ရှိန်း/People’s Spring
ရွှေဘိုသူ မဖြူ (အမည်လွှဲ) ဟာ ဖုန်းတလုံးကိုသုံးရက်ကြာတိုင်ထိုင်ခေါ်နေမိပါတယ်။ တဖက်ကဖုန်းလုံးဝမကိုင်ပေမယ့် ၇၂နာရီလုံး ခဏတဖြုတ်ပဲနားပြီး ဆက်တိုက်ဖုန်းထိုင်ခေါ်နေမိတာပါ။ မဖြူရင်ထဲမှာ အပူမီးတွေတောက်လောင်နေတာက သုံးရက်ဆက်ခေါ်တဲ့ဖုန်း ကိုင်သူမရှိတဲ့အခြေအနေက ပိုပူလောင်စေပါတယ်။
တဖက်က ပြန်ဖြေလာမယ့်ဖုန်းဆီမှာပဲ မဖြူရဲ့မျှော်လင့်ချက်တွေကစုပြုံနေပါတယ်။ဒါပေမယ့်၃ရက်မြောက်နေ့မှာတော့ ဖုန်းကိုင်သူပေါ်လာပေမယ့် မျှော်လင့်ချက်တွေကတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။
အရှေ့ဘက်ဆီမှ နေလုံးထွက်ပြီးအလင်းရောင်သန်းလာပြီ။ကျေးငှက်သံသဲ့သဲ့နဲ့ အညာနွေရဲ့နံနက်ခင်းက နွေးထွေးလှပါတယ်။မနက်၅ နာရီကျော်သာရှိသေးတာမို့ ရာသီဥတုကမပူမအေးနဲ့နေလို့ကောင်းပါတယ်။အဲဒီအချိန်မှာ အမျိုးသားတွေပဲပါတဲ့ကားတစီးရောက်လာပြီးတဲ့နောက် ကိုတေလည်းကားပေါ်တက်လိုက်ပါတယ်။

Public Service Announcement
အဲဒီကားကတော့ ရွှေဘိုခရိုင်PDFတပ်ရင်း၂၆ရဲ့ကားပါ။၂၀၂၄ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ အညာကရဲဘော်တွေ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း လို့လည်းခေါ်သလို ရှမ်းမန်းစစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ဆင်ရေးအတွက်သွားခဲ့ကြတာပါ။အမြဲတမ်းတပ်ရင်းမှာပဲနေထိုင်လေ့ရှိတဲ့ကိုတေက အဲဒီနေ့မတိုင်ခင်ညက အိမ်ကိုပြန်လာပါတယ်။
ကိုတေ နဲ့ သူ့ချစ်ဇနီး မဖြူတို့ဟာ အသက်၂၉နှစ်အရွယ်တူအိမ်ထောင်ဖက်တွေဖြစ်ပါတယ်။အိမ်ထောင်သက်၂ နှစ်သာရှိသေးပြီး တော်လှန်ရေးပြီးမ ကလေးယူကြမယ်လို့ဆုံးဖြတ်ထားကြတာပါ။
“အဲဒီညက သူရှမ်းမြောက်ကိုသွားမယ့်အကြောင်းပြောတယ်။သူတအားစိတ်အားသန်နေတော့ ကျွန်မလည်းမတားလိုက်ဘူး “လို့ ဇနီးဖြစ်သူ မဖြူကပြန်ပြောပြပါတယ်။
ကိုတေကရွှေဘိုခရိုင်တပ်ရင်း(၂၆) ရဲ့ စစ်ကြောင်းမှူးတဦးပါ။ရှမ်းမြောက် နဲ့ မန္တလးတိုင်းကိုရောက်သွားပြီးတဲ့နောက်ပိုင်းလည်းမဖြူနဲ့ကိုတေတို့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ နောင်ချို ၊မတ္တရာ၊သပိတ်ကျင်း စတဲ့ဒေသတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
