ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။
မြဝတီမြို့နှင့်ရွှေကုက္ကိုဒေသမှ ကျားဖြန့်လုပ်ငန်းများကို နှိမ့်နင်းမည်ဟု တရုတ်၊ထိုင်း၊ စစ်ကောင်စီ၊ BGF တို့က ဆက်တိုက်ထုတ်ဖော်ပြောကြားလာပြီးနောက် မျက်နှာစိမ်းတရုတ်သူဌေးအများအပြား ထွက်ပြေးလာခြင်းဟု ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောသည်။
“ကျားဖြန့်ကို လုပ်နေတာ ဘယ်သူတွေလဲဆိုတာ ရှင်းရှင်းလင်းလင်းကြီးသိပြီးသားပဲလေ။အခုက နှိမ်နင်းတော့မယ်လို့ အကုန်လုံးက တစ်သံထဲထွက်လာတော့ မနေရဲကြတော့ဘူးဖြစ်မယ်။ ဒီဘက်ကို တရုတ်သူဌေးတွေ အားကြီး(အများကြီး) ပြေးလာတယ်” ဟုဒေသခံတဦးကပြောသည်။

Public Service Announcement
ကရင်ပြည်နယ်အခြေစိုက် အခြားသတင်းရင်းမြစ်တဦးကလည်း မြဝတီမြို့နှင့်ရွှေကုက္ကိုဒေသရှိကျားဖြန့်လုပ်ငန်းများမှ တရုတ်သူဌေးများကို အခြားဒေသများသို့တိမ်းရှောင်ခိုင်းပြီး အဓိကမကျသည့် တရုတ်နိုင်ငံသားအချို့ကိုသာ တရုတ်ဖက်သို့လွှဲပေးရန် စစ်ကောင်စီနှင့် BGFက ကြိုးစားနေသည်ဟုပြောသည်။
“တရုတ်ကြီးတွေကို သုံးဆူရွှေ့ပြီး တရုတ်လေးတွေကိုပြန်အပ်လိမ့်မယ်။ ဇန်နဝါရီ၂၀ရက်နေ့က ဘားအံမှာတိုင်းမှုး နဲ့ သူတို့(BGF)တွေ့ကြတယ်”ဟု ပြောသည်။
BGFသည် စစ်ကောင်စီလက်အောက်ခံ ဖြစ်သည်။ ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလည်း စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။
ဘုရားသုံးဆူမြို့တွင် DKBAအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် BGFတို့လည်းအခြေစိုက်သည်။ သို့သော် အဓိက ထိန်းချုပ်ထားသည်မှာ DKBA ဖြစ်သည်။ ဒေသ၌ အာဏာအရှိဆုံးပုဂ္ဂိုလ်မှာ အမှတ် (၂) စစ်နည်းဗျူဟာဌာန ဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းဖြစ်ပြီး ၎င်းက တရုတ်သူဌေးများကို အကာအကွယ်ပေးထားသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ဘုရားသုံးဆူတွင် မူလက တရုတ်နိုင်ငံသားလုပ်ငန်းရှင်တချို့က ဒေသတွင်းရှိသတ္တုမိုင်းလုပ်ငန်းတွင် ပါဝင်ပတ်သက်ပြီး ၂၀၂၄ မှစကာ ကျားဖြန့်လုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။ ကျားဖြန့်လုပ်ငန်းများတွင် BGF ရော DKBA ပါ အဓိကပါဝင်သည်ဟု ဒေသခံများကပြောသည်။
ဇန်နဝါရီလဆန်းကထိုင်းမြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတစ်ခုတွင် တရုတ်နိုင်ငံသားသရုပ်ဆောင်ဝမ်ရှင်းလူကုန်ကူးခံရပြီးသည့်နောက်ပိုင်း မြဝတီမြို့နှင့်ရွှေကုက္ကိုယ် ဒေသမှ ကျားဖြန့်လုပ်ငန်းများအကြောင်း နိုင်ငံတကာ အထူးသဖြင့်တရုတ်နိုင်ငံက အာရုံစိုက်လာသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှ အွန်လိုင်း လောင်းကစားလိမ်လည်မှုများကို အာဆီယံနိုင်ငံများနှင့်ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နှင်းရန် အဆင်သင့်ဖြစ်နေပြီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၁၆ ရက်နေ့က အာဆီယံဆယ်နိုင်ငံ၏သံတမန်များနှင့်တွေ့ဆုံပွဲတွင် ထုတ်ပြောခဲ့သည်။
