ဒီးဒီ/ People’s Spring
ကရင်ပြည်နယ် ၊မြဝတီ ဒေသမှာ ကျားဖြန့် နှိမ်နင်းရေးအကြောင်းပြပြီး စစ်ကောင်စီက အင်အားတိုးနယ်မြေစိုးမိုးမှု ပြန်ရဖို့ ကြိုးစားနေတဲ့အကြောင်း ဒီတစ်ပါတ်မှာ ပြောပြပါမယ် ။
ဖေဖော်ဝါရီ ၂၀ ရက်နံနက်က ကရင်ပြည်နယ်၊မြဝတီဒေသမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေဆီမှာလူကုန်းကူးခံရတယ်ဆိုတဲ့ တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို တရုတ်အစိုးရက ပထမဆုံးအသုတ်အနေနဲ့ နေရပ်ပြန်ခေါ်ခဲ့ပါတယ်။
၂၀၂၄ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ လဟာ ထိုင်း-မြန်မာနယ်စပ်က မြဝတီဒေသက ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီမှာ တရုတ်တွေအပါအဝင် လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ ထောင်သောင်းနဲ့ချီရှိနေတယ်ဆိုတာရယ် ၊ လူကုန်ကူးခံရပြီး ရက်ရက်စက်စက်နှိပ်စက်ညှင်းပန်းနေတယ်ဆိုတဲ့အကြောင်းတွေက ကမ္ဘာ့သတင်းတွေမှာပါ ထိပ်တန်းသတင်းဖြစ်ခဲ့ပါတယ်။

Public Service Announcement
ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နှင်းမယ်ဆိုပြီး တရုတ်၊ထိုင်း နဲ့ စစ်ကောင်စီ ၊ BGF ၊DKBA တို့က ညာသံပေး သုံးပွင့်ဆိုင်ဆွေးနွေးပြီးတဲ့နောက် တရုတ်က သူ့နိုင်ငံသားတွေကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာစခေါ်ပါတယ်။ သုံးရက်ဆက်တိုက်ကို လူ ၆၁၂ဦးပြန်ခေါ်ခဲ့ပါတယ်။
တရုတ်အစိုးရက အလိမ်ခံရတယ်ဆိုတဲ့ သူ့နိုင်ငံသား ၆၀၀ ကျော်ကိုခေါ်ပြီးနောက်မှာတော့ လူခေါ်ရေး အစီအစဉ်ရပ်နေပါတောွတယ်။ တရုတ်က သူ့နိုင်ငံသားတွေ ထောင်နဲ့ချီပြန်ခေါ်မယ်လို့ ကြုံးဝါးထားပေမယ့် ဖေဖော်ဝါရီ လကုန်အထိ ၆၀၀ ခေါ်ယူအပြီးမှာရပ်သွားပါတယ်။
ကရင်နယ်ခြားစောင့်တပ်(BGF)ကတော့ နေရပ်ပြန်ပို့အတွက် တရုတ်တွေအပါအဝင် နိုင်ငံခြားသားတွေ ခုနစ်ထောင်ကျော် ပြန်ပို့မယ်ဆိုပြီးထိန်းသိမ်းစုဝေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF ဟာလည်း ပြန်ပို့ဖို့စုထားတဲ့ နိုင်ငံခြားသား ၇၀၀၀ ကျော်ကို ဘယ်တော့လာခေါ်မလဲဆိုပြီး စောင့်နေရတဲ့အခြေအနေပါ။
မြဝတီ နဲ့ မဲဆောက် မှာ ကျားဖြန့်နှိမ်နှင်းရေးအကြောင်းပြပြီး တရုတ် -ထိုင်း- မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့တွေ ၊သံရုံးတွေ ၊သတင်းသမားတွေ ခြေရှုပ် နေချိန်မှာ စစ်ကောင်စီ တပ်တွေကတော့ ကရင်ပြည်နယ်မှာ တိတ်တဆိတ်အင်အားတိုးပြီးလှုပ်ရှားနေပါတယ် ။
စစ်ကောင်စီက ကျားဖြန့်အကြောင်းပြပြီး မြဝတီဒေသကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ မြဝတီမြို့ကို တစ်နှစ်နီးပါးကြာသွားနေတဲ့ အောင်ဇေယျစစ်ကြောင်းကို စစ်အင်အားတွေအလုံးအရင်းဖြည့်ပြိး စစ်ရေးပြင်နေတယ်လို့ ကရင်စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
ကျားဖြန့်ဟာ နွေဦးတော်လှန်ရေး စစ်ရေးအရှိန်မြှင့်ရမယ့်အချိန် အချိန်ကိုက်ပေါ်လာတဲ့ ဇာတ်
လမ်းလို့ ကရင်စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။ စစ်ကောင်စီဟာ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နှင်းတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ မြဝတီဒေသမှာ ဖြတ်တောက်ပိတ်ဆို့ရေး တွေလုပ်ဖို့အတွက် တရုတ်အစိုးရကို ဒူးထောက်တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းကြားထားတယ်လို့ လူထုနွေဦးရဲ့ ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
