ရခိုင်ပြည်နယ်တိုက်ပွဲများတွင် စစ်ရှုံး၍ မြို့ ၅ မြို့ နှင့် စစ်သင်္ဘောများဆုံးရှုံးပြီးနောက် စစ်ကောင်စီက AAကိုယှဥ်မတိုက်နိုင်သောအခါ လူမျိုးရေး ပဋိပက္ခများဖန်တီးရန်ကြိုးစားလာသည်။
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ရှုံးပြီးနောက်စစ်ကောင်စီကကိုးကန့်ဒေသစစ်ပွဲမှာမျိုးနွယ်စုချင်းဖြစ်ပွားသောပြသာနာဟုလည်းကောင်း ၊ ကိုးကန့်တပ် MNDAA သည် ဘုရားများကိုလိုက်လံဖျက်ဆီးသည်ဟုလည်းကောင်း ၊TNLA ကိုလည်း ဘုရားဌာပနာများဖောက်ထွင်းသည်ဟုလည်းကောင်း ၊ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နှင့်အတူ တရုတ်စစ်သားများကပါပူးပေါင်းတိုက်ခိုက်နေသည့် ပြည်ပကျူးကျော်စစ်ပွဲဟုလည်းကောင်း မျိုးစုံဇာတ်လမ်းဆင်ဝါဒဖြန့်ခဲ့သော စစ်အုပ်စုသည် ရခိုင်ဒေသတိုက်ပွဲအတွက် ဇာတ်လမ်းတစ်ပုဒ်ဖန်တီးလာကြပြန်သည်။ စစ်အုပ်စု ၊စစ်တပ် သြဇာခံ အမျိုးသားရေးအစွန်းအုပ်စုများ မကြာခဏ ဖန်တီးလေ့ရှိသည့် လူမျိုးရေးပဋိပက္ခဖန်တီးရန် ကြိုးစားလာကြခြင်းဖြစ်ပါသည်။
ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် ဘာသာရေးအစွန်းရောက်မဘသများက ရန်ကုန်နှင့် မန္တလေးမြို့ပေါ်တွင် ရခိုင်ဆန့်ကျင်ရေး စာရွက်များ မြို့အနှံ့ လိုက်ကပ်နေပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် အရှိန်မြှင့် ဖန်တီးလာကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက မန္တလေးမြို့လယ်ရှိ ၃၅ လမ်းကုန်းကျော်တံတား၊ ၄၁လမ်းကုန်စိမ်းညစျေးအပါအဝင် စျေးများ၊ လူစည်ကားရာလမ်းမများ၊ ဓာတ်တိုင်များ၌ စစ်တပ်ထောက်ခံသူနှင့်မဘသများက ရခိုင်လူမျိုးများအား လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်ထားသည့် စာရွက်စာတန်းများအား လိုက်ကပ်လာကြောင်း မန္တလေးမြို့ခံများက ပြောသည်။

Public Service Announcement
အဆိုပါစာရွက်များတွင် “ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်”၊ “ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက်သွားကြ”၊ “ရက်စက်ယုတ်မာတဲ့ AA အကြမ်းဖက်သမားတွေကို ဆန့်ကျင်သည့်အနေဖြင့် မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်မှန်သမျှကို ဝယ်ယူစားသောက်အားပေးခြင်း ရှောင်ကျဥ်ကြပါ”၊ “လူမျိုးရေးဝါဒစွဲပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ” အစရှိသည့်စာသားများရေးသားထားသည်။
အဆိုပါ လှုံ့ဆော်မှုများနှင့် ပတ်သပ်၍ မန္တလေးမြို့ခံတစ်ဦးက”ဘာမှမဆိုင်ဘူး။ လူမျိုးရေးနဲ့လွှဲချနေတာ”ဟု ပြောသည်။
ထိုစာသားတိုင်း၏ အောက်ခြေ၌ မန္တလေးမြို့သူမြို့သားများဟု အလွဲသုံးစားလုပ်ကာ ပြည်သူချင်းပါ ရန်တိုက်ပေးနေသည်ဟု မန္တလေးမြို့ခံများက ပြောသည်။ မန္တလေးမြို့ခံပြည်သူများမှာ မည်သူမျှ ထိုသို့မလုပ်ဘဲ စစ်ကောင်စီ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများမှာပေါ်တာဆွဲခံရမည့်စိုး၍ ညပိုင်းအပြင်ထွက်သူနည်းချိန်တွင် ထိုစာများကပ်သူများမှာစစ်ကောင်စီသာဖြစ်ကြောင်း မြို့ခံပြည်သူများကပြောသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ လူသိများသောဈေးဆိုင်များရှေ့တွင်လည်းအလားတူစာသားများ လိုက်လံကပ်၍ လူမျိုးရေး ပြသာနာဖန်တီးနေသည်ကိုတွေ့ရသည်။
“ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ AAက စစ်တပ်ကို တိုက်တာတွေအရမ်းကိုအားကျနေတာပါ။မန်းလေးကဖြင့်။ကျမတို့ရပ်ကွက်တင်မဟုတ်ဘူး။ အနယ်နယ်က သဘောကျနေတာပါ။စာကပ်လည်းအရေးစိုက်မှာ ဟုတ်ပါဘူး” ဟု မန္တလေးမြို့ခံတဦးက သူ့ခံစားချက်ကိုပြောသည်။
စစ်အုပ်စုသည် ရခိုင်ပြည်နယ် တွင် စစ်ရှုံးပြီး မြို့ လေးမြို့ကို ရက်ပိုင်းအတွင်းဆုံးရှုံးခဲ့ရကာ စစ်သဘာ်များကိုပင် တိုက်ခိုက်ချေမှုန်းခံနေရသည် ကို ဝန်မခံဘဲ လူမျိုးရေးပြသာနာများ ဖန်တီးနေခြင်းဖြစ်သည်။ အထူးသဖြင့် ကျောက်တော်မြို့၌ ဖေဖော်ဝါရီလ ၇ ရက်နှင့်၈ရက်က ဖြစ်ပွားခဲ့သည့်ရေကြောင်းတိုက်ပွဲ၌ ခေတ်မီလှသည်ဟု အစဥ်တစိုက်ဝါဒဖြန့်ခဲ့သော ရေတပ်မှ စစ်သဘော် ၃ စီးကို AAကတိုက်ခိုက်ချေမှုန်းရေနစ်ခဲ့သည့်အပေါ် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရသည်။
အရှုံးကို ဝန်မခံဘဲ စစ်သဘော်ပေါ်မှ တိုက်ခိုက်ခံရ၍ ကမ်းခြေ၌ ရေကူးလာသူများကို ဒေသခံများက ဓါးဖြင့် ခုတ်သတ်သည်ဟုလည်းကောင်း ၊ ကလေးနှင့် အမျိုးသမီးများကိုပါ မချန် AA ကတိုက်ခိုက် ချေမှုန်းခဲ့သည်ဟုတစ်ဖုံ လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းမျိုး စုံဖြင့် လူမျိုးရေးပဋိပက္ခဖြစ်လာရန်လူမှုကွန်ယက်တွင် အင်နှင့်အားနှင့် လှုံ့ဆော်ဝါဒဖြန့်ကြသည်။
အစောပိုင်းတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များနှင့် စစ်တပ်ထောက်ခံသူများ၏ ပစ်မှတ်မှာ ရေကူး၍ ကမ်းခြေရောက်လာသူများကို သတ်သည်ဆိုကာ ဒေသခံပြည်သူများကိုဖြစ်သည်။ သို့သော် မြေပြင် အခြေအနေ သိသောပြည်သူများက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသောထိုနေရာ၌ ဒေသခံပြည်သူများမရှိဘဲ စစ်တပ်ရန်ကြောက်၍ အစောကတည်းကထွက်ပြေးနေကြရကြောင်းရေးသားရှင်းပြကြသည်။
“ရေမြှပ်တဲ့ သဘော်ကနေပဲ ကမ်းကိုအရင်ရောက်အောင်ကူးကြည့်ပါဦး ။ ဒီလောက်ရေစီးသန်တဲ့မြစ်ကို တော်ယုံရေးကူးကျွမ်းကျင်တဲ့လူ အသာထား ၊မိန်းမတွေကလေးတွေကူးတယ်ဆိုတာဘယ်လိုမှ မဖြစ်နိုင်။ စစ်ဖြစ်တာနဲ့ အဲနားကရွာကလူတွေအကုန် ပြေးကြတာ ။နေဗီလက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ ။စစ်ရေယာဥ်ကို လုံခြုံရေးယူပေးတဲ့ ရဟတ်
ယာဥ်တွေပါတာကို အဲနားကရွာကလူတွေက ဓါးနဲ့ခုတ်နိုင်ပါ့မလား ။စဥ်းစားပေါ့”ဟု ဒေသအခြေအနေသိသောပြည်သူတစ်ဦးကရှင်းပြသည်။
ထိုနောက်ပိုင်းတွင် စစ်ကောင်စီဝါဒဖြန့်အကောင့်များက AA တပ်ဖွဲ့ဝင်များက စစ်သင်္ဘောပေါ်ပါ အမျိုးသမီးနှင့်ကလေးငယ်များကိုပါ တိုက်ခိုက်ချေမှုန်းသည်ဟု အသားပေး၍ဝါဒဖြန့်နေကြပြန်သည်။ AA ကကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလကတည်းက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်သောနေရာများတွင် ၊ စစ်ဆင်ရေးလုပ်သောစစ်သင်္ဘောများပေါ်တွင် ကလေးငယ်နှင့် အမျိုးသမီးများပါသည်ဆိုခြင်းမှာ မဟုတ်ဘဲ ၊တိုက်ပွဲများမပြင်းထန်ခင်ကတည်းကစစ်ကောင်စီ မိသားစုဝင်များကိုဘေးကင်းရာသို့ ပို့ဆောင်ပေးလေ့ရှိကြောင်း စစ်ရေးအရင်းအမြစ်များကပြောသည်။
ထို့ကြောင့် တိုက်ပွဲတွင် စစ်ရှုံးသည်ကို စစ်ရှုံးကြောင်းဝန်မခံဘဲ ဇာတ်နာအောင်ဇာတ်လမ်းမျိုးစုံထွင်၍ လူမျိုးရေးပြသာနာဖန်တီးနေခြင်းမှာ သူရဲဘောကြောင်သောလုပ်ရပ်ဖြစ်ကြောင်း အထက်ပါစစ်ရေးရင်းမြစ်များကပြောသည်။
AAက မြောက်ဦး ၊ကျောက်တော် ၊မင်းပြား အပါအဝင်ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်မည်ဟုစစ်ကြေညာကာတိုက်ခဲ့ခြင်းဖြစ်သည်။ထိုကြောင့်အသက်မသေလိုပါက လက်နက်ချ ကြရန် အကြိမ်ကြိမ်ကြေညာပြီးထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