“တခါပဲ၁၀ရက်လောက်အဆက်အသွယ်ပျက်ဘူးတယ်။ဖုန်းပြောတိုင်းလည်း သူ့ရဲဘော်တွေအကြောင်းနဲ့ အဲဲဒီကအခက်အခဲတွေအကြောင်းပြောပြတယ် “လို့ မဖြူကဖွင့်ဟပါတယ်။
တိုက်ပွဲတွင်းအခက်အခဲတွေကိုပြောပြတိုင်းမှာ အမျိုးသားဖြစ်သူကို စိတ်ပူလို့ပြန်သွားခေါ်ချင်စိတ်ဖြစ်မိတယ်လို့မဖြူကဆိုပါတယ်။ခင်ပွန်းဖြစ်သူတိုက်ပွဲသွားနေတဲ့အချိန်မှာမဖြူဟာဗုဒ္ဓဘာသာတို့ထုံးစံအတိုင်း အန္တရာယ်ကင်းဂါထာတွေရွတ်နေသလို ကိုတေကိုလည်းအမြဲရွတ်ခိုင်းပါတယ်။
သြဂုတ်လ (၈) ရက်နေ့ညပိုင်းမှာလည်း ကိုတေဆီကဖုန်းခေါ်လာပါတယ်။သာမန်သာကြောင်းမာကြောင်းပြောပြီးဖုန်းချသွားပါတယ်။ဒါပေမယ့် အဲဒီညဟာ ချစ်ခင်ပွန်းဖြစ်သူရဲ့အသံကိုနောက်ဆုံးကြားခဲ့ရတဲ့ညဆိုတာကိုမသိခဲ့မိပါဘူး။
သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာတိုက်ပွဲမှာမနက်(၈) နာရီခွဲမှာကိုတေ တစ်ယောက် အာဏာသိမ်းစစ်တပ်ကို သူရဲကောင်းလိုတိုက်ပွဲဝင်ရင်းကျဆုံးခဲ့တာပါ။
“မနက်၁၀နာရီလောက်မှာသူ့ညီမကလှမ်းပြောတယ်။ကျွန်မ ဘယ်လိုမှမယုံနိုင်ဘူး။ညကမှကျွန်မနဲ့ဖုန်းပြောနေသေးတယ်လေ “လို့ မဖြူက ရှိုက်ငိုနေရင်းပြောပါတယ်။
ခင်ပွန်းကျဆုံးတဲ့သတင်းကြားကြားချင်းမယုံနိုင်လို့ ကိုတေဖုန်းကို မဖြူ တစ်ယောက်ဆက်တိုက်ခေါ်နေမိပါတယ်။ဘယ်လောက်ပဲ ခေါ်ခေါ်ကိုတေရဲ့ဖုန်းဟာ ၃ရက်ကြာတဲ့အထိဖြေဆိုသူမရှိခဲ့ပါဘူး။
၃ ရက်မြောက်နေ့မှာတော့ရဲဘော်တယောက်ကဖုန်းကိုင်ပြီး မဖြူမကြားချင်တဲ့ သတင်းဆိုးကိုပြောပြပါတယ်။ အဲဒီနေ့မှာပဲ သပိတ်ကျင်းနယ်ကကိုတေ့ ရုပ်အလောင်းကို ရွှေဘိုနယ်ကသူ့ဇာတိရွာကိုတပ်ရင်း၂၆ကပြန်သယ်လာပါတယ်။အညာဓလေ့ရဲ့ရိုးရာအတိုင်းရွာအပြင်မှာသေဆုံးသူတွေကို ရွာအတွင်းသယ်ခွင့်မရတာမို့ ရွာအပြင်မှာပဲကိုတေရဲ့စျာပနကို ပြင်ဆင်ကြပါတယ်။
“သူရဲ့ရုပ်တောင်မပီပြင်တော့ဘူး။ကျွန်မကတော့ သူကျခဲ့တယ်ဆိုတာအခုထိလက်မခံနိုင်ဘူး”လို့မဖြူကငိုရင်းပြောပါတယ်။
ကိုတေက ကလေးတွေမွေးပြီးရှင်ပြုကြဖို့ မဖြူနဲ့တိုင်ပင်ထားပြီး ဒါတွေလုပ်ဖို့ သူပြန်လာလိမ့်မယ်လို့ပဲမဖြူကမျှော်လင့်ထားတာပါ။
“တော်လှန်ရေးပြီးသွားရင်သူပြန်လာလိမ့်မယ်လို့ပဲမျှော်လင့်ထားတယ်။ယုံလည်းယုံကြည်တယ်”လို့ မဖြူကပြောပါတယ်။