”ကျားဖြန့်အကြောင်းပြ အကုန်ပိတ်နေတာ စကစက။ မြဝတီလည်းသူတို့ စိုးမိုးချင်နေတာ”လို့ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောပါတယ်။
ကျားဖြန့် နှိမ်နင်းရေး ၊လူကုန်ကူးခံရသူတွေ ပြန်လွှဲပြောင်းရေး ဆိုတဲ့ခေါင်းစဥ်အောက်က စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး နဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတို့ဟာ မြဝတီမြို့ကို ဖေဖော်ဝါရီလမှာလာရောက်ခဲ့ကြပါတယ်။ မြဝတီမြို့ကို ကော့ကရိတ်လမ်းကြောင်းကနေ မသွားရဲလို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကနေဝင်ခဲ့တာလို့သိရပါတယ်။
”ကျနော်တို့ ဒီဘက်က အကုန်ပိတ်ထားတယ်။ သူတို့ ထိုင်းဘက်က ဝင်တာ”လို့ ကော့ကရိတ်ဒေသမှာရှိတဲ့ PDFစစ်ကောင်းမှူးတစ်ဦးက ပြောပါတယ်။
မြဝတီမြို့မှာ အဓိက လုံခြုံရေးယူထားတာက စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF) ဖြစ်ပါတယ် ။စစ်ကောင်စီရဲ့ မြို့စောင့်တပ်လို့ခေါ်တဲ့ အမှတ် ၂၇၅ ခြေလျင်တပ်ရင်း (ခလရ ၂၇၅ )က ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပိတ်ဆို့ထားလို့ အင်အားရာဂဏန်းပဲရှိပြီး အင်အား မကောင်လှပါဘူး။
ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး တရုတ်နဲ့ ထိုင်းပူးပေါင်းပြီး ဖေဖော်ဝါရီလဆန်းကစလို့
မြဝတီဒေသကို မီး ၊စက်သုံးဆီ ၊အင်တာနက် ၊ကုန်စည်တွေစသဖြင့် ဘက်စုံဖြတ်တောက်ခဲ့ပါတယ်။ တချိန်တည်းမှာဘဲ စစ်ကောင်စီကလည်း ပြည်တွင်းကနေ မြဝတီဒေသကို စက်သုံးဆီတင်ပို့မှု ပိတ်ထားခဲ့ပါတယ် ။
တချိန်တည်းမှာ ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်မှာ ပိတ်ဆို့ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းထံ အင်းအားအလုံးအရင်းပေးပို့စေလွှတ်ကာ စစ်ပြင်နေသလို၊ကော့ကရိတ်မြို့ကိုလည်း စစ်ကူအများအပြား ပေးပို့နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒေါနတောင်ပေါ်မှာလည်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊PDF နဲ့ ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်တွေက ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။
စစ်ကောင်စီဟာ ကော့ကရိတ်မြို့ကို အင်အားအလုံးအရင်း စေလွှတ်ပြီးနောက် ကော့ကရိတ်မြို့နဲ့ ဒေါနတောင်ကြားမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှာ တိုက်ပွဲများပြင်းထန်နေတယ်လို့ အဲဒီနယ်မြေက PDF စစ်ကြောင်းမှူးတစ်ဦးက ပြောပါတယ်။
“ကျားဖြန့်အကြောင်းပြပြီး စစ်ကောင်စီက ဖိဖို့လုပ်နေတာ။ တိုက်ပွဲက နေ့စဉ်ဖြစ်နေတယ်။ အကြီးတွေပဲ ဖြစ်နေတယ်။ သူတို့က ဒရုန်းတအားသုံးလာတယ်”လို့ စစ်ကြောင်းမှူးက ပြောပါတယ်။
ကော့ကရိတ်မြို့အထွက်က (၂)မိုင်ခန့်သာကွာဝေးတဲ့ ကော့နွှဲ့၊ရေလယ်ကုန်းနဲ့ ရွာသစ်ကုန်းကျေးရွာတွေမှာ တိုက်ပွဲများပြင်းထန်နေတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၆ရက်က ရေလယ်ကုန်းကျေးရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ၂၀ခန့် သေဆုံးခဲ့တယ်လို့ အဲဒီစစ်ကြောင်းမှူးက ပြောပါတယ်။
