Connect with us

Hi, what are you looking for?

ဆောင်းပါး

သတိ အ​သေခံတပ်သားစု​ဆောင်း​နေသည်

နွေဦးတော်လှန်ရေး ၃ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝှမ်း စစ်ပွဲများဆက်တိုက်ရှုံးနိမ့်နေသော စစ်ကောင်စီက ၎င်းတို့ကိုကာကွယ်ရန် စစ်မှုမထမ်းမ​နေရ ဥပဒေကို အသက်သွင်း၍ အ​သေခံစစ်သားများစု​ဆောင်း​​ခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ​မှော်ဘုံရွာမှ အမျိုးသား ၅၀ ကိုစစ်တပ်က ၂၀၂၃ ဧပြီ ၂၅ ရက်တွင်ဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။ ထိုပြည်သူများကို စစ်သားဝတ်စုံဝတ်​စေ​၍ လူသားဒိုင်းအဖြစ် စစ်တပ်ကအသုံးချခဲ့သည်။ ဓါတ်ပုံ- CJ

​​​​ကျော်စွာ၊ ဇေ​အောင်/People’s Spring

နွေဦးတော်လှန်ရေး ၃ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝှမ်း စစ်ပွဲများဆက်တိုက်ရှုံးနိမ့်နေသော စစ်ကောင်စီက ၎င်းတို့ကိုကာကွယ်ရန် စစ်မှုမထမ်းမ​နေရ ဥပဒေကို အသက်သွင်း၍ အ​သေခံစစ်သားများစု​ဆောင်း​​ခဲ့သည်။ သို့​သော် ရှုံးပွဲများပိုများပိုကြီးလာသဖြင့် မလုံ​လောက်​တော့၍ ယခုအခါ ရပ်ကွက်၊ မြို့ရွာများအတွင်း ပေါ်ပေါ်ထင်ထင်ဝင်ရောက်ကာ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာ​နေသည်။

ပေါ်တာဆွဲဖမ်းဆီးမှုများကို ယခုသြဂုတ်လအတွင်း ခပ်စိပ်စိပ်ပြုလုပ်လာပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန် နှင့် ဧရာဝတီ စသည့်တိုင်းဒေသကြီးများ၌ အဓိကဖမ်းဆီး​ခေါ်​ဆောင်နေသည်ကို လူထုနွေဦးက စု​ဆောင်းရရှိထားသော အချက်အလက်များအရ သိရသည်။ အများစုကိုစစ်သားလိုအပ်ချက်အ ဖမ်းဆီး၍ ​ရှေ့တန်းပို့ရန်ဖြစ်ပြီး ၊အချို့ကို ပြန်​ပေးဆွဲသကဲ့သို့ မိသားစုများထံ​ငွေ​တောင်း၍ပြန်လွှတ်​ပေး​ကြောင်းစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း

မန္တလေးတွင် သြဂုတ်လလယ်ပိုင်းမှစတင်၍ မြို့ပေါ်နှင့် မြို့သစ်ပိုင်း ဆင်ခြေဖုံးရပ်ကွက်များရှိ နေအိမ်များ၊ ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များကိုပါဝင်ရောက်၍ လူငယ်များအား အဓမ္မဖမ်းဆီးနေကြောင်း မြို့ခံများက ပြောသည်။

“နယ်ကနေ အလုပ်လာလုပ်တဲ့ ပန်းရံတွေကအစဖမ်းနေတာ။ ဧည့်စာရင်းတိုင်ထားရဲ့သားနဲ့ကို ဆိုက်ထဲအထိလာဖမ်းသွားတာ။”ဟု အောင်မြေသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ညဘက်ထွက်သည့်လူငယ်များကိုလည်း စစ်တပ်က ဖမ်းဆီးနေသည်ဟု မြို့ခံများက ပြောသည်။

မန္တလေးတင်မကဘဲ မန္တလေးအနီးတဝိုက်ရှိ ကျောက်ဆည်၊ တံတားဦး၊ စဥ့်ကိုင်မြို့များတွင်လည်း စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးနေသည်။

သြဂုတ်လလယ်ပိုင်းကပင် တံတားဦးမြို့အဝင်တွင် မာမားစက်ရုံမှအလုပ်သမားများ၊အခြားပန်းရံလက်သမားနေ့စားအလုပ်သမားများ စုစုပေါင်းတစ်ရာကျော်ကို စစ်တပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားသည်။