တော်လှန်ရေး နဲ့ ဇနီးဘယ်သူ့ကိုရွေးမလဲဆိုရင် စစ်အာဏာရှင်စနစ်ကို ရွံ့မုန်းလွန်းတာကြောင့် တော်လှန်ရေးကိုပဲရွေးချယ်မယ်လို့ဇနီးသည်ကိုပြောခဲ့တဲ့ ကိုတေဟာ နောက်ဆုံးချိန်အထိ တော်လှန် ခဲ့ပါတယ်။
ကိုတေ ကိုဆုံးရှုံးရတာဟာ တပ်ရင်း၂၆အတွက်တင်မဟုတ်ဘဲရွှေဘိုနယ်အနောက်ခြမ်းကတပ်ဖွဲ့တွေရဲ့ ဝမ်းနည်းမှုပါဖြစ်တယ်လို့ ရင်း၂၆ရဲ့ တပ်ရင်းမှူး ကိုပီလွန်ကပြောပါတယ်။
“ကြေကွဲမှုဆိုတာ စကားလုံးနဲ့ပြောလို့မရဘူး။ခဏလောက်ငိုပြီးတော့ပြေပျောက်သွားတဲ့ ဝမ်းနည်းမှုတွေမဟုတ်ဘူး။စစ်ရေးကိစ္စတွေ၊တပ်ရင်းကိစ္စတွေလုပ်ဆောင်တိုင်းအမြဲတမ်းသတိရနေရတဲ့လူတယောက်ပါ”လို့ တပ်ရင်းမှူး ကိုပီလွန်ကပြောပါတယ်။
ကိုတေဟာ တပ်ဖွဲ့စတင်ဖွဲ့စည်းကတည်းကပါဝင်သူဖြစ်ပြီး တိုက်ခိုက်ရေးကိုအားသန်သူဖြစ်သလို အုပ်ချုပ်ရေးကိုလည်းကောင်းမွန်စွာလုပ်ဆောင်နိုင်တဲ့စစ်ကြောင်းမှူးဖြစ်ပါတယ်။
ထူးခြားတာက ကိုတေဟာ တိုက်ပွဲတွေကြုံလာတိုင်းသူမထိဘဲ ဘယ်ရဲဘော်မှမထိစေရဘူးဆိုတဲ့ခေါင်းဆောင်စိတ်နဲ့ရှေ့ကနေ ကာကွယ်ပေးရင်းတိုက်ခိုက်တာမို့ရွှေဘိုအနောက်ခြမ်းကတပ်ဖွဲ့တွေကလေးစားချစ်ခင်ကြတာလို့ဆိုပါတယ်။
ကိုတေရဲ့ ဒီစိတ်ဓာတ်ကိုကျဆုံးသည်အထိစွဲကိုင်တိုက်ပွဲဝင်ခဲ့တာပါ ။စစ်တပ်ရဲ့ မန်စိန်ကုန်း ဗျူဟာကုန်း ကိုထိုးစစ်ဆင် နေချိန် သူနဲ့အတူတိုက်နေတဲ့ရဲဘော်ကျည်ထိမှန်တာကြောင့် ရှေ့ကနေဝင်ရောက်ကာကွယ်တိုက်ခိုက်ရင်းကျဆုံးခဲ့တာပါ။
“ပြန်တွေးတိုင်းဝမ်းနည်း၊ဒေါသထွက်ရတယ်။သူအသေခံပြီးအဲဒီရဲဘော်ကိုကာကွယ်သွားတယ်။ရဲရင့်တဲ့စိတ်နဲ့ကျဆုံးခဲ့တာပေါ့”လို့ တပ်ရင်းမှူးကိုပီလွန်ကပြောပါတယ်။ ကိုတေ ကာပစ်ပေးခဲ့တဲ့ရဲဘော်က ဒဏ်ရာရခဲ့ပေမယ့်အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ် ။
“ရဲရင့်မှု၊ဒီတော်လှန်ရေးအပေါ်ရိုးသားမှုကဘာနဲ့မှနှိုင်းလို့မရပါဘူး။ဘာနဲ့မှနှိုင်းလို့မရပါဘူး။ဒီလိုလူတယောက်ကို သူရဲကောင်းလို့မခေါ်ရင်ဘယ်သူ့ကိုသွားခေါ်မလဲ”လို့ တပ်ရင်းမှူးကိုပီလွန်ကဆက်ပြောပါတယ်။
၁၀၂၇ဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးကို ရွှေဘိုခရိုင်တပ်ရင်း(၂၆) ကနေ ရဲဘော်၁၀၁ဦးသွားရောက်တိုက်ခိုက်ခဲ့ကြပါတယ် ။အဲဒီအထဲက ကျဆုံးရဲဘော် ၉ ဦးခဲ့ပါတယ်။
ကျဆုံးရဲဘော် ၉ ဦးထဲမှာ အသက်၂၆နှစ်အရွယ်ရဲဘော်ကိုကျော်လှိုင်မင်းလည်းပါဝင်ပါတယ်။
