Connect with us

Hi, what are you looking for?

ဆောင်းပါး

တိုက်ပွဲ​တွေကြားရေ​ဘေးကို AA နဲ့ ရခိုင်ပြည်သူ​တွေ ဘယ်လိုရင်ဆိုင်ခဲ့လဲ

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

(ရခိုင်ပြည်နယ်မှာ​ရေ​ဘေးကြုံ​နေစဥ် အာရက္ခ​တော်လှန်​ရေးအစိုးရ တပ်ဖွဲ့ဝင်​တွေနဲ့ အရပ်ဘက်အဖွဲ့အစည်း​တွေက ​ရေ​ဘေးသင့်ပြည်သူ​တွေကို ကူညီ​​ဆောင်ရွက်​ပေး​နေမှု ၊​ရေ​ဘေးသင့်​ဒေသအချို့ကို ​တွေ့ရစဥ်)

ခိုင်မြတ်/People’s Spring

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

အဲဒီရေဘေးကြောင့် မြို့နယ်ထက်ဝက်ကျော် ရေနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူ တသိန်းကျော်အထိ ရှိခဲ့တာပါ။သောက်သုံးရေကန်တွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားတဲ့အပြင် သိန်းဂဏန်းရှိမယ့် စပါးခင်းတွေပါ ရေအောက် ရောက်ပြီး ပျက်စီးခဲ့ကာနောက်ဆက်

တွဲ ကျန်းမာရေးပြဿနာတွေ၊ သောက်သုံးရေရှားပါးမှုတွေနဲ့ လယ်ယာကဏ္ဍ မျိုးစပါး၊ အရင်းအနှီးလိုအပ်ချက်တွေဟာ မြေပြင်မှာ ကြီးမားတဲ့စိန်ခေါ်မှုအဖြစ် ကျန်ရစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီအကြပ်အတည်းမှာ ဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဟာ အရေးပေါ်ရွှေ့ပြောင်းတာနဲ့ ရိက္ခာထောက်ပံ့မှုတို့ကို အင်နဲ့အားနဲ့ ချက်ချင်းလုပ်ဆောင်ခဲ့သလို၊ အရပ်ဖက်အဖွဲ့ တွေနဲ့ ပြည်ပအလှူရှင်တွေကလည်း နိုင်သလောက် ဝန်းရံပေးခဲ့ကြပါတယ်။

ဒါပေမယ့် တိုက်ပွဲ​တွေကြား၊ဘက်​ပေါင်းစုံပိတ်ဆို့မှု​တွေကြား ဆိုးရွားတဲ့သဘာဝဘေးကို ရင်ဆိုင်​ရတာမို့ ကယ်ဆယ်​ရေး၊ပြန်လည်ထူ​ထောင်​ရေးလုပ်ငန်း​တွေဟာအကန့်အသတ်​တော့ရှိခဲ့ပါတယ် ။

●AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ မြို့နယ်အနက် ၁၀ မြို့နယ်မှာ ရေကြီးခဲ့

ဇူလိုင်လဆန်းပိုင်းမှာကြုံခဲ့ရတဲ့ရခိုင်ရေဘေးဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ် တခု ဖြစ်ခဲ့ပါတယ်။ ဇွန်လကုန်ပိုင်းကနေပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် မြစ်ရေ၊ ချောင်းရေတွေ အရှိန်အဟုန်နဲ့ တက်လာပြီး ရေစကြီးခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား၊မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ဂွ၊ ရမ်းဗြဲမြို့နယ်တို့မှာ ရေကြီးခဲ့တာဖြစ်ပြီး ရေ ကြီးမှုဟာ ဒေသအလိုက် ငါးရက်ကနေ တပတ်ကျော်အထိ ကြာမြင့်ခဲ့ပါတယ်။

မြေပြင်ကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေဆီက ရရှိတဲ့အချက်အလက်တွေအရ အဲဒီမြို့နယ်တွေအတွင်းမှ ၁၂ တန်း ကျောင်းသူအပါအဝင် လူ ၇ ဦးထက်မနည်း ရေစီးနဲ့ မျှောပါသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ရခိုင်ဒေသခံပြည်သူတွေရဲ့ အဓိကသက်မွေးလုပ်ငန်း၊ အသက်သွေးကြောဖြစ်တဲ့ စိုက်ပျိုးပြီးသား လယ်ဧ က သိန်းဂဏန်းအထိ ရေနစ်မြုပ်ပျက်စီးသွားခဲ့သလို၊ ကျေးရွာတွေက သောက်သုံးရေကန် အမြောက်အမြားထဲကိုလည်း ရေဆိုးတွေ၊ ရွှံ့နွှံတွေ ဝင်ရောက်ပြီး သုