စစ်မှုထမ်းရန် ခေါ်ဆောင်လာသည့်ဧရာဝတီတိုင်း ၂၆ မြို့နယ်မှ လူ ၁၀၀၀ ကျော်ကို စစ်ကောင်စီက မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံအပါအဝင် ဧရာဝတီတိုင်း အတွင်းရှိ ၂၆ မြို့နယ်မှ လူ ၁၀၀၀ ကျော်ကို စစ်မှုထမ်းပထမအသုတ်အဖြစ် စစ်ကောင်စီက ခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ကျတော့်တူကို ၂၈ ရက်နေ့က နောက်ဆုံး အဆက်အသွယ်ရတယ်။ နောက်ရက်တွေ လုံးဝ ဖုန်းဆက်လို့မရတော့ဘူး။ အုပ်ကြီးကိုမေးတော့ ဘာမှမဖြစ်ဘူးလို့ပဲဖြေတယ်။ ပြီးတော့ အုတ်ကြီးက ရှောင်နေတယ်” ဟု စစ်သားစုဆောင်းခံရသူတစ်ဦး၏မိသားစုဝင် တစ်ဦးကပြောသည်။
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရဥပဒေအကြောင်းပြ၍ နိုင်ငံအနှံ့မှ စုဆောင်းရရှိထားသူများကို မတ်လ ၂၈ရက်တွင် စစ်ဆေးရုံးများ၌ ဆေးစစ်ပြီးနောက် အိမ်ပြန်မလွှတ်တော့ဘဲ သင်တန်းကျောင်းများသို့ တန်းပို့လိုက်ကြောင်း သိရသည်။

Public Service Announcement
ဧရာဝတီတိုင်းမှ အသက် ၁၈နှစ် – ၃၅ နှစ်ကြား အမျိုးသား ၁၀၀၀ ကျော်ကို မတ်လ ၂၈ရက်တွင် ခေါ်ဆောင်သွားပြီး ဆေးစစ်အောင်လျှင် အဝတ်အစားများလာရောက်ပို့ပေးရမည်ဟု ရက်ကွက်အုပ်ချုပ်ရေးမှူးက ပြောသော်လည်း မတ်လ ၃၀ရက်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိတော့ပေ။ ဖုန်းယူဆောင်သွားသည့် စစ်သားသစ်စုဆောင်းခံရသူများ၏ဖုန်းများမှာလည်းပိတ်ထားပြီး ဆက်မရတော့ကြောင်းကျန်ရစ်သည့် မိသားစုဝင်အချို့က ပြောသည်။
စစ်ကောင်စီက စစ်သားသစ်အဖြစ် စုဆောင်းခံရသူများ၏ ဖုန်းများကို သိမ်းဆည်းထားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။
စစ်ကောင်စီက စစ်သားစုဆောင်းထားသူများကို ရန်ကုန်နှင့် မန္တလေးတိုင်းအခြေစိုက်စစ်ရေးအခြေခံ လေ့ကျင့်ရေးတပ်(၁)(၂)(၃)(၆)တို့သို့ အသုတ်လိုက်ခွဲ၍ ပို့ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများထဲမှ သတင်းရရှိသည်။ စစ်သားသစ်အဖြစ် စုဆောင်းခံရသူများတွင် မဲနှိုက်ပြီးမဲပေါက်သည်ဆိုကာ ဖိအားပေး၍ စစ်သင်တန်းသွားရသူရှိသလို စစ်တပ်ထောက်ခံသူဖြစ်၍ စစ်ထဲဝင်လိုသူ ၊ပိုက်ဆံလိုချင်၍ စစ်သားသစ်အဖြစ်စုဆောင်းခံသူအချို့ပါကြောင်းလည်း ဒေသခံများကပြောသည်။ သို့သော် ကိုယ်တိုင် သဘောတူ၍ စစ်သားသစ်ထဲဝင်သူ ၊ အဓမ္မဖိအားပေး၍ ဆန္ဒမပါဘဲ စစ်သားသစ်စုဆောင်းခံသူ အရေအတွက်မည်မျှရှိကြောင်းကိုမူ လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပါ။
“စစ်မှုထမ်းအပါတ်စဉ်(၁)မှာ စစ်တပ်ထောက်ခံသူ တွေနဲ့ ငွေယူပြီး စစ်မှုထမ်းဆန္ဒပြုသူတွေ ပါသွားတယ်။ မိသားစုဝင်တချို့ကတော့ အဆက်အသွယ်မရလို့ လမ်းပျောက်နေတယ်”ဟုတော်လှန်ရေးလုပ်နေသော ပုသိမ်မြို့မှ လူငယ်တစ်ဦးကပြောသည်။
ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်းအပတ်စဉ်(၁)အတွက် စစ်သားစုဆောင်းရာတွင်ရပ်ကွက်နှင့်ကျေးရွာတစ်ခုလျှင် အမျိုးသားတစ်ဦး ခေါ်ဆောင်သွားသည်။ယင်းအမျိုးသားအား မဲနှိုက်ရွေးချယ်ခဲ့ပြီး မဲပေါက်သူ၏ မိသားစုအတွက် ရပ်ကွက်မှစု၍ ငွေ သိန်း ၃၀ခန့် ပေးကြသည်။ အချို့ဒေသများ၌ မဲနှိုက်သည့်အဆင့်မရောက်ဘဲ ကိုယ်တိုင်အဆိုပြုသူအချို့ရှိခဲ့သည်။
“မဲကြီးဆိုတဲ့ကောင်က အိမ်ခြေမဲ့။ မူးရူးနေတာ။ သူ့ကို စာရင်းသွင်းခေါ်သွားပြီး အုပ်ကြီးက ရပ်ကွက်ထဲကနေ ပိုက်ဆံလှည့်တောင်းသွားတယ်” ဟု ဇလွန်မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေ ဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ အပတ်စဉ်တစ်ခုလျှင် လူငါးထောင်နှုန်းဖြင့် တစ်နှစ်လျှင် လူခြောက်သောင်းစုဆောင်းမည်ဟု ထုတ်ပြန်ထားသည်။သို့သော် စစ်ကောင်စီမှာ နိုင်ငံတစ်ဝန်းတိုက်ပွဲအများစုတွင် စစ်ရှုံးနေပြီး အသေခံတိုက်ပေးရန်စစ်သားသစ်လိုအပ်ချက်များနေ၍ လိုအပ်သလောက်ရရေး ထုတ်ပြန်ထားသည့်အတိုင်းသာလုပ်မည်ဟု ပြည်သူများကမယုံကြည်ကြကြောင်းပြောသည်။စစ်အုပ်စုသည် ၎င်းတို့ပြဌာန်းခဲ့သောဥပဒေကို အကြိမ်ကြိမ် ချိုးဖောက်ကာ ပြည်သူကို တစ်ချိန်လုံးလိမ်ညာနေ၍ မိမိတို့၏ သားသမီးများ စစ်သားသစ်အစုမခံရအောင် ကြိုတင်စီမံထားသင့်ကြောင်းရန်ကုန်မြို့မှ မိဘတစ်ဦးကပြောသည်။
စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွားသောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။