“တံတားဦးက လူငယ်တွေတော်တော်များများလည်း ရှောင်နေကြတော့ ရရာလူဆွဲနေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရန်များကမူ PDFများဖမ်းဆီးထား​သောစက်ရုံလုပ်သားများကိုကယ်တင်ခဲ့ခြင်းဟု သတင်းအမှားဖြန့်ချီခဲ့ကြသည်။

သို့​​သော်လည်း စစ်တပ်အမာခံ​ထောက်ခံသူ မဘသ ဆရာ​တော်​ပေါက်ကိုယ်​တော်ကမူ တံတားဦးတွင် လူငယ်များ ​ပေါ်တာဆွဲခံရခြင်းကိုအတည်ပြုပြီး ၊ ၎င်းသိ​သူ ၄၀ ခန့်ပင်ပါဝင်​ကြောင်း​ပြောကြားထားသည်။

အလားတူ နေပြည်တော်၊ ပျဥ်းမနားမြို့နယ်ရှိ စားသောက်ဆိုင်များကို စစ်မှုထမ်းရန် ဝန် ထမ်းစာရင်းတောင်းယူနေသကဲ့သို့ ဆိုင်အချို့မှ ဝန်ထမ်းများကို အတင်းအဓမ္မဝင်ရောက် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ရှိနေသည်။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း မြို့ပေါ်နှင့် မြို့ဝန်းကျင်ရွာများတွင်ပါ စစ်တပ်က အိမ်စီးကားများဖြင့် လူငယ်များအား လိုက်လံဖမ်းဆီးနေပြီး အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“တောင်နယ်က ထန်းလေးပင်နဲ့အခြားရွာတွေကိုလဲ ပတ်ဖမ်းနေတာ အယောက်၅၀ကျော်ပါတယ်လို့လဲ ကြားနေရတယ်။”ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့ပေါ်တွင်လည်း စစ်တပ်က နေ့ခင်းကြောင်တောင် လိုက်လံဖမ်းဆီးနေ၍ လူငယ်အများအပြား ဖမ်းဆီးခံခဲ့ရကြောင်း နယ်ခံများက ပြောသည်။

“အဖမ်းခံရတဲ့လူငယ်တွေကိုတပ်မ( ၃၃) ထဲအကုန်ပို့တယ်။ တချို့ဆိုကိုယ့်သားလေးပျောက်သွားလို့ဆိုပြီး လိုက်ရှာနေတဲ့သူတွေလည်းရှိတယ်။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့တွင်လည်း စစ်ကောင်စီတပ်​က မြို့ပေါ်နေ အမျိုးသားများအားအကြောင်းမဲ့ဝင်ရောက်ဖမ်းဆီးနေကြောင်း ကျွန်းလှ -ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောသည်။

ကန့်ဘလူမြို့ပေါ်တွင်မူ စစ်သင်တန်းတက်ရန် အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား မဲနှိုက်နေရပြီး လူတစ်ရာခေါ်ယူမည်ဟုသိရကြောင်း အထက်ပါအဖွဲ့က ပြောသည်။

မကွေးတိုင်း

မကွေးတိုင်း၊ ရေစကြိုမြို့တွင်လည်း ပေကုန်းရွာနှင့် တမာတန်းမှ လူငယ် ၁ဝ ဦးထက်မ နည်း ဖမ်းဆီးခံရကြောင်း၊ အမှတ် ၆၊ အောင်ချမ်းသာရပ်နှင့် ပြည်သာယာရပ်မှ လူငယ်၂၀ ခန့်ကို ပျူ စောထီးသင်တန်းပေးရန် စီစဉ်နေကြောင်း ရေစကြိုသတင်းအချက်အလက် ကော်မတီက ပြောသည်။

မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေပြီး တောင်တွင်းကြီးတပ်သို့ပို့ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ပြည်သူ့စစ်သင်တန်း အပတ်စဥ် ၅ အား မကြာခင်စတင်မည်ဖြစ်ပြီး ထိုသင်တန်းအတွက် ရရာလူဆွဲခေါ်နေခြင်းဖြစ်ကြောင်း ​ဒေသခံအချို့က​ပြောသည်။သို့​သော် ​ယခုအကြိမ် ပေါ်​တာဆွဲခံရ​သော လူငယ်များကို ​​ရှေ့တန်းသို့ပို့​ အမြန်ပို့ခြင်းများလည်းရှိ​ကြောင်းသိရသည်။

