သော်မွန်/People’s Spring
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကို ၄ကြိမ်မြောက်သွားရောက်ခဲ့တဲ့ အာဏသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်ဟာ ဒီတကြိမ်မှာတော့ ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတပူတင်ရဲ့ ပွေ့ဖက်ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။ ရုရှားကို သွားဖို့ လနဲ့ချီကြိုးပမ်းခဲ့တဲ့ရလဒ်အနေနဲ့ ရုရှားသမ္မတပူတင်ကနိုင်ငံတော်အဆင့်(State Visit)အဖြစ် လက်ခံတွေ့ဆုံခဲ့တာဟာအာဏာသိမ်းခေါင်းဆောင်အတွက် အကြီးမားဆုံး သံတမန်ရေးအောင်ပွဲဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
မတ်လ ၃ရက်နေ ၆ရက်အထိ လေးရက်ကြာ အဏာသိမ်းခေါင်းဆောင်ရဲ့ မော်စကိုခရီးစဥ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရုရှားက ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီချက်တွေ ရရှိပြီး သီတင်းပတ်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ရုရှားတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ထုတ်ပြန်တာမရှိပေမယ့် အပြန်အလှန်အကျိုးရှိတဲ့ သဘောတူညီချက်တွေ ရရှိထားတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ချီနေကြပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသူအချို့ကတော့ စစ်ကောင်စီဟာ ထားဝယ်မှာ ရုရှားကို ရေတပ်စခန်း(Navy Base)အခြေစိုက်ခွင့်ပေးလိုက်တာလို့ ရှုမြင်သုံးသပ်ကြပါတယ်။

Public Service Announcement
“ထားဝယ်စီးပွားရေးစီမံကိန်း ဘာညာလျှောက်ပြောနေပေမယ့် တကယ်တမ်းက ရေတပ်ဘေ့စ် ပေးလိုက်တာပါ ထားဝယ်ကို။ အိန္ဒိယသမုဒ္ဒရာမှာ ဖြတ်သန်းသွားလာမယ့် ရုရှားရေတပ်အတွက် ရေတပ်ဘေ့စ်၊ အဲဒီအတွက် သူ့မှာ အကျိုးအမြတ်ရမှာပေါ့”လို့ စစ်ရေး၊ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပြောကြားပါတယ်။
မော်စကိုရှိ ကရင်မလင်နန်းတော်မှာ ကော်ဇောနီခင်းကြိုဆိုခံရတဲ့ အာဏာလုခေါင်းဆောင်က ‘ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးပါပြီး ယုံကြည်ရတဲ့မိတ်ဆွေနိုင်ငံဖြစ်တယ်’ လို့ တဖွဖွပြောပြီး ဗုဒ္ဓရဲ့ဗျာဒိတ်တော်အရ မဟာမိတ်ဆက်ဆံရေးဖြစ်သလို ၊ ပူတင်ကိုလည်း ဗျာဒိတ်တော်လာ ”သောမကြွက်မင်း” လို့တောင် အလွန်အကျူးမြှောက်ပင့်ပြောဆိုခဲ့ပါသေးတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး၊လူသိန်းချီး သေဆုံး ပျက်စီးခဲ့ရတဲ့ ယူကရိန်းကျူးကြော်စစ်ရဲ့ အဓိကတရာခံလို့ ကမ္ဘာက သတ်မှတ်ထားတဲ့ ရုရှားသမ္မတပူတင်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်နက်စကြာရှင်အဖြစ် အမွှန်းတင်ခဲ့ပြီး ၎င်းကိုယ်၎င်းလည်း ဘုရင်၊ ရုရှားသမ္မတကိုလည်း စစ်လက်နက်အရာမှာ ကျွမ်းကျင်တတ်မြောက်သော ဘုရင်အဖြစ် အလွန်အကြူးမြှောက်ပင့်ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ဟာ မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို အဓိပ္ပာယ်ဖော်ရ ခက်တဲ့ ‘မရယ်မပြုံး’အမူအရာနဲ့ တုန့်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ ဆန္ဒရှိကြောင်း သံတမန်စကားဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန် တကျော့ပြန်သမ္မတဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့ ဆက်ဆံရေးအဆင်ပြေပြီး ရုရှားရဲ့ကျူးကျော်စစ် ယူကရိန်းနဲ့ စစ်ပွဲရပ်ဖို့ လုပ်ဆောင်လာချိန် အသက်ရှုချောင်လာတဲ့ ရုရှားဟာ အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်လို့ ၎င်းရဲ့ ရေရှည်စီမံကိန်းများကို အကောင်အထည်ဖော်ရေး၊ သြဇာထူထောင်ရေးတွေလုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်နဲ့ ခြေလှမ်းစတင်လာတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူအချို့က ရှုမြင်ပါတယ်။
“ရုရှားအနေနဲ့ ယူကရိန်းကို အာရုံစိုက်ရင်းနဲ့ မြန်မာနဲ့ပတ်သက်လို့ နောက်မကျသွားအောင် ဒီလိုမျိုးခေါ်တွေ့ပြီး ဒီလိုဆက်ဆံလိုက်တာဖြစ်တယ်” လို့ နိုင်ငံရေးဆောင်းပါးရှင် Otto က သုံးသပ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ကို အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံက လက်တကမ်းအကွာကသာ ဆက်ဆံနေချိန် ရုရှားသမ္မတက State Actor (နိုင်ငံ့အကြီးအကဲ) အဖြစ် ဆက်ဆံလိုက်ခြင်းက မင်းအောင်လှိုင်အတွက်ရော၊ စစ်ကောင်စီအတွက်ပါ သံတမန်ရေးဆိုင်ရာ အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ Otto က ပြောပါတယ်။
“ရုရှားအတွက်ကျ အဖိုးနည်းဝန်ပါပေါ့။ အရမ်းကြီး ကုန်ကျစရိတ်မများဘဲနဲ့ ကိုယ့်ကို လိုလိုလားလားနဲ့ မိတ်ဖက်တစ်ယောက်ကို ရလိုက်တာပေါ့လေ။ ဒါပေမဲ့ ရေရှည်မှာ အပြောင်းအလဲတွေ ဆိုတာက ဝေးဦးမယ်”လို့ သူ့အမြင်ကိုပြောပါတယ်။
ရုရှားဟာ တချိန်က ဆီးရီးယားပြည်တွင်းစစ်ချိန်ခွင်လျှာပြောင်းလဲအောင် လုပ်ခဲ့ပေမယ့် လက်ရှိ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးမှာတော့ စစ်အာဏာရှင်တွေ တဖက်သက်အသာစီးရအောင် တနည်းအားဖြင့် ချိန်ခွင်လျှာပြောင်းလဲအောင် လုပ်နိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ Otto က မှတ်ချက်ပြုပါတယ်။
ဆယ်စုနှစ်တစ်ခုကျော်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ အာဏာရှင်အာဆတ် အသာစီးရအောင် ရုရှားသမ္မတ ပူတင်က စစ်ရေးအထောက်အပံ့တွေပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အာဏာရှင်အာဆတ်အစိုးရ ထွက်ပြေးရပြီး တော်လှန်ရေးသမားတွေက မြို့တော် ဒါမက််စ်ကတ်စ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် နဲ့ ရုရှားသမ္မတပူတင်တို့ဟာ နိုင်ငံတကာစစ်ရာဇဝတ်မှုများ ကျူးလွန်သူများအဖြစ် ကမ္ဘာ့နိုင်ငံများက သတ်မှတ်ထားပြီး ကမ္ဘာကြီးရဲ့ အဖယ်ကြဥ်ခံ နှစ်ဦး ရင်ဘက်ချင်းအပ် မိတ်ဖွဲ့ကြခြင်း ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေး
ဆိုခွင့်ရှိသူ ဦးကျော်ဇော်က မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဥ်ကို NUG ကလည်း လေ့လာစောင့်ကြည့်နေပြီး ‘မသူတော်ချင်းသတင်းလွေ့လွေ့’သူတို့နှစ်ဦးပေါင်းဖက်ကြတဲ့အပေါ် သံတမန်ရေးဆိုင်ရာ အောင်မြင်မှုမဟုတ်ကြောင်းဦးကျော်ဇော်ကသုံးသပ်ပါတယ်။