ကိုကျော်လှိုင်မင်းမှာ သူနဲ့အသက်တူဇနီးသည် မကြည်ပြာ (အမည်လွှဲ) နဲ့ လေးနှစ်ကျော်အရွယ်သားငယ်လေးရှိပါတယ်။
ကိုကျော်လှိုင်မင်းတို့ဇနီးမောင်နှံကအိမ်ထောင်သက်၆နှစ်ရှိပါပြီ။ လင်ရော ၊မယားပါ မတရားတာကို ငုံ့မခံတက်ကြသူ ပီပီ တော်လှန်ရေးကိုအားသန်ကြသူတွေပါ။
“သွားမယ့်ရက်က၂ရက်ကြိုပြောတယ်။ငါကလိုက်ချင်တာမင်းကခွင့်ပြုမှာလားမေးတာပေါ့။စိတ်ကတော့သိပ်မထည့်ချင်ပေမယ့်။ဒါကြီး(စစ်အာဏာရှင်စနစ် ) ကလည်းတိုက်မှဖြစ်မှာကို။အဲ့တော့ခွင့်ပြုလိုက်တာပေါ့” လို့မကြည်ပြာကပြောပါတယ်။
ကိုကျော်လှိုင်မင်းက စစ်ရှောင်ပြည်သူတွေကိုမြင်တိုင်းစစ်တပ်ကို ဒေါသထွက်တက်သလို သားဖြစ်သူရဲ့ရှေ့ရေးအတွက် တော်လှန်ရေးအောင်ရမယ်လို့ သံဓိဌာန်ချထားသူဖြစ်တယ်လို့ ဇနီးဖြစ်သူကပြောပါတယ်။
စစ်ကြောင်းမှူးကိုတေ နဲ့ အတူတူ တပ်ရင်း ၂၆ ကရဲဘော်တွေနဲ့ ရှမ်းမြောက်ကိုအတူတူသွားကြတာပါ။အဲဒီကနေ တာဝန်ပေးရာဒေသတွေကိုသွားရောက်တာဝန်ထမ်းဆောင်ကြရပါတယ်။
ဒီခေတ်မှာတောင် ကိုယ်ပိုင်ဖုန်းတလုံးမရှိတဲ့ကိုကျော်လှိုင်မင်းဟာ ၁၀ရက်တခါလောက်သာ တခြားရဲဘော်တွေရဲ့ဖုန်းနဲ့ဇနီးဖြစ်သူကိုဖုန်းဆက်လေ့ရှိပါတယ်။ ဖုန်းဆက်တိုင်းမှာ သူအဆင်ပြေကြောင်း၊ပြန်လာမှာမို့ သပြေပန်းနဲ့လာကြိုဖို့မှာသလို သားဖြစ်သူကိုလည်းကျောင်းတက်ပြီး ပညာတက်ကြီးဖြစ်အောင်လုပ်ဖို့မှာလေ့ရှိတယ်လို့ဇနီးသည်မကြည်ပြာကပြောပါတယ်။
“သူပြန်လာမယ်လို့ပဲအမြဲပြောတာ။သူပြန်လာရင်သူ့ကိုလာကြိုဖို့ပြောတယ်။သူ့သားကိုလည်း ကျောင်းတက်ဖို့အမြဲမှာတယ် “လို့ မကြည်ပြာကပြောပါတယ်။
ကိုကျော်လှိုင်မင်းဟာ ၁၀၂၇ဒုတိယလှိုင်းမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) နဲ့အတူ စစ်တပ်ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ သူနဲ့အဆက်အသွယ်ပျက်ပြီးတဲ့နောက် မကြည်ပြာလည်းသူအားတဲ့အချိန်ဆက်လာမယ့်ဖုန်းကိုပဲအေးအေးလူလူစောင့်နေပါတယ်။
၂၀၂၄ ခုနှစ် အတွင်း မတ္တရာမြို့နယ်အတွင်းကတိုက်ပွဲတွေကို စာဖတ်သူတွေမှတ်မှတ်ရရရှိအုံးမယ်ထင်ပါတယ်။မန္တလေးမြို့ကအထိကြားနေရတဲ့ လက်နက်ကြီးသံတွေတအုန်းအုန်း၊အဆက်မပြတ်လေယာဥ်ဝဲသံတွေကြားထဲမှာ ဝမ်းသာစရာအောင်မြင်မှုသတင်းတွေအများဆုံးကြားခဲ့ရတဲ့ကာလတွေပါ။