ပဲခူးတိုင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်က တပ်ထဲဝင်ရန်ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဖမ်းဆီးခံရသူ ၃၀၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ပေါ်တာဆွဲဖမ်းဆီးမှုများတွင် မင်းလှမြို့နယ်တွင် ၈၀ ဦးကျော်၊ အုတ်ဖိုမြို့နယ်တွင် ၈၀ ဦးခန့်၊ လက်ပံတန်းမြို့နယ် ၄၀ ဦးခန့်၊ ဇီးကုန် ၂၀ ဦးကျော်နှင့် နတ္တလင်း ၂၅ ဦးခန့် အသီး သီးဖမ်းဆီးခံထားရပြီး မိုးညိုနှင့် သာယာဝတီမြို့နယ်များတွင်လည်း ပေါ်တာဆွဲမှုများဖြစ်ပေါ်နေသော်လည်း ဦးရေအတိအကျ မသိရသေးပေ။

အထက်ပါ ပေါ်တာဆွဲဖမ်းဆီးမှုများအနက် သြဂုတ်လ ၂၂ ရက်နေ့က မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာသို့ စစ်ကောင်စီတပ်များဝင်ရောက် ပေါ်တာဆွဲရာတွင် ကျောင်းသူနှစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော သည်။

“သူတို့ရွာထဲကို စကစတွေက ကားနဲ့လာပြီး ပေါ်တာဝင်ဆွဲတာကို ကောင်မလေးတွေက အစ်ကိုတို့ရေ ဒီမှာပေါ်တာဆွဲနေပြီဆိုပြီး လှမ်းသတိပေးတာ။ အဲလိုသတိပေးနေချိန်မှာ နောက်ဘက်ကနေ ခြေကျင်ပတ်ဝင်လာတဲ့အဖွဲ့နဲ့တိုးပြီး သတိပေးတဲ့ကျောင်းသူနှစ်ဦးကိုပါ ဖမ်းသွားတာဗျ”ဟု ၎င်းက ဆက်ပြော သည်။

အလားတူ ဇီးကုန်းနှင့် အုတ်ဖိုမြို့နယ်များအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူများတွင် စစ် တပ်ထောက်ခံသူများနှင့် ကြံ့ခိုင်ရေးပါတီဝင်အချို့ပါ ပါဝင်နေပြီး ပေါ်တာဆွဲခံရမည်စိုး၍ တိမ်းရှောင်နေသူများလည်းရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

“အုတ်ဖိုက စစ်တပ်ထောက်ခံတဲ့ စစ်မှုထမ်း ဟောင်းရဲ့သား ပေါ်တာဆွဲခံရတာ။ သူ့သားကိုပြန်လွတ်ပေးစေချင်ရင် ထွေအုပ်မှာ ကင်းစောင့်ရမယ်ဆိုလို့ စစ်တပ်ဗိုလ်ကပြောလို့သွားစောင့်ပေးတာတောင် ပြန်မလွတ်ပေးလို့ သူ့အဖေပေါက်ကွဲနေတယ်”ဟု ဒေသခံတစ်ဦးကရှင်းပြသည်။

ပေါ်တာဆွဲခံလိုက်ရသည့်လူငယ်မှာ ကိုစီဖိုးဆိုသူဖြစ်ပြီး အုတ်ဖိုမြို့နယ်၊ ဥတိုရွာမှဖြစ်ကာ စစ်မှုထမ်းဟောင်း ဦးချိုတူးဆိုသူ၏သားဖြစ်ကြောင်း၊ ၎င်းမှာ တာလမ်းဘေး၌ မြစ်ရိတ်နေစဥ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရကြောင်း အထက်ပါဒေသခံက ဆက်ပြော သည်။

ပြည်ခရိုင်တွင်လည်း စစ်တပ်မှ ပေါ်တာဆွဲဖမ်းဆီးလျှက်ရှိရာ ဩဂုတ်လ ၂၂ ရက်နေ့ကပြည်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ဝင်းကိုကို အပါအဝင် ကျောင်းသားတချို့ကို တပ်သား သစ်အဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သေးသည်။

ပဲခူးတိုင်း၊မင်းလှမြို့တွင်သြဂုတ် ၂၉ ရက် ညပိုင်း၌ မင်းလှမြို့နယ်ရွှေဇံပြည့် ကျေးရွာနေ ညီအကို နှစ်ဦးလမ်းလျှောက်ပြန်လာစဥ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ညီဖြစ်သူကို ကျပ်သိန်း ၆၀ ဖြင့်ရွေးခဲ့ရပြီး အကိုဖြစ်သူကို ကျပ်သိန်း ၇၀ ဖြင့် ခေါ်ယူခဲ့ရ​ကြောင်း ​ဒေသခံအချို့ကသည်။