ဒါပေမဲ့ အာဏာလုခေါင်းဆောင် နဲ့ ရုရှားအာဏာရှင်တို့ ရှေ့မှောက်မှာ အနုမြူစွမ်းအင်၊ ဘူမိဗေဒနဲ့ ဓာတ်သတ္တုရှာဖွေရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ််နှံမှု၊ အကောက်အခွန်၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊အလုပ်သမားစေလွှတ်မှု စတဲ့ နယ်ပယ်များနဲ့သက်ဆိုင်တဲ့ ဘဘောတူစာချုပ်နဲ့ နားလည်မှုစာချွန်လွှာများ စုစုပေါင်း ၁၀ခု လက်မှတ်ရေးထိုးခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒါပေမယ့် စာချုပ်ပါ အချက်အလက်တွေကိုတော့ စစ်ကောင်စီက မထုတ်ပြန်ပါဘူး။
အဲဒီလက်မှတ်ရေးထိုးတဲ့ စာချုပ်တွေထဲမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရူးသွပ်တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းတစ်ခုပါပါတယ်။ အဲဒါစီမံကိန်းနဲ့ပတ်သက်လို့ ‘အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာမှာ နျူကလီးယားနဲ့ ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဥ်းဥပဒေနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ’ လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာက ဖော်ပြပါတယ်။
ကမ္ဘာတဝန်းနျူကလီးယားဆိုင်ရာ သတင်းများဖော်ပြနေတဲ့ World Nuclear News ကတော့ စစ်ကောင်စီ နဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)တို့ဟာမြန်မာနိုင်ငံမှာ ၁၁၀ မဂ္ဂါဝပ် အငယ်စားမော်ဂျူလာဓာတ်ပေါင်းဖို စီမံကိန်း တည်ဆောက်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ အဲဒီ ဓာတ်ပေါင်းဖိုတည်ဆောက်ရေးစီမံကိန်းဟာ နှစ်နိုင်ငံအကြား အပြန်အလှန်ဆောင်ရွက်ချက်များရဲ့ သတ်မှတ်ချက်များနဲ့အညီ ၃၃၀ မဂ္ဂါဝပ်ထိ ထပ်မံတိုးချဲ့နိုင်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစခေါင်းဆောင်ဟာ နျူကလီးယားနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက အရူးအမူးဖြစ်ခဲ့ပေမယ့် လက်တွေ့မှာ အဲဒီဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ရုရှားက ငွေကြေးစိုက်ထုတ်ပေးမှာမဟုတ်သလို သူ့အနေနဲ့လည်း ငွေကြေး မတတ်နိုင်ဘူးလို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နိုင်ငံရေးအကဲခတ်အချို့ကလည်း နျူကလီးယားဓာတ်ပေါင်းဖိုစီမံကိန်းဟာ စောင့်ကြည့်ဖို့လိုအပ်ပေမယ့် မင်းအောင်လှိုင်အတွက် အလှမ်းဝေးတယ်လို့ သုံးသပ်ပါတယ်။
“လက်တွေ့ကျကျ ပြောရင်တော့ ဘာမှ ရေရေရာရာမရှိဘူးလို့ပဲ မြင်ပါတယ်။ တပ်လော်ဘီတွေကတော့ မစားရ ဝခမန်းတွေ အကုန်လျှောက်ပြောတာပေါ့။ သူ့ရဲ့ဝါဒဖြန့်ချိရေးယန္တရားတစ်ခုဖြစ်တယ်လို့ပဲ ယူဆပါတယ်”လို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေ ၊ရုပ်သံ တွေနဲ့ လူမှုကွန်ယက် မီဒီယာတွေမှာတော့ ရုရှားခရီးစဥ်ကို အကြီးအကျယ် ဝါဒဖြန့် အောင်ပွဲခံနေကြတာကိုတွေ့ရပါတယ် ။

