Connect with us

Hi, what are you looking for?

ဆောင်းပါး

အန္တရာယ်ကြားက အလှူပွဲများ

တိတ်ဆိတ်နေတဲ့ ဆောင်းညတစ်ညမှာ ရွှေဘိုခရိုင်ထဲက ကျေးရွာတစ်ရွာက အလှူပွဲကနေ ဆိုင်းသံဗုံသံတွေ ထွက်ပေါ်လာခဲ့တယ်။

ဟာနာဆန်/People’s Spring

တိတ်ဆိတ်နေတဲ့ ဆောင်းညတစ်ညမှာ ရွှေဘိုခရိုင်ထဲက ကျေးရွာတစ်ရွာက အလှူပွဲကနေ ဆိုင်းသံဗုံသံတွေ ထွက်ပေါ်လာခဲ့တယ်။ လေအလွင့်မှာပါလာတဲ့ ဆိုင်းသံတွေ ကြားလိုက်ရတော့ ဒေသခံ ကိုမောင်(အမည်လွှဲ)တစ်ယောက် ပြုံးမိတယ်။ သူတို့ဒေသမှာ ဆိုင်းသံဗုံသံတွေ မကြားရတာကြာပြီကိုး။

“ကျွန်တော်တို့မြို့နယ်မှာတော့ အကုန်ကိုချနေပြီ။ အလှူတွေကော မင်္ဂလာဆောင်တွေကော။”လို့ ကိုမောင်က ပြောပါတယ်။

သို့ပေမယ့် အဲဒီ အလှူလုပ်တဲ့ရွာက စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မြို့နဲ့လည်းသိပ်မဝေးသလို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးရွာနဲ့လည်း ကပ်လျက်ပါ။ မကြာခဏလည်း မီးရှို့ခံရ၊ လက်နက်ကြီးလည်းအထုခံထားရတဲ့ရွာပါ။ ဒါကြောင့် ဆိုင်းတွေဗုံတွေနဲ့ အလှူထည့်တာကိုတော့ ဒေသကာကွယ်ရေးအဖွဲ့တွေက စိုးရိမ်ပြီး သိပ်တော့သဘောမကျတဲ့အကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပြတယ်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက အလှူကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

“ကျွန်တော်တို့အနေနဲ့ကတော့ဒီအချိန်ကာလမလုပ်သင့်သေးဘူးလို့ ထင်တာပေါ့နော်။ သူတို့ပြောတာလည်းမှန်ပါတယ်။ လုပ်ဦးတောင်မှ ဆိုင်းတို့ဝိုင်းတို့ထက်တနိုင်တပိုင် စက်ကလေးတွေနဲ့လုပ်တာတော့ လက်သင့်ခံပေးလို့ရတယ်။”လို့ ခင်ဦးနယ်အခြေစိုက် Khin U Special Force Organizationအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေဘက်က သဘောထားကတော့ ပြည်သူတွေ ပွဲလမ်းသဘင်နဲ့ပျော်ရွှင်နေကြတာ မြင်ချင်ကြပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းအပါအဝင် တခြားတိုက်ခိုက်မှုတွေ ရှိလာနိုင်တာမို့ မလုပ်စေချင်သေးတာပါ။

လက်ရှိမှာပဲ ပူပူနွေးနွေး အဖြစ်အပျက်တစ်ခုကလည်း ခင်ဦးမြို့နယ်မှာ ကြုံလိုက်ရတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့မနက်က အလှူလုပ်ဖို့ပြင်ဆင်နေတဲ့ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာကို အင်အား ငါးဆယ်လောက်ပါတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူတွေ ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့ကြတယ်။ ရွှေကူတဲစုရွာက ရှင်ပြုအလှူလုပ်မယ့်အိမ်ကို ဦးတည်ပြီး ဝင်လာခဲ့ပါ။

ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက အလှူကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

အဲဒီနောက် ရှင်ပြုအလှူအတွက် ပြင်ဆင်ထားတဲ့ မဏ္ဍပ်ကို ဖျက်ဆီးပြီး အလှူရှင်ရဲ့နေအိမ်အပါအဝင် နေအိမ် ၈ လုံးတိတိကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။