အလားတူ ပဲခူးတိုင်းအ​ရှေ့ခြမ်းရှိ ဖြူးနှင့် ဝေါမြို့နယ်အပါအဝင် မြို့နယ်အချို့တွင်လည်း တပ်သားသစ်အဖြစ်အသုံးပြုရန် ပြည်သူများအား ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး လူဦးရေအတိအကျ မသိရသေးပေ။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း

ရန်ကုန်တိုင်းတွင်လည်း စစ်ကောင်စီတပ်က နည်းလမ်းမျိုးစုံသုံး၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများပြုလုပ်နေသည်ကို စုံစမ်းသိရသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေသည့် မြို့ နယ်များတွင် မြောက်ဥက္ကလာ၊ အလုံနှင့် အင်းစိန်မြို့နယ်များပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အိမ်စီးကားများနှင့် ရပ်ကွက်များအတွင်းလှည့်လည်ကာ အလျဥ်းသင့်သလို ဖမ်းဆီးခေါ်ဆောင်နေခြင်း ဖြစ် သည်။

ထို့အတူ ရန်ကုန်တိုင်းနှင့် တဆက်တည်းဖြစ်သော ဧရာဝတီတိုင်းအတွင်းရှိ ညောင်တုန်းမြို့နယ်တွင်လည်း ပြည်သူအချို့ ပေါ်တာဆွဲဖမ်းဆီးခံရမှုရှိနေပြီး အရေအတွက်အတိ အကျအား စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက လူငယ်များ ၊လူလတ်ပိုင်းများကိုအဓမ္မ​ခေါ်​ဆောင်​နေခြင်းနှင့် ပက်သက်၍ CDM ဗိုလ်ကြီး လင်းထက်​အောင် က “စစ်တပ်က အင်အားက ပြောရမယ်ဆို သောင်းနဲ့ချီပြီးတော့ လိုအပ်နေတာဖြစ်တယ်။ အခုလောလောဆယ် သူတို့ရဲ့ စကစတွေ ပျက်စီးသွားတာတွေရှိတယ်။ စခအလိုက်ပျက်စီးသွားတာတွေရှိတယ်။တပ်မတပ်ရင်းအလိုက်ပျက်စီးသွားတာတွေရှိတယ်။ သူတို့တွေ လိုအပ်နေတဲ့အင်အား သောင်းဂဏန်းအလိုက်ကိုဖြစ်နေတာ။ ဒါကြောင့်မို့လို့ သူတို့ရဲ့လက်တလောလိုအပ်နေတဲ့အင်အားကို ပြည်သူဆီကနေပြီးတော့ ပြန်ယူတယ်။ ယူပြီးတော့ သူတို့ရဲ့စစ်ရေးကို plan ချိန်းမလားဆိုပြီး ကြံစည်တာပေါ့။ ဒါပေမယ့်ဒီကိစ္စကြီးကတော့ လွယ်လွယ်ကူကူနဲ့ဖြစ်မှာမဟုတ်ပါဘူး”ဟု မှတ်ချက်ပြုသည်။

သို့​သော် ပြည်သူများအနေဖြင့် စစ်တပ်၏ လက်ထဲရောက်သွားပါက စစ်တပ်၏အကြပ်ကိုင်မှု​ကြောင့် စစ်တပ်အလိုကျလုပ်ရမည်ဖြစ်ကာ ၊ယခုအခါ​ရှေ့တန်း ပို့ခံရဖို့များကြောင်းလည်း၎င်းက​ပြောသည်။

“သေမယ့်လမ်းကို ရွေးရတဲ့ပုံစံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ အဲလိုလူတွေကို စစ်ပညာသေချာမသင်ကြားဘဲနဲ့ လက်နက်တွေကိုင်ခိုင်းတဲ့အခါမှာ တကယ်တမ်းစစ်မြေပြင်များရောက်သွားတဲ့အခါကျရင် ပြည်သူတွေအနေနဲ့ ရွေးချယ်စရာ အတော်ပဲ နည်းပါသွားပါလိမ့်မယ်” ဟု​နွေဦး​တော်လှန်​ရေးအ​စောပိုင်းကတည်းက ပြည်သူနှင့်ပူး​ပေါင်းခဲ့​သော CDM ဗိုလ်ကြီးက​ပြောသည်။