မြေပြင်မှာတော့ မြို့ပေါင်း ၉၄ မြို့သိမ်းပိုက်ထားတဲ့ တော်လှန်ရေးတပ်တွေ နဲ့ စစ်ကောင်စီတပ်ဟာ ဒေသအချို့မှာ တိုက်ပွဲတွေ အပြင်အထန်ဖြစ်ပွားနေပါတယ် ။ ရခိုင်ပြည်နယ်မှ ကျောက်ဖြူ ၊စစ်တွေ ၊ ရခိုင်-ပဲခူး အစပ် ၊ရခိုင် -ဧရာဝတီ အစပ် ၊ရခိုင်-မကွေးအစပ်၊ ဗန်းမော် ၊ မိုးဗြဲ ၊ နောင်ချိုက တောင်းခမ်း ၊ မြန်မာ-ထိုင်းနယ်က ပူလူတူစခန်း ၊ စစ်ကိုင်းမကွေး ၊ပဲခူး စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ ။ စစ်ကောင်စီတပ်က မင်းအောင်လှိုင်ရုရှားခရီးစဥ် ကာလအတွင်းမှာပဲ သူတို့ အားသာချက် လေကြောင်းကို အသုံးပြုပြီး ပြည်သူတွေကိုပါပစ်မှတ်ထား ဗုံးကြဲလို့ ပြည်သူတွေအများအပြားသေဆုံးခဲ့ရပါတယ် ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ရုရှားခရီးစဥ်အတွင်း မင်းအောင်လှိုင်ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို အသိအမှတ်မပြုဘဲ တော်လှန်ရေးအောင်မြင်ပြီးချိန်မှာ အဲဒီသဘောတူညီချက်၊ စာချုပ်များမှာ ‘အမှိုက်’သာ ဖြစ်သွားမယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က သတိပေးပြောဆိုပါတယ်။
“ကျွန်တော်တို့ NUG ဟိုးအရင်ကတည်းက ပြည်သူလူထုကို တစိုက်မတ်မတ်ပြောလာတယ်။ တရားဝင်ကြေညာချက်တွေလည်း ထုတ်ထားပြီးသားဖြစ်တယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တရားမဝင်အကြမ်းဖက်အုပ်စုသာဖြစ်တယ်။ ဒါကြောင့် သူတို့နဲ့ လက်မှတ်ထိုးတာ၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု ဘာပဲဖြစ်ဖြစ် တရားမဝင်ဘူး။ ပြည်သူ့အစိုးရအနေနဲ့ အသိအမှတ်မပြုဘူး။ ကျွန်တော်တို့ တော်လှန်ရေး အောင်မြင်ပြီးတဲ့အချိန်မှာ ဒီစာချုပ်တွေဟာ ရှင်းရှင်းပြောရင် အကြမ်းဖက်စစ်ကောင်စီနဲ့ ချုပ်ထားတဲ့ စာချုပ်တွေဟာ အမှိုက်ပဲ ဖြစ်သွားမယ်ဆိုတာ ထပ်ပြီး သတိပေးပြောကြားချင်ပါတယ်။ ဒါက ရုရှားနဲ့ မင်းအောင်လှိုင် ချုပ်တာတွေ အပါအဝင်ဖြစ်တယ်ဆိုတာလည်း အတိအလင်းပြောကြားချင်ပါတယ်”လို့ ဦးကျော်ဇော်က People’s Spring ကို ပြောပါတယ်။
နောက်ပြီး မြန်မာစစ်တပ်နဲ့ စစ်အာဏာရှင်တွေဟာ အနုမြူကို ငြိမ်းချမ်းစွာ သုံးစွဲဖို့ ဘယ်တုန်းကမှ ရည်ရွယ်ခဲ့ခြင်းမရှိဘဲ အနုမြူလက်နက်ရရှိဖို့သာ ရည်ရွယ်ကြိုးစားခဲ့တာ တွေ့ရပြီး နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရေးစီမံကိန်း သဘောတူညီချက်က မြန်မာမှာသာမက ဒေသတွင်း လုံခြုံရေးကိုပါ ထိခိုက်နိုင်တယ်လို့ NUG သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူက သုံးသပ်ပါတယ်။
“အကြမ်းဖက်မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ သဘောတူညီချက်တွေဟာ မြန်မာနိုင်ငံမှာ stability(တည်ငြိမ်မှု)ရှိဖို့အတွက်၊ ရရှိနိုင်ဖို့အတွက် အထောက်အကူမပြုတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဒေသတစ်ခုလုံးရဲ့ လုံခြုံရေးပါခြိမ်းခြောက်တဲ့ အနေအထားမျိုး ရောက်လာတယ်”လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရုရှားဟာ လက်တွေ့အားဖြင့် ယူကရိန်းကို စစ်မျက်နှာဖွင့်ထားရဆဲဖြစ်ပေမယ့် အခုလိုမျိုး ကရင်မလင်ထိပ်ပိုင်း(ရုရှားအစိုးရထိပ်တန်းအရာရှိတွေ)က မြန်မာကို သံတမန်ရေးအရ ဦးလှည့်ထားတယ်ဆိုရင် မြန်မာစစ်တပ်မှာ အခု သုံးနေတဲ့ ရုရှားရဟတ်ယာဥ်တွေ၊ လေယာဥ်တွေ၊ အပိုပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းလာနိုင်တယ်လို့ ဆောင်းပါးရှင် Otto က သုံးသပ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်ရဲ့ မော်စကိုခရီးစဥ်ကြောင့် စစ်ကောင်စီအတွက် စစ်ရေးအရ ထိရောက််မှုရှိ၊ မရှိ ပြောဖို စောသေးပေမယ့် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုမှုကို ပိုအသုံးပြုလာတာမျိုးရှိနိုင်တယ်လို့ Otto က ခန့်မှန်းပါတယ်။