“မနက်ပိုင်း လေးနာရီခွဲ ငါးနာရီလောက်မှာဝင်တာ။ အလှူအဝင်နေ့။ အလှူမဏ္ဍပ်အတွက် ပြင်ထားဆင်ထားတာတွေအကုန်ဖြုတ်တယ်။”လို့ ဒေသခံတစ်ဦးက ပြောတယ်။

ဒါတင်မကသေးဘဲ ရိတ်သိမ်းထားတဲ့စပါးတွေကို မီးပုံရှို့သွားခဲ့ရာမှာ စပါးအတင်းရေ ရာချီ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အလှူအဝင်နေ့မှာပဲ စစ်အုပ်စုရဲ့ ဝင်ရောက်ဖျက်ဆီးမှုကြောင့် ပြာကျသွားခဲ့ရတဲ့ အလှူရှင်ဟာ အလှူအထမမြောက်တော့ပါဘူး။

ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက အလှူကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

“အလှူကတော့ အထမမြောက်လိုက်ဘူး။ အဲနေ့ကတည်းက ရပ်လိုက်တယ်။ နောက်ရက်ကျ ဆွမ်းကျွေးပဲလုပ်လိုက်ရတယ်ပြောတယ်။”လို့ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ခင်ဦးမြို့နယ်တင်မကပါဘူး။ စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီတပ်ရဲ့ ကင်းလွတ်ရာဒေသ၊ လွတ်မြောက်နယ်မြေတွေမှာ အလှူပွဲ၊ မင်္ဂလာပွဲတွေ တော်တော်များများ ပြန်လည်ကျင်းပလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးနှစ်ပြည့်တော့မယ့် စစ်ကောင်စီအာဏာသိမ်းမှုကာလတလျှောက် လူပင်ပန်း စိတ်ပင်ပန်းခဲ့ကြတဲ့ အညာပြည်သူလူထုဟာ အလှူပွဲ၊ ဆွမ်းလောင်းပွဲနဲ့ မင်္ဂလာပွဲတွေလုပ်ရင်း အမောအပန်းဖြေချင်ကြတာပါ။ ကိုယ့်တူကိုယ်သား အရွယ်ကလေးရှိတုန်း ရှင်ပြုပေးချင်ကြတာပါ။

“ခေတ်ကောင်းအောင်အထိ စောင့်ဖို့ကလည်း မဖြစ်နိုင်တော့ အရဲစွန့်လုပ်ကြတာ။”လို့ ရေဦးနယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

တချို့ကလည်း အလှူတင်မကဘဲ မန္တလေးက ဆိုင်းတွေဝိုင်းတွေအထိပါ ခေါ်ငှားပြီး လှူကြတန်းကြတယ်။ “စစ်ကိုင်းတိုင်းထဲ ဆိုင်းတွေ ဒီလိုပဲသွားနေကြတာပဲ။”လို့ မန္တလေးအခြေစိုက် သဘင်သမားတစ်ဦးက ပြော​ပြတယ်။

ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက အလှူကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ခင်ဦးနယ်ထဲမှာဆိုရင် မြို့ပေါ်မှာလည်း စစ်ကောင်စီတပ်အထိုင်ချထားသလို ပျူရွာတချို့လည်း ရှိနေသေးလို့ ပွဲလမ်းသဘင်တွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးအဖွဲ့တွေက မလုပ်စေချင်သေးဘူး။

“စစ်ကောင်စီတပ်နဲ့ဝေးတဲ့​ဒေသတွေတော့ အဆင်ပြေတယ်။ နီးနီးနားနားတွေတော့မလုပ်ခိုင်းဘူး စာထုတ်မယ်လို့တော့ပြောတယ်။”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒါပေမယ့် အခုအချိန်ထိတော့ ဘယ်ပွဲလမ်းကိုမှတရားဝင်တော့မပေးဘူးလို့ ၎င်းက ပြောပြတယ်။

