People’s Spring
ဇန်နဝါရီလတုန်းက အမေရိကန်တရားရေးဝန်ကြီးဌာန (DoJ) ဟာ ဂျပန်နိုင်ငံသား ဒုစရိုက်ရာဇာ တစ်ယောက်ရဲ့ ဝန်ခံ ထွက်ဆိုချက် တစ်ခုအကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၆၀ အရွယ်ရှိပြီး ယာကူဇာ ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်တဲ့ တာကီရှီ အီဘီဆာဝါက သူဟာ ယူရေနီယမ်၊ သော်ရီယမ်နဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေ အပါအဝင် နျူကလီးယား ဆက်စပ် ပစ္စည်းတွေကို အီရန်နိုင်ငံဆီ မှောင်ခိုထုတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် အပြစ်ရှိပါတယ်လို့ ဝန်ခံ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
အခု စစ်ဆေး တွေ့ရှိချက်ကို DoJက အောင်ပွဲတစ်ခု ရရှိသလို သဘောထားဟန် နဲ့ ကြေညာခဲ့ပေမယ့် ထုတ်ပြန်ချက်ထဲမှာ ဂျပန်အမျိုးသားကို ဖမ်းဆီးရမိမှုနဲ့ သူ့ရဲ့ ရာဇဝတ်မှုတွေ အကြောင်းကိုသာ အဓိက ဖော်ပြထားပါတယ်။ ပြီးတော့ အရေးပါတဲ့ မေးခွန်း တစ်ခုကိုတော့ အဖြေမပေးဘဲ ချန်လှပ်ထားခဲ့ပါတယ်။

Public Service Announcement
အဲဒါကတော့ ပလူတိုနီယမ်တွေ၊ အထူးသဖြင့် နျူကလီးယား ထုတ်လုပ်နိုင်တဲ့အဆင့်ဆိုတဲ့ ဓာတ်သတ္တုတွေ ဘယ်ကနေ ရလာတာလဲဆိုတာပါပဲ။
၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလတွေတုန်းက နိုင်ငံတကာ မီဒီယာ တချို့ဟာ လူအများ စိတ်ဝင်စားလောက်မယ့် မြန်မာ့နျူကလီးယားသတင်းဆောင်းပါးတွေကို ရေးသား ဖြန့်ဝေခဲ့ကြဖူးပါတယ်။
အဲဒီတုန်းက အဓိက ရင်းမြစ်တွေကတော့ စစ်အစိုးရကို ကျောခိုင်း စွန့်ခွာပြီး ဘက်ပြောင်း ခိုလှုံသူတွေ၊ ပြီးတော့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အတွင်းသတင်း ပေးသူတွေကို သတင်းဌာနတွေက ကိုးကားခဲ့ပါတယ်။ သတင်းတွေရဲ့ အဓိက ဆိုလိုရင်းကတော့ အဲဒီခေတ် စစ်အစိုးရဖြစ်တဲ့နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ (SPDC)ဟာ နျူကလီးယား လက်နက် စီမံကိန်း တစ်ခုကို ခိုးကြောင်ခိုးဝှက် အကောင်အထည် ဖော်နေခဲ့တယ် ဆိုတာပါပဲ။
တချို့ သတင်းတွေကဆိုရင် မြန်မာနိုင်ငံမှာ ရုရှား၊ ဒါမှမဟုတ် မြောက်ကိုရီးယားဆီက ရရှိတဲ့ နည်းပညာ အကူအညီတွေကို သုံးပြီး ဓာတ်ပေါင်းဖို နှစ်ခုတောင်မှ တည်ဆောက် ပြီးစီးနေပြီလို့ ရေးသားခဲ့ကြပါတယ်။
