုရက်ပိုင်းတော့ မန္တလေးမြို့ညများသည် အသံတိတ်သပိတ်ဆင်နွှဲနေကြပါသည်။

မန္တလေးမြို့၌ ညပိုင်းလူအထွက်နည်းသွား၍ ညဘက်မထွက်တော့ကြောင်း အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

“အကုန်ရှင်းလင်းနေတာ။ ဘယ်သူမှမရှိတော့ဘူး။ အန္တရာယ်လည်းများတာနဲ့ မထွက်တော့ဘူး။”ဟု အငှားယာဥ်မောင်းက ပြောသည်။

အာဏာလု စစ်တပ်၏ လက်အောက်၌ စစ်မှုမထမ်းလို၍ မြို့ပေါ်မှထွက်ခွာလိုသူ လူငယ်များကိုလည်း မန္တလေးPDF အပါအဝင် PDF တပ်ရင်းတပ်ဖွဲ့များက ကြိုဆိုနေသည်။

“PDFထဲဝင်ရမှာလား၊ ပေါ်တာလည်းအဆွဲခံရမှာကြောက်တယ်ဆိုတဲ့အခြေအနေရှိတယ်။ အဖွဲ့တွေကလည်း တပ်သားသစ်ခေါ်ဆောင်တာတွေလည်းရှိတယ်။ အဲဒီမှာလည်းသွားလို့ရသလို မတ္တရာမြို့နယ်ပကဖကိုဝင်ရောက်ရင်လည်း အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီလိုစကစရဲ့ဥပဒေကြောင့် မြို့ပေါ်မှာနေဖို့မလုံခြုံတော့ဘူးဆိုရင် ကျွန်တော်တို့နဲ့လက်တွဲဖို့ ဖိတ်ခေါ်ချင်ပါတယ်။”ဟု မတ္တရာပကဖအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

“ကျွန်တော်တို့ကတော့ သွားချင်းသွား PDF ထဲပဲသွားမှာ။ အဲကောင်တွေ(စကစ)ထဲတော့ အရောက်မခံနိုင်ဘူး။”ဟု မန္တ​လေးမြို့ခံ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးက ပြောပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။