ကျားဖြန့်ဇာတ်လမ်းကြောင့် ကရင်ပြည်နယ်ရဲ့ စစ်ရေးဖော်ဆောင်မှုအပိုင်း အများကြီး ထိခိုက်နစ်နားခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
“ဆီတွေပိတ်လိုက်တော့ ရဲဘော်တွေ ဟိုဒီသွားဖို့အတွက် ကားသုံးရတာ ချွေတာရတဲ့ သဘောရှိတယ်။ ဒီဇာတ်လမ်းက မြန်မြန်ပြီးသွားမှ ကရင်ခွင်က တော်လှန်ရေးအတွက် ကောင်းမယ်”လို့ ကော့ကရိတ်ဒေသက PDFတပ်ဖွဲ့တွေရဲ့ ထောက်ပို့ရဲဘော်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။
စစ်ကောင်စီဟာ ကျားဖြန့်နှိမ်နှင်းရေးအကြောင်းပြပြီးတော့ တော်လှန်ရေးကိုပါ တခါတည်းချေမှုန်းဖို့ စီစဉ်ဆောင်ရွက်ခဲ့တာကို မြင်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောခွင့်ရ ပဒိုစောကလယ်စေးက KIC သတင်းဌာနကို ပြောထားပါတယ်။
ကျားဖြန့်ဟာ တော်လှန်ရေးခရီးလမ်းအတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့လည်း ပဒိုစောကလယ်စေးက ပြောပါတယ်။
“ကျားဖြန့်ကိုနှိမ်နင်းပြီးတော့မှ တော်လှန်ရေးပါ နှိမ်နင်းသွားဖို့ ရောသမမွှေသွားမယ်ဆိုတဲ့ စစ်အုပ်စုဘက်က အကြံအစည်တွေကိုလည်း ကျနော်တို့ နိုင်ငံတကာကို အသိပေးဖို့ စဥ်းစားထားတယ်”လို့သူကပြောပါတယ် ။
ဒါအပြင် မြဝတီမြို့ လျှပ်စစ်မီးပြန်ပေးဖို့ BGF ရဲ့တောင်းဆိုထားမှုကို စစ်ကောင်စီက ညစ်ထားတယ်ဆိုပြီး ဝေဖန်သံတွေလည်းထွက်လာပါတယ်။
တချိန်တည်းမှာ စစ်ကောင်စီ နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထိုင်းအစိုးရကလည်း ဖေဖော်ဝါရီလမှာ ကျားဖြန့် ခေါင်းစဥ်နဲ့ မြန်မာနိုင်ငံသားတွေနယ်စပ်က ဝင်ရောက်မှုကိုပိုတင်းကြပ်လိုက်ပြန်ပါတယ်။ခိုးဝင်သူတွေကိုလည်းဖမ်းဆီးပြီးပြန်ပို့ပါတယ်။ဒါအပြင် ထိုင်းအစိုးရက ဥပဒေမလိုက်နာတဲ့နိုင်ငံခြားသားတွေ ၊ တရားမဝင်နိုင်ငံခြားသားတွေကို စီမံချက်နဲ့ဖမ်းဆီးတယ် ဆိုပြီး အရင်ကထက် ပိုဖမ်းဆီးတာမှာ ထိုင်းရောက်နေတဲ့မြန်မာတွေပဲအများဆုံးဖမ်းခံနေရပြန်ပါတယ် ။ ထိုင်းအစိုးရကဖမ်းဆီးထားတဲ့ မြန်မာတွေကို စစ်ကောင်စီဆီလွှဲပေးတာမှာလည်း စစ်တပ်က စစ်သားသစ်စုဆောင်းခံရလို့ ဖမ်းဆီးခံရတဲ့မြန်မာတွေ ဟာအကာအကွယ်မဲ့နေပြီး ဒုက္ခရောက်နေကြပြန်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ မီဒီယာမှာ လူရာဂဏန်းပဲပို့ရသေးတဲ့ ကျားဖြန့် နှိမ်နင်းရေး နဲ့ ကျားဖြန့် နှိမ်နင်းရေးအောင်မြင်တယ်ဆိုတဲ့ သတင်းတွေအောက်မှာ မြန်မာပြည်သူတွေ ဒုက္ခရောက်နေတဲ့သတင်းတွေကတော့ ဘယ်သူမှ အရာမသွင်းတဲ့အခြေအနေဖြစ်နေပါတယ် ။
ဒေါနတောင်ပေါ်မှာတော့ မြဝတီဒေသကိုနယ်မြေစိုးမိုးဖို့ ကြံစည်နေတဲ့ စစ်ကောင်စီရဲ့ စစ်သားသစ်အများစုပါတဲ့ အောင်ဇေယျ စစ်ကြောင်းဟာ ကော်ဘရာစစ်ကြောင်းကို မယှဥ်နိုင်ပဲ အထိနာပြီးလမ်းပျောက်နေဆဲဖြစ်ပါတယ်။
ဒါကြောင့် ကျားဖြန့် သတင်းတွေနောက်ကွယ် ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့အကြံအစည်ပဲ အောင်မြင်မလား ၊KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စစ်တပ်ကိုမြဝတီ၊ကော့ကရိတ် ဒေသတွေကနေ အပြီးမောင်းထုတ်နိုင်မလားဆိုတာ လာမယ့်လပိုင်းတွေအတွင်းအဖြေပေါ်နိုင်ဖွယ်ရှိနေပါတယ် ။ ။