ဒါပေမဲ့ဘယ်အစိုးရ၊ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ အဲဒီ စွပ်စွဲရေးသားချက်တွေကို ခိုင်ခိုင်မာမာ ဆန်းစစ် အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။ အမေရိကန်ကတော့ မြောက်ကိုရီးယားဆီက နျူကလီးယား နည်းပညာတွေ တခြားနိုင်ငံတစ်ခုဆီ လွှဲပြောင်းပေးမယ့် ဖြစ်နိုင်ခြေမျိုးအပေါ် တွေးတော စိုးရိမ်တာမျိုး ရှိခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာတော့ လေးစားလောက်တဲ့ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ရင်းမြစ်နှစ်ခုက မြန်မာနိုင်ငံရဲ့လျှို့ဝှက် နျူကလီးယား လက်နက် စီမံကိန်းတွေဟာ ကောင်းကောင်းမွန်မွန် ရှေ့ဆက် တိုးတက်နေပြီး ရည်မှန်းချက်အတိုင်း ခရီးဆက်နေနိုင်တယ်လို့ ထုတ်ပြောခဲ့ပြန်ပါတယ်။
SPDCဟာ၂၀၁၄နောက်ပိုင်းလောက်ကစလို့ တစ်နှစ်ကို နျူကလီးယားဗုံးတစ်လုံးစီလောက်ပုံမှန် တည်ဆောက် ထုတ်လုပ်သွားနိုင်ခြေ ရှိတယ်လို့တောင် အဲဒီတုန်းက ခန့်မှန်းချက်ထဲမှာ တွေ့ခဲ့ရပါတယ်။
အဲဒီတော့နျူကလီးယား လက်နက်စီမံကိန်းဆိုတာတွေနဲ့ ပတ်သက်လို့ ပိုပြီး အလေးအထား စောင့်ကြည့်မှုတွေ ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပိုပြီး လက်တွေ့ကျတဲ့ သုတေသီတွေက တကယ်ပဲ စစ်အစိုးရဟာ နျူကလီးယားလက်နက်တွေ တည်
ဆောက်ရေး စိတ်ကူးကမ္ဘာထဲမှာ ပျော်မွေ့နေရင်တောင် လက်တွေ့ အကောင်အထည်ဖော်ဖို့ ကျွမ်းကျင်မှုနဲ့ လိုအပ်တဲ့ အဆောက်အအုံတွေ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတဲ့ ကောက်ချက်ကို ခိုင်ခိုင်မာမာ လက်ခံခဲ့ကြပါတယ်။
မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားလေးတစ်ခုလောက် ပိုင်ဆိုင်ခွင့် ရရေးအပေါ် အမြဲတမ်း အာသီသ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီအကြောင်း ပြောဆိုမှုတွေက လွင့်ပါး ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
ဘာပဲဖြစ်ဖြစ် အဲဒီအတိတ်အကြောင်းအရာ မှတ်တမ်းတွေကြောင့်ပဲ ၂၀၂၄ နှစ်ဆန်းပိုင်းလောက်တုန်းက မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ထုတ်လုပ်လို့ ရလောက်အောင်အရည်အသွေးမြင့်တဲ့ ပလူတိုနီယမ်ဓာတ်သတ္တုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ အချက်ပေး ခေါင်းလောင်းသံတွေက တကျော့ပြန် မြည်ဟီးလာပါတော့တယ်။