တဆက်တည်းတွင် တရုတ်နှင့်မြန်မာအပါအဝင် မဲခေါင်ဒေသတွင်း ၆ နိုင်ငံမှ ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား တိုက်ဖျက်သွားမည့်ဇင်ယော်စစ်ဆင်ရေး( ဇင်ယော် ပူးပေါင်းဆောင်ရွက်မှုဒုတိယပိုင်း)ကို ၂၀၂၅ ခုနှစ် အတွင်း အကောင်အထည်ဖော်သွားမည်ဟုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ထိုအခြေအနေတွင် စစ်ကောင်စီရော၊ BGFပါ ကျားဖြန့်အရေး အသံကျယ်ကျယ်ထုတ်ပြောလာသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှ ကိုးကန့်ပြည်သူ့စစ်ကံကြမ္မာမျိုး ကရင်နယ်ခြားစောင့်တပ်ကြုံလာနိုင်သလားဟုသော အမေးကို BGF က ကိုးကန့်ပြည်သူ့စစ်များမှာ ကျားဖြန့်လုပ်ငန်းများတွင် ကိုယ်တိုင်ရှယ်ယာထည့်ဝင်လုပ်ကိုင်ပြီး BGF မှာမြေငှားရမ်းရုံသာဖြစ်ပြီး လုပ်ငန်းများတွင် မပါဝင်ဟုဆိုသည်။
ကျားဖြန့်အရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် စစ်ကောင်စီ တို့ ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်၌ ဆွေးနွေးခဲ့သည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ကျားဖြန့် လုပ်ငန်းများမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ၊နယ်ခြားစောင့်တပ်များက စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်ခွင့်ပြုခဲ့သဖြင့် နိုင်ငံတဝန်းပိုမိုကြီး
မားလာကြောင်းပြောသည်။ထို့ကြောင့် ကျားဖြန့်ကြီးထွားလာခြင်းအဓိကတာဝန်ရှိသူမှာစစ်ကောင်စီဖြစ်၍ကျားဖြန့်တိုက်ဖျက်ရေးအတွက်စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ကိုင်မည်ဆိုသည်မှာ သဘာဝ လက်တွေ့မကျကြောင်း ပြောသည်။
“မတော်မတရားလုပ်နေတဲ့သူတွေနဲ့ ဒီလုပ်ငန်းပျောက်ပျက်သွားအောင်လုပ်မယ်ဆိုတာ အင်မတန်ပဲ ရယ်စရာကောင်းတဲ့ အလုပ်တစ်ခုပဲဖြစ်တယ်။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ဒီလုပ်ငန်းကြီးထွားလာခြင်းရဲ့ အကြောင်းအရင်းက စကစပဲဖြစ်တယ်” ဟု ပဒိုစောတောနီးက ပြောသည်။
NUG၊ KNU ၊KNPP ၊CNF ၊ ABSDF စသည့် ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်များ ကလည်းဇန်နဝါရီ ၂၂ ရက်တွင်ကြေညာချက်ထုတ်ပြန်ရာမြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာနေကြောင်း၊ မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့်အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်ကြောင်းဖော်ပြထားသည်။
ထို့အပြင် ယင်းဒေသသည် စစ်ကောင်စီမထိန်းချုပ်နိုင်တော့သည့် ဒေသဖြစ်ပြီး ထိုင်းစစ်တပ်က လျှပ်စစ်မီးပေးထားကြောင်း စစ်ကောင်စီပြန်ကြားရေးတာဝန်ခံက အပြစ်ဖို့ထားသည်။
BGF ကလည်း မြဝတီဒေသမှ ရာဇဝတ်မှုကျူးလွန်သူများကို တိုက်ဖျက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊နိုင်ငံတကာကိုယ်စားလှယ်များနှင့်အပူးပေါင်းဆောင်ရွက်သွားမည်ဟုဇန်နဝါရီ ၂၂ရက်တွင်ထုတ်ပြန်ထားသည်။