ဇွန်လ၂၆ရက်နေ့မှာ မနက်လင်းထဲကမကြည်ပြာစိတ်တွေလေးလံနေပါတယ်။ဘယ်သူဘာပြောပြောစိတ်မပါဘူးဖြစ်နေမိပါတယ်။ညနေ ၆ နာ
ရီလောက်မှာတပ်ရင်းတာဝန်ရှိသူတွေမကြည်ပြာအိမ်ကိုရောက်လာပါတယ်။မကြည်ပြာရဲ့ဖခင်ဖြစ်သူကလည်း တပ်ဖွဲ့ထဲကမို့အဖေဆီလာတယ်လို့ပဲထင်ခဲ့တာပါ။
တပ်ရင်းတာဝန်ရှိသူတွေက အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းသိမ်းတိုက်ပွဲမှာအဲဒီနေ့ညနေ (၅) နာရီကကိုကျော်လှိုင်မင်းကျဆုံးခဲ့ကြောင်းလာပြောခဲ့ပါတာ။
“ကျွန်မဘယ်လိုမှမခံစားနိုင်ဘူး”လို့ မကြည်ပြာကပြောပါတယ်။
အဲဒီတုန်းကတိုက်ပွဲတွေနေရာစုံကပြင်းထန်နေတဲ့ကာလမို့ကိုကျော်မင်းလှိုင်အလောင်းကိုပြန်သယ်ခွင့်မရခဲ့သလို နောက်ဆုံးအနေနဲ့မကြည်ပြာနဲ့သားဖြစ်သူတို့လည်းမြင်တွေ့ခွင့်မရခဲ့ပါဘူး။
ကိုကျော်လှိုင်မင်းဟာ အဲဒီတိုက်ပွဲမှာကျဆုံးခဲ့ပေမယ့် အဲဒီနေ့မှာပဲ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ကို ရာဂဏန်းရှိတဲ့စစ်သုံ့ပန်းတွေနဲ့အတူ တော်လှန်ရေးတပ်ပေါင်းစုသိမ်းယူနိုင်ခဲ့ပါတယ်။ လေကြောင်းပစ်လက်နက်တွေအပါအဝင်လက်နက်ခဲယမ်းများစွာလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။
အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်ဟာ၂၀၂၃ခုနှစ် နိုဝင်ဘာလ၁၆ ရက်နေ့မှာ မတ္တရာ-မိုးကုတ်ကားလမ်းအနီးကအောင်ကန်သာလက်ဖက်ရည်ဆိုင်ကိုဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ဆိုင်ရှင်အမျိုးသားအပါအဝင် ၁၁ဦးသေဆုံးခဲ့သလို လက်ဖက်ရည်ဆိုင်အနီးမှာပဲဆိုင်ကယ်နဲ့သွားလာနေသူတဦး၊ပတ်လည်အင်းရွာကဒေသခံတဦး၊စုစုပေါင်းပြည်သူ၁၃ဦးတို့ကိုပစ်သတ်ခဲ့တဲ့တပ်ဖြစ်ပါတယ်။ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခံရတဲ့ အဲဒီပြည်သူတွေအတွက်သွေးကြွေး နဲ့ တော်လှန်ရေးအတွက်အသက်ကို ကိုကျော်မင်းလှိုင်ဟာ လူမသိ၊သူမသိပေးဆပ်ခဲ့ရပါတယ်။
တော်လှန်ရေးပြီးတာနဲ့သားဖြစ်သူကိုရှင်ပြုအလှူလုပ်ပေးမယ် ရည်ရွယ်ထားတဲ့ကိုကျော်မင်းလှိုင်ဟာ တော်လှန်ရေးရဲ့ လမ်းခုလပ်မှာတင် သားနဲ့ဇနီးဖြစ်သူကိုစွန့်ခွာသွားပါတယ်။