အသေးစိတ် အချက်အလက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ၂၀၂၀ ပြည့်နှစ်တုန်းက အမေရိကန်မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန (DEA)ရဲ့ လျှို့ဝှက် လှုပ်ရှားနေတဲ့ အေးဂျင့်တွေဟာ ဂျပန်သားအီဘီဆာဝါနဲ့အချိတ်အဆက်ရလာခဲ့ပါတယ်။
အေးဂျင့်တွေအပေါ် သံသယ ကင်းခဲ့တဲ့ အီဘီဆာဝါဟာ အဲဒီတုန်းက ရောင်းဖို့ရှိတယ်ဆိုတဲ့ နျူကလီးယားဆိုင်ရာ ဓာတ်သတ္တု နမူနာ နှစ်ခုကို ထုတ်ပြခဲ့ပါတယ်။
အဲဒီအကြမ်းထည်အဆင့်နမူနာတွေထဲမှာထင်ထင်ရှားရှား ထောက်လှမ်းလို့ ရလောက်တဲ့ ပမာဏမျိုး ယူရေနီယမ်၊ သော်ရီယမ်နဲ့ ပလူတိုနီယမ် ဓာတ်သတ္တုတွေ ရောနှော ကိန်းအောင်းနေခဲ့တယ်လို့ ဆိုပါတယ်။ အီဘီဆာဝါက သူ့ဆီမှာ အဲဒီလို သတ္တုတွေ အမြောက်အမြား ရနိုင်တဲ့ အဆက်အသွယ်တွေ ရှိနေပါတယ်ဆိုပြီး DEA အေးဂျင့်တွေကို ကြွားလုံးထုတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ DoJကထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ပလူတိုနီယမ် သတ္တုဟာ လုံလောက်တဲ့ ပမာဏမျိုး ထုတ်လုပ်နိုင်မယ်ဆိုရင် နျူကလီးယား လက်နက်တွေ ဖန်တီးဖို့ သင့်တော်တဲ့ အခြေအနေ ရောက်သွားမယ်ဆိုတာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။
ဒါပေမဲ့ အစောပိုင်းမှာ ပြောခဲ့သလိုပဲ နျူကလီးယား ဓာတ်သတ္တုဘယ်နေရာကနေ ရလာသလဲ ဆိုတာတွေ၊ ဘယ်လို ထုတ်လုပ်သလဲ ဆိုတာတွေကိုတော့ DoJ ထုတ်ပြန်ချက်ထဲမှာ ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပါဘူး။
Frontier Myanmarရဲ့ စုံစမ်းစစ်ဆေးမှု တစ်ခုမှာ ဖြစ်နိုင်ခြေ တချို့ကို ကောက်နုတ်ပြထားပေမယ့် ဘာကိုမှ တိတိကျကျတော့အတည်မပြုနိုင်ပါဘူး။ အလားတူ သုံးသပ် ဖော်ပြချက်တွေကို တခြားမီဒီယာ တချို့ကလည်း ရေးသားခဲ့ပေမယ့် ဘာကိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်ပြန်ဘူး။
အနောက်နိုင်ငံတွေရဲ့ ကျွမ်းကျင်သူတွေ ကိုယ်တိုင်ကလည်း သူတို့ကို အကြံယူ မေးမြန်းတဲ့အခါ အီဘီဆာဝါ အမှုနဲ့ ဆက်စပ်တဲ့ နျူကလီးယား ဓာတ်သတ္တု ပစ္စည်းတွေ ဘယ်နေရာကနေ တူးဖော် ရရှိလာသလဲ ဆိုတာ မသိနိုင်ဘူးလို့ ဝန်ခံခဲ့ကြပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ယူရေနီယမ် သတ္တုသိုက်တွေ ရှိနေပြီး အခါအားလျော်စွာ တူးယူမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်ထိတော့ မြန်မာနိုင်ငံမှာအဲဒီသတ္တုရိုင်းကို သန့်စင်နိုင်တဲ့ စက်ရုံတွေ မရှိပါဘူး။ ဒါ့အပြင် ယူရေနီယမ်ကို