ကျားဖြန့်ကိစ္စနှင့် ပတ်သက်၍ မြဝတီမြို့နယ်၌ ယင်းကဲ့သို့ အခြေအနေရှုပ်ထွေးနေစဉ် ယခင်ရှိပြီးသား တရုတ်သူဌေးများက ဘုရားသုံးဆူမြို့သို့ တိမ်းရှောင်ခြင်းဖြစ်သည်။
“ဒီရက်ထဲ မြန်မာစကားမပြောတတ်တဲ့ တရုတ်တွေ အရင်ကထက် အများကြီး တွေ့လာရတယ်။ ညရောနေ့ရော ဝင်လာတာ။ DKBA ဂိတ်တွေကို ဖြတ်ဝင်လာတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
မြဝတီမြို့နယ်နှင့် ဘုရားသုံးဆူမြို့သည့် နေ့ချင်းပြန်ခရီး သွားလာ၍ရပြီး ကားလမ်းလည်း ပေါက်သည်။ဘုရားသုံးဆူ မြို့ပေါ် လမ်းများနှင့် နာမည်ကြီး ဥဒေါင်းကန်အနီး ဖျော်ဖြေရေးနေရာများတွင် တရုတ်နိုင်ငံသားများချည်း ကြီးစိုးနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။
ဘုရားသုံးဆူမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ သဘာဝရေတံခွန်အပန်းဖြေစခန်းနေရာသည်လည်း တရုတ်နိုင်ငံသားများက နှစ်ရှည်ငှားရမ်းနေထိုင်သည်။
” DKBAလည်း ကျားဖြန့်အရသာသိသွားပြီ။ သူ့ထိန်းချုပ်ဒေသမှာကျားဖြန့်တွေ အများကြီး”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောသည်။
မြဝတီမြို့နှင့်ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ အဓိက စွပ်စွဲခံနေရသည့်BGFကမူ ကျားဖြန့်လုပ်ငန်းများ၌ အဓိကတာဝန်ရှိသည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ မြဝတီဒေသရှိ လုပ်ငန်းစုများအား လူမှောင်ခိုကူးမှု ၊ညှင်းပန်းနှိပ်စက်မှု၊ အသက်မပြည့်ဘဲ အလုပ်စေခိုင်းမှု၊ ငွေလိမ်လည်မှု စသည်တို့ပြုလုပ်ခြင်း ရှိ၊မရှိ ဖော်ထုတ်စစ်ဆေးနေသည်ဟု ဆိုထားသည်။
တရုတ်အစိုးရထံသို့ပင် မြဝတီမြို့နယ်မှ တရုတ်နိုင်ငံသားများအား ပြန်လည်ခေါ်ရန် ဆက်သွယ်အကြောင်းကြားထားသော်လည်း တရုတ်နှစ်သစ်ကူးပြီးမှ ပြန်ခေါ်ရန် စီစဉ်မည်ဟု အကြောင်းပြန်လာကြောင်း ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မြဝတီဒေသ၌ ကျားဖြန့်ဂိုဏ်းများ၏ လူကုန်ကူးခံရပြီး ပိတ်မိနေသူ ၆၀၀၀ကျော် အထိရှိနေသည်ဟုနိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်ထားသည်။
BGF အဓိက ပါဝင်နေသည့် မြဝတီ၊ ရွှေကုက္ကိုမြို့သစ်စီမံကိန်း၌ မြောက်မြားစွာသော ငွေလိမ်ဂိုဏ်းများ၊ လူကုန်ကူးမှုများ၊ကျားဖျန့်လုပ်ငန်းများ ရှိ နေပြီး BGFနှင့် စစ်ကောင်စီသည် ဒေါ်လာသန်းချီအကျိုးအမြတ်ရနေသည်ဟု Justice For Myanmar (JFM) ထုတ်ပြန်ထားသည်။
၂၀၂၃နှင့် ၂၀၂၄ ခုနှစ်က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်စဉ်ကလည်း လုပ်ငန်းရှင်သူဌေးများသည် မြဝတီမြို့နှင့်ရွှေကုက္ကိုယ် ဒေသအပြင် ရန်ကုန်၊မန္တလေးမြို့များ၊ ရှမ်းပြည်နယ်အတွင်းမှ မြို့အချို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ယခုလည်း နိုင်ငံတကာအဆင့်အထိ နာမည်ဆိုးထွက်လာချိန်၌ မြဝတီမြို့နှင့်ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်တရားခံတရုတ်သူဌေးများခြေရာဖျောက်ရေး ကြိုးပမ်းနေကြပြီဖြစ်သည်။ ။