“တကယ်လို့လုပ်လို့ ဝင်ပြီးဖျက်ဆီးသွားတယ်ဆိုရင် တခြားအိမ်တွေရဲ့ပျက်စီးမှုတွေကိုပါ (အလှူရှင်က)တာဝန်ယူပေးရမယ်လို့ပြောထားတယ်။”လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရွှေဘိုခရိုင်ထဲက တန့်ဆည်မြို့နယ်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးနယ်မြေတွေမှာ ပျော်ပွဲရွင်ပွဲများ ကျင်းပတဲ့အခါ ဆိုင်း၊ အငြိမ့်၊ အဆိုတော်၊ ဆယ်လီတွေ ငှားရမ်းပြီး သီဆိုတီးမှုတ်တာမျိုးတွေ ခွင့်မပြုဘူးလို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ မြို့နယ်ပအဖအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ကန့်သတ်မှုကို ချိုးဖောက်ခဲ့ရင် အရေးယူခြင်းခံရမယ်လို့ ​သတိပေးခဲ့ပါတယ်။

ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက အလှူကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

ကြီးမားတဲ့ သာဓကတစ်ခုလည်း ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့က စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ် ၊ မတောကျေးရွာမှာ မင်္ဂလာဆောင်ကျင်းပနေတုန်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂၀ ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါတယ်။

မင်းကင်းက မင်္ဂလာဆောင် လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက် ပွဲလမ်းသဘင်​တွေ၊ လူစုလူဝေးတွေမလုပ်ဖို့နဲ့ စာသင်ကျောင်းတွေ ပိတ်ထားဖို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် ကာကွယ်ရေးအဖွဲ့တွေက ပြည်သူတွေ လှူကြတန်းကြပျော်ကြတာကို မြင်ချင်ကြပေမယ့် မတက်သာလို့ မျက်နှာလွှဲတန်လွှဲ၊ တားမြစ်တာတန်တားမြစ်တာမျိုးတွေ မလုပ်ချင်ဘဲ လုပ်နေရတယ်လို့ ကာကွယ်ရေးအဖွဲ့အချို့က ပြောပါတယ်။

“တန့်ဆည်မြို့နယ်မှာ နေရပ်မပြန်ရတဲ့ စစ်ရှောင်ပြည်သူ နှစ် သောင်းခန့် ရှိပါတယ်။တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ရဲဘော် ၁၅၀ ကျော် ရှိပါတယ်။လူသားချင်း စာနာထောက်ထားသောအားဖြင့် ပွဲတွေကျင်းပတဲ့အခါ စည်းကမ်းချက်တွေကို လိုက်နာပူးပေါင်းပေးပါ။ပွဲလုပ်နေတုန်း လေကြောင်းကတိုက်ခိုက်ခံရလို့ပြည်သူတွေသေဆုံးတာမျိုးဖြစ်ခဲ့ရင်ပြန်လည်ကုစားလို့မရတဲ့ ဆုံးရှုံးမှုဖြစ်သွားပါလိမ့်မယ်။”လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ။

(ခင်ဦးမြို့နယ်၊ ရွှေကူတဲစုရွာက အလှူကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားစဥ်။ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ဆက်စပ်သတင်းများ

ဆောင်းပါး

နွားအုပ်ကိုသိမ်းလာတဲ့ ဒေါ်မြ(အမည်လွှဲ)တစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်အဖီလေးထဲဝင်လာပြီး ရေအိုးစင်ကနေ ရေတစ်ခွက်ခပ်သောက်တယ်။ ရေသောက်ပြီးတော့ ခုံတန်းလျားပေါ်ခြေပစ်လက်ပစ်ထိုင်ချတယ်။ ဆောင်းညနေ ဖြစ်ပေမယ့် ချွေးတွေက ဒေါ်မြ နဖူးမှာခပ်စို့စို့ထွက်နေတယ်။ ဒေါ်မြ မသုတ်အားသေးဘူး။

ဆောင်းပါး

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့က အညာရဲ့မိုးသားတွေဟာ ကြည်ကြည်လင်လင်မရှိသေးဘူး။ ဝန်းကျင်ကတော့ တိတ်ဆိတ်နေတယ်။ အဲဒီအချိန် ရွှေဘိုခရိုင်ထဲက ရွာလေးတစ်ရွာက နေအိမ်ခြံဝင်းထဲကို PDF ရဲဘော်တွေ ဝင်ရောက်လာခဲ့ကြတယ်။

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

ဆောင်းပါး

ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။