ပလူတိုနီယမ်အဖြစ် မြှင့်တင်ပြောင်းလဲနိုင်မယ့် ခေတ်မီ နည်းပညာတွေနဲ့ အဆောက်အအုံတွေလည်း ပိုင်ဆိုင်မထားပါဘူး။ မြန်မာနိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေပြီး သေးငယ်တဲ့၊ အရင်းအမြစ် သိပ်များများစားစားမရှိတဲ့လက်နက်ကိုင် အင်အားစု တချို့ဟာ ပလူတိုနီယမ်ကို သူတို့ဖာသာ ကိုယ်တိုင် ထုတ်လုပ်နိုင်သလား ဆိုတဲ့ တွေးလုံးတချို့ ရှိခဲ့ပေမယ့် ခပ်မြန်မြန်ပဲပယ်ချလိုက်လို့ ရပါတယ်။
ဖြစ်နိုင်တာကတော့ အီဘီဆာဝါဟာ မြန်မာနိုင်ငံ အခြေစိုက် လက်နက်ကိုင် အင်အားစု တချို့ဆီ တစ်ဆင့်ပြန်လည် ရောင်းချမယ့် လက်နက်တွေ သူကိုယ်တိုင် ဝယ်ယူနိုင်အောင် ငွေရပေါက် ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်။ အခုကိစ္စနဲ့ ဆက်စပ်ပြီး အများစုရဲ့ အာရုံဟာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ရဲ့ ခေါင်းဆောင် ယွက်ဆစ်အပေါ် ကျရောက်လာခဲ့ပါတယ်။
RCSSဟာနိုင်ငံခြားသားဝယ်လက်တွေဆီ ရောင်းချနိုင်ဖို့ ယူရေနီယမ် ဓာတ်သတ္တုတွေ တူးဖော်ခဲ့တယ်ဆိုတဲ့ ကောလာဟလမျိုးတွေလည်း ထွက်ပေါ်ခဲ့ဖူးတာကြောင့်ပါ။ ယွက်ဆစ်ကတော့ အီဘီဆာဝါရဲ့ အရှုပ်တော်ပုံထဲမှာသူနဲ့ RCSS ပါဝင် ပတ်သက်မှု မရှိဘူးလို့ မီဒီယာတွေကနေအပြတ် ငြင်းဆိုခဲ့ပြီး အခုထိလည်း အဲဒီလို စွပ်စွဲဖို့ လုံလောက်တဲ့ ဘာအထောက်အထားမှ မရှိသေးပါဘူး။
အီဘီဆာဝါရဲ့ အမှုနဲ့ ပတ်သက်လို့ တရားရေး မှတ်တမ်းတွေထဲမှာ ထည့်ရေးထားတဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)တို့ကလည်း နျူကလီးယား ဓာတ်သတ္တုတွေကိစ္စဘာမှမသိရကြောင်းဖြေရှင်းထားပါတယ်။
ဒီတော့ ‘လက်နက် ထုတ်လုပ်လို့ ရလောက်တဲ့ အရည်အသွေးမြင့် ပလူတိုနီယမ်ဟာ ဘယ်ကရသလဲ’ ဆိုတဲ့ မေးခွန်းက အခုထိ အဖြေမရှိသေးပါဘူး။
ကမ္ဘာတလွှားမှာရှိတဲ့ ထောက်လှမ်းရေး အေဂျင်စီတွေဟာ အဲဒီမေးခွန်းအတွက် အဖြေကို အပူတပြင်း လိုက်ရှာနေမယ်ဆိုတာ သံသယရှိဖို့ မလိုပါဘူး။ အဲဒီ ထောက်လှမ်းရေး ဌာနတွေဟာ လူသိရှင်ကြား ထုတ်ပြန်ထားတဲ့ အချက်အလက်တွေထက် ပိုပြီးတော့ အတွင်းကျကျ သိရှိထားတာတွေ ရှိနိုင်ပေမယ့်အခုထိတော့ကျေနပ်လောက်တဲ့ ဖြေရှင်းချက်မျိုး မပေးစွမ်းနိုင်သေးပါဘူး။
လူပြောသိပ်မများပေမယ့် ထည့်တွက်ရမယ့် ဖြစ်နိုင်ခြေ တစ်ခုကတော့ နျူကလီးယား ဓာတ်သတ္တုတွေ ရောင်းချဖို့ ကမ်းလှမ်းမှုတစ်ခုလုံးဟာ လိမ်ဆင်ကြီး ဆိုတာပါပဲ။ ဟုတ်ပါတယ်။ အီဘီဆာဝါဟာ လူလိမ်လူကောက် တစ်ယောက် အဖြစ်လည်း လူသိများပါတယ်။