AAက ရေကြောင်းတိုက်ပွဲသတင်းကို ဖေဖော်ဝါရီ ၁၁ ရက်ည ထုတ်ပြန်သည်။စစ်ကောင်စီ၏ စစ်သင်္ဘော နှစ်စီး၊ ဇက်သင်္ဘောတစ် စီးတို့အား ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး သုံးစီးစလုံးအား ရေထဲနစ်မြုပ်အောင် ချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။ စစ်သင်္ဘောသုံးစီးအပြင် နောက်ထပ်အထိနာအောင် တိုက်ခိုက်ခဲ့သော စစ်သင်္ဘော လေး စီးအထိ ရှိခဲ့သည်ဟု AAက အတိအလင်းအသိပေးသည်။
ထိုတိုက်ပွဲ၌ စစ်သင်္ဘောသုံးစီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ကာနီးအချိန်တွင် လက်နက်ချ အညံ့ခံ အလံဖြူထောင်ရန် လော်စပီကာများဖြင့် သုံးကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ သင်္ဘောသုံး စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန် မိနစ်၃၀ ထပ်ပေးသည့်အချိန်တွင်လည်း စစ်ကောင်စီက ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AAတပ်ဖွဲ့ဝင် ဆယ်ဦး ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးထားသည်။
“လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်သည်။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့သည်။ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်” ဟု ထုတ်ပြန်ထားသည်။
သို့သော် ကယ်ဆယ်ထားသူအရေအတွက်ကို AAကမထုတ်ပြန်သေးပေ။
စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့သည်ဟုလည်းအသိပေးသည်။ ယခုအကြိမ်တ့င်လည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ ထိုကြောင့် ဒေသခံပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ရေကြောင်းတိုက်ပွဲနှင့်ပါတ်သပ်၍ တရားဝင်ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ရက္ခိုင်ဒေသတိုက်ပွဲများတွင် ရေတပ်ကို အလေးထားအသုံးပြုပြီး တိုက်ခိုက်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ စစ်တပ်၏ ရေတပ်အား အကောင်းဆုံးတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်ခြင်းဆက်လက်၍လည်း လက်နက်ချအညံ့ခံရန် ပြောကြားထားသော ရန်သူ့စစ်စခန်းများအနေဖြင့် အချိန်မီ လက်နက်ချအညံ့ခံရန် ထပ်မံအသိပေးလိုက်သည်ဟုလည်း AA ကကြေညာထားသည်။
” ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ (၈) ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့သည်”ဟု AAကထုတ်ပြန်ထားသည်။
ထိုအပြင် ဖေဖော်ဝါစီ ၁၂ ရက် ကလည်း မင်းပြားမြို့နယ်တွင် စစ်ကောင်စီတပ်၏ သဘာ်တစ်စင်းကိုထပ်မံ တိုက်ခိုက်နစ်မြှပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ တွင်ထပ်မံထုတ်ပြန်လာသည်။
စစ်ကောင်စီကမူ စစ်ရှုံးမှုအပေါ် တစ်ခွန်းမျှမပြောဘဲ လူမျိုးရေအဓိကရုဏ်းဖြစ်ရန်၊ စစ်ပွဲအရှုံးအပေါ်အာရုံပြောင်းရန် သာ လှုံ့ဆော်စာများဖြန့်ဝေခြင်းအလုပ်များနေသည်ကိုတွေ့ရသည်။
ထိုကြောင့်စစ်ကောင်စီက ယခုရက်ပိုင်း ဇောင်းပေးဖော်ပြနေသည့် လူမျိုးရေးနှင့် ဘာသာရေးအခြေပြုဝါဒမှိုင်းကို သတိပြုရန် ပြည်သူအချင်းချင်းကသတိပေးနေကြသည်။
ရန်ကုန်မြို့မှ မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက “အရင်လဲစစ်တပ်က ဒါမျိုး လူမျိုးရေးမှိုင်းတိုက်တာတွေ လုပ်ဖူးပါတယ်။ အခုခတ်မှာတော့ ဒါတွေလုပ်လို့ မရတော့ပါဘူး။ ပြည်သူတွေအနေနဲ့ ဒါကို မယုံဘဲ ဘုံရန်သူ စစ်ကောင်စီကိုပဲ ဆန့်ကျင်ဖို့ လိုအပ်ပါတယ်” ဟုပြောပါသည်။ ။