စစ်တပ် CDM ဗိုလ်မှူး ကိုနောင်ရိုးကလည်း စစ်ကောင်စီအနေနဲ့ ရုရှားကနေ စစ်လက်နက် ဝယ်ယူမှု၊ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာနိုင်ပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေအနေတွေနဲ့ ကိုက်ညီလိုအပ်တဲ့ လေတပ်၊ ကြည်းတပ် လက်နက်ခဲယမ်းတွေနဲ့ စစ်ဘက်နည်းပညာတွေကို ရုရှားဆီက ရယူလာနိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။
“အဲ့ကနေ တော်လှန်ရေး အင်အားစုတွေကို တိုးမြှင့်တိုက်ခိုက်လာနိုင်ပါတယ်။ အထူးသဖြင့် လေတပ်နဲ့ ဒရုန်းအားဖြည့်အသုံးပြုနိုင်ဖို့ ရှိလာနိုင်ပါတယ်” လို့ ကိုနောင်ရိုးက သုံးသပ်ပါတယ်
စစ်ကောင်စီဟာ အများကြီး ပြင်ဆင်လုပ်ဆောင်လာတာ တွေ့နေရပြီး အခုဆိုရင် လူအင်အားထုနဲ့ တိုက်စွမ်းအားကို အသုံးချကာ ခဲယမ်းလက်နက်နဲ့ ဘဏ္ဍာရေး အားနည်းတဲ့ တော်လှန်ရေးအင်အားစုတွေကို အမှည့်ခြွေဖို့၊ တန်ပြန်ဖို့ လုပ်ဆောင်လာနေတယ်လို့ သူက ဆက်လက်သုံးသပ်ပါတယ်။
“လက်ရှိ ၂၀၂၅ ဟာစစ်ရေး၊နိုင်ငံရေးအတွက် အဓိကကျတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ တော်လှန်ရေး တပ်ဖွဲ့တွေအကြား တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ချိတ်ဆက် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ အရေးကြီးပါတယ်” လို့ သူက သတိပေးပါတယ်။
ဒီနေရာမှာ အိမ်နီးချင်းအင်အားကြီး တရုတ်ရဲ့ အခန်းကဏ္ဍကို ချန်ထားခဲ့လို့ မရပါဘူး။ မင်းအောင်လှိုင်ကို တပ်ချုပ်ရာထူးအမွေပေးခဲ့တဲ့ စစ်အာဏာရှင်သန်းရွှေလက်ထက်က တရုတ်နဲ့ဆက်ဆံရေး ပြေလည်ခဲ့သလောက် သူကတော့ တရုတ်ထက် ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အထူးတလည်ကြိုးပမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း သူ တပ်ချုပ်ဖြစ်ပြီးနောက်ပိုင်း ရုရှားကို ၁၁ ကြိမ်အထိ ချောင်းပေါက်မတတ် သွားရောက်ခဲ့ပြီး မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေးကို ထူထောင်ခဲ့ပါတယ်။
သမ္မတထရမ့်နဲ့ သမ္မတပူတင်တို့ ပနံသင့်နေချိန် ကရင်မလင်ကို သွားရောက်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ ခရီးစဥ်ကို တရုတ်က စောင့်ကြည့်နေပါလိမ့်မယ်။ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ အသက်ရှုချောင်ခြင်း၊ ကျပ်ခြင်းတွေဟာ တရုတ်လက်ထဲမှာရှိနေပြီး ၁၀၂၇ စစ်ဆင်ရေးဖြစ်စဥ်နဲ့ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)တို့ကို ဖိအားပေး စစ်ပွဲရပ်ခိုင်းပြီး ငြိမ်းချမ်းရေးစားပွဲထိုင်စေခြင်း ဖြစ်စဥ်တို့က သက်သေပါပဲ။