DEA အယောင်ဆောင် အေးဂျင့်တွေဆီ ထုတ်ပြခဲ့တဲ့ နမူနာ အသေးအမွှားလေးကလွဲပြီး တကယ်တမ်း သူ့ဆီမှာအီရန်ဆီရောင်းချမယ်ဆိုတဲ့ ဓာတ်သတ္တု ပစ္စည်းတွေ လုံးဝ မရှိခဲ့တာမျိုးလည်း အများကြီး ဖြစ်နိုင်ပါတယ်။ နောက်တစ်ဆင့် အနေနဲ့ သူ့လက်ထဲက နျူကလီးယား ဓာတ်သတ္တုပစ္စည်း နမူနာကရော ဘယ်ကနေ ရလာသလဲ ဆိုတာကို မေးခွန်းထုတ်ရပါမယ်။ ဒါပေမဲ့ အဲဒီလို အသေးအမွှား ဓာတ်သတ္တုတွေကတော့ မှောင်ခိုစျေးကွက်ထဲမှာ လက်လှမ်းမီလောက်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။
တကယ်လို့သာ အီဘီဆာဝါက လိမ်လည်မှုတစ်ခုအတွက်ဒီဇာတ်လမ်းကိုထွင်ခဲ့တာဆိုရင်အဲဒီ ဓာတ်သတ္တုတွေရဲ့ မူလရင်းမြစ်ဟာ မြန်မာနိုင်ငံ ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ အပြောဟာ ယုံကြည်လောက်တဲ့ အချိတ်အဆက် ဖြစ်လာမှာပါ။
မြန်မာနိုင်ငံမှာ လျှို့ဝှက် နျူကလီးယားလက်နက် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ခဲ့တယ်ဆိုတဲ့ အတိတ်ဇာတ်ကြောင်း ကောလာဟလတွေနဲ့လည်း အံဝင်ခွင်ကျ ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ ပွင့်လင်းမှု မရှိတဲ့ စစ်အစိုးရဟာ နိုင်ငံပိုင်နက်ထဲက အရေးကိစ္စတွေကို ပြည်ပနိုင်ငံသားတွေဝင်ရောက်စုံစမ်းတာကို ခွင့်ပြုဖို့ အင်မတန် ဝန်လေးကြောင်း အားလုံးလည်း သိထားကြပြီးသားပါ။
လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြောင့်အဲဒီလို နောက်ကြောင်း စုံစမ်းဖို့ဆိုတဲ့ ကိစ္စဟာ ပိုလို့တောင် ခက်သထက် ခက်သွားဦးမှာ ဖြစ်ပါတယ်။
ဒီတော့ အဲဒီသတ္တုနမူနာတွေကို မြန်မာနိုင်ငံရဲ့ တစ်နေရာကနေ ရလာပါတယ်ဆိုတဲ့ စကားဟာ ယုတ္တိမရှိလှပေမယ့်လည်း ယုံကြည်လွယ်လောက်တဲ့ သဘောမျိုးပါပဲ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက် ကတည်းကမြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ ဓာတ်သတ္တု သန့်စင်စက်ရုံတွေ လျှို့ဝှက်စွာ လည်ပတ်နေခဲ့တယ်ဆိုတဲ့ ကောလာဟလတွေက နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ပင်မကုန်ကြမ်းတွေကို ထုတ်လုပ်
နိုင်လောက်မယ်ဆိုတဲ့ စိတ်ကူးအတွက် အတော်လေး သင့်တော်နေတာကြောင့်ပါပဲ။
(Lowy Institute၏ Myanmar’s impossible plutonium puzzle ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