တပ်ရင်း(၂၆) ရဲ့ ဒု-တပ်ရင်းမှူး ကိုဇေယျာကလည်း ရှမ်းမန်းစစ်ဆင်ရေးမသွားခင်တိုင်ပင်ကြချိန်မှာ တိုက်ပွဲအတွင်း အသက်ပေးရနိုင်သလို စစ်ရေးအတွေ့အကြုံ နဲ့ လက်နက်တပ်ဆင်မှု ပိုအားကောင်းလာနိုင်တဲ့ အားသာချက် အားနည်းချက်တွေကို သေချာဆွေးနွေးခဲ့ကြတယ်လို့ပြောပါတယ်။
“မသွားခင် ရဲဘော်တွေကို တန်းစီပြီးပြောတဲ့အချိန်မှာ ခုကျခဲ့ရတဲ့ စစ်ကြောင်းမှူး ကိုတေ ကသူခေါင်းဆောင်ပြီးတတ်မယ်ပေါ့။ကျန်တဲ့ရဲဘော်တွေကလည်း ဒီမှာနေရင်ရှိတဲ့ဂန်းလေးနဲ့ပစ်ပြေးပဲလုပ်နေရတာဆိုတော့ ပြန်လာလို့လက်နက်တွေရရင် အညာမှာ စစ်ရေးကောင်းကောင်းဖော်နိုင်၊တိုက်နိုင်ပြီပေါ့။ အားလုံးက တော်လှန်ရေးကို စိတ်အားထက်သန်ကြတဲ့သူတွေကြီးပဲဆိုတော့ အဲ့လိုစွန့်လွှတ်အနစ်နာခံမှုတွေ အဲ့လိုရည်ရွယ်ချက်တွေနဲ့သွားခဲ့ကြတာ “လို့ကိုဇေယျာကပြောပါတယ် ။
“ပြန်ရောက်လာတဲ့ရဲဘော်တွေအတွက် လေးစားဂုဏ်ယူရသလို့ ပြန်မလာနိုင်တော့တဲ့ရဲဘော်တွေ ကျဆုံးရဲ့ဘော် တွေအတွက် ထုတ်ဖော်ပြေပြလို့
မရအောင်ကို ဝမ်းနည်းနာကျင်ရတယ်။ နှမျောတသဖြစ်တယ်ပေါ့ဗျာ။သူတို့ အမေ၊အဖေတွေ မိန်းမနဲ့သားသမီးတွေနဲ့ ဆုံတိုင်း ခုချိန်ထိ ကျနော့မှာ နှစ်သိမ့်စရာ စကား တောင်ရှာမရသေးပါဘူး” လို့ ကိုဇေယျကဖွင့်ပါတယ်။
ကိုတေနဲ့ကိုကျော်လှိုင်မင်းတို့အညာသားတွေဟာ အာဏာအသိမ်းခံရချိန်ကနေ သူတို့ကျဆုံးခဲ့ချိန်အထိ ထောက်ပံ့ကြေးလုံးဝမယူဘဲတော်လှန်ရေးအတွက်ပေးဆပ်သွားကြပါတယ်။
၂၀၂၄ခုနှစ်၊နိုဝင်ဘာလထဲမှာ ရှမ်းမန်းစစ်ဆင်ရေးကရဲဘော်တွေအညာကိုပြန်ဝင်လာခဲ့ကြပါတယ်။
ရဲဘော်တွေကို မဖြူရော၊မကြည်ပြာရောစောင့်ကြိုခဲ့ကြပါတယ်။
မကြည်ပြာက “သူ့ဝိဉာဥ်လေးမှပြန်ပါလာလာဆိုပြီးသွားကြိုခဲ့တာ “လို့ ဖွင်ဟပါတယ်။
မကြည်ပြာကသူ့ရဲ့အမျိုးသားကိုကျော်လှိုင်မင်းဟာ စစ်အာဏာရှင်ကို တတိုင်းပြည်လုံးအတွက်တိုက်ခိုက်ရင်းကျဆုံးခဲ့တာမို့ ကောင်းမွန်ရာကိုရောက်နေပြီလို့ယုံကြည်နေပါတယ် ။ ဒီလိုပေးဆပ်မှုအတွက်လည်းဂုဏ်ယူတယ်လို့ပြောပါတယ်။
ခင်ပွန်းဖြစ်သူရဲ့ဆန္ဒတွေထဲကတခုဖြစ်တဲ့သားဖြစ်သူကို ပညာတက်ကြီးဖြစ်စေချင်တဲ့ဆန္ဒကိုဖြည့်ဆည်းဖို့ သားငယ်ကို ယခုနှစ်ကစပြီး အပျော်ကျောင်းထားနေပြီလို့ မကြည်ပြာကဆိုပါတယ်။
မဖြူကတော့ သူ့ခင်ပွန်းကိုတေ ကျဆုံးတယ်ဆိုတာကို လက်မခံသေးပါဘူး ။ တနေ့ကိုတေ တစ်ယောက်ပြန်လာမယ်လို့ မျှော်လင့်နေဆဲပါ။ ။