“ကျွန်တော်ကတော့ အခုအချိန်မှာ အကြံပြုချင်တာက သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ကူညီပေးနေတဲ့အဖွဲ့တွေလည်း တဖြည်းဖြည်းများလာပါပြီ။ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ရှောင်တိမ်းလိုသူတွေ၊တခြားဥစ္စာတွေအတွက်။ တော်လှန်ရေးအင်အားစုတွေနဲ့ချိတ်ဆက်ပြီးတော့ ဒီစစ်အုပ်စုရဲ့ အကြမ်းဖက်သစ်ဥပဒေအောက်ကနေပြီးတော့ လွတ်မြောက်အောင်လုပ်ပါ”ဟုကိုလင်းထက်​အောင်က​လည်းအကြံပြုသည်။

Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကလည်း ​ပေါ်တာဆွဲမှု ၊စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် အဓမ္မစစ်သားသစ်​ခေါ်မှု ၊ယခု​နောက်ဆုံးလုံခြုံ​ရေး အဖွဲ့အမည်ဖြင့် အ​သေခံမည်သူများကို စစ်​ကောင်စီက ​​စု​ဆောင်း​နေမှုနှင့်ပက်သက်၍ လူငယ်များကို ​အောက်ပါအတိုင်းအကြံပြုသည်။

“အဓိကကတော့ ရှင်းပါတယ်။ ကြားနေခြင်းသုံးမလား။ နိုင်ငံခြားထွက်ပြီး လုပ်ငန်းအလုပ်လုပ်မလား။ ဒါမှမဟုတ်စစ်ကောင်စီပေါ်တာဆွဲတာခံရမှာပဲလေ။ နောက်ဆုံးနည်းလမ်းကတော့ရှင်းပါတယ်။ ကိုယ်တွေမကြိုက်တဲ့အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးသမားတွေဘက်ကို ပူးပေါင်းမလား။ဒီနည်းလမ်းရှိပါတယ်။ ကျွန်တော်တို့ MBT တပ်ဖွဲ့အနေနဲ့ကတော့ အခုလိုပူးပေါင်းမယ်ဆိုရင်ကြိုဆိုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်။”

​တော်လှန်​ရေးအဖွဲ့များအ​နေဖြင့်လည်း ​စစ်တပ်က ပြည်သူများကို ​ပေါ်တာဆွဲ ၊အဓမ္မလူစု​ဆောင်း​နေခြင်းအ​ပေါ် အာရုံစိုက် ကိုင်တွယ်​စေလို​ကြောင်း CDMဗိုလ်ကြီး ကိုလင်းထက်​အောင်ကအကြံပြုသည်။

“ပြည်သူ့လုံခြုံရေးအဖွဲ့ဘာညာဆိုတာလည်း ပြောရမယ်ဆိုရင် ဒါ အရှေ့ကနေ အသေခံခိုင်းတဲ့ပုံစံပါ။ သူတို့ရဲ့အခုလောလောဆယ် မြို့ပေါ်တွေမှာ နေတဲ့ သူတို့ရဲ့ဌာနချုပ်ကြီးတွေကို အလစ်အငိုက်ဝင်ရောက်မတိုက်ခိုက်ခံရသေးတော့ ဒီလိုမျိုးကိစ္စတွေမှာ ပြည်သူတွေကို ရှေ့​ကနေပြီးတော့ကာခိုင်းတဲ့သဘောတရားတွေပါပဲ။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဒီဥပဒေကနေပြီး စစ်တပ်အနေနဲ့ အင်အားတစ်ခုမရသွားစေရေးအတွက် အာရုံစိုက်ပြီးတော့လုပ်ဆောင်ချက်တွေ အများကြီးလိုနေပါသေးတယ်လို့ပြောချင်ပါတယ်”။ ။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စု ကနီမြို့နယ်အတွင်းဖြတ်သန်းနေစဉ် ယ‌နေ့(စက်တင်ဘာ ၁၈ရက်)နေ့လယ် ၂နာရီ ၁၅မိနစ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် တစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

ဒေသတွင်းရေကြီးမှုဆိုးရွားစွာဖြစ်နေချိန်တွင် စစ်ကောင်စီသည် မိုးဗြဲမြို့အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MB PDF)က အသိပေး ထုတ်ပြန်သည်။