“တရုတ်က ဒီကိစ္စကို ကျေနပ်မယ့် ပုံစံမရှိဘူး။ တရုတ်က စစ်ကောင်စီကို အသက်ရှုချောင်အောင်လုပ်ပေးထားတဲ့ကြားက ဒါမျိုးလုပ်တယ်ဆိုတော့ လုံးဝကြိုက်မှာမဟုတ်ဘူး။ နဂိုကတည်းက reliable partner(ယုံကြည်ရတဲ့မိတ်ဖက်)လို့ မမြင်တဲ့အခါကျတော့။ ဖြစ်လာနိုင်တာ နှစ်ခုက လျှော့ထားတဲ့ စစ်ရေးအရှိန်တွေ ပြန်တင်ပေးလိုက်မလား၊ ဒါမှမဟုတ် ဒီကောင်တွေ ဘယ်လောက်အထိ ဇာတ်လမ်းရှုပ်ကြမလဲဆိုပြီး ဆက်ကြည့်မလားပေါ့” လို့ ဆောင်းပါးရှင် Otto က မှတ်ချက်ပြုပါတယ်။
နိုင်ငံရေးအကဲခတ်တစ်ဦးကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများအနေနဲ့ မြန်မာနိုင်ငံဟာ တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်နေတာကြောင့် တရုတ်နဲ့ပတ်သက်တဲ့ မူဝါဒများကို ပြန်လည် သုံးသပ်ဖို့ လိုအပ်နေပြီး ပထဝီနိုင်ငံရေးနဲ့ ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းသစ်များနဲ့အညီ လိုက်ပါ ပြောင်းလဲကျင့်သုံးဖို့ အရေးကြီးတယ်လို့ အကြံပြုပါတယ်။
စစ်ကောင်စီဟာ တရုတ်နိုင်ငံ အကြိုက် မြန်မာနိုင်ငံထဲက တရုတ် စီမံကိန်းတွေကို တရုတ်လက်နက်ကိုင် လုံခြုံရေးတပ်တွေ ဝင်လာလို့ရအောင် ဥပဒေပြဌာန်းပေးခဲ့သလို ၊ရုရှားကိုလည်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလို နိုင်ငံ့အနာဂါတ်နဲ့ အမျိုးသားလုံးခြုံရေးအတွက် အရေးကြီးလှတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း လို စီမံကိန်းတွေကို ဈေးပေါပေါသီီ နဲ့ ပေးနေတာဟာနိုင်ငံကိုရောင်းစားနေတဲ့ လုပ်ရပ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ် ။အာဏာသိမ်းခေါင်းဆောင် နဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေရဲ့ ဖြုတ်ချမခံရပဲ စစ်ရေးမှာသူတို့အသာရနိုင်ဖို့ သူတို့အကျိုးစီးပွားတစ်ခုတည်း ကြည့်ပြီးလုပ်နေတာလို့ ၎င်းတို့ကသုံးသပ်ကြပါတယ် ။
NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ လက်ရှိနွေဦးတော်လှန်ရေးဟာ ပြည်သူတွေရဲ့ အင်အား၊ ပြည်သူတွေရဲ့ ခွန်အား၊ ပြည်သူတွေရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူတွေရဲ့ ထောက်ပံ့မှု၊ ပြည်သူတွေရဲ့ အသက်သွေး၊ ချွေးတွေနဲ့ တော်လှန်နေတဲ့၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက် တော်လှန်နေတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ဘယ်အရာကမှ တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
“ရုရှားထောက်ပံ့မှုရနေတဲ့ကြားက ၃နှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေး အင်အားစုတွေက မင်းအောင်လှိုင်နဲ့ အကြမ်းဖက်စစ်တပ် ပြိုလဲလုနီးပါးအထိ ရောက်အောင် ထိုးနှက်နိုင်ပြီးပြီ။ ပြိုလဲပြီး အမြစ်ဖြုတ်ဖို့အတွက်ကို ကျွန်တော်တို့တွေ ဆက်လက်ပြီး ပြည်သူ့တော်လှန်ရေးက လုပ်ကိုင်ပြီး တော်လှန်ရေး အဆုံးသတ်စွာအောင်မြင်ဖို့အတွက် ဘာမှ ကျွန်တော်တို့တတွေ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ဆက်လက်လုပ်ကိုင်ပြီး အောင်မြင်မှုရရှိမှာ မလွဲမသွေဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်”လို့ဦးကျော်ဇော်က ဆိုပါတယ်။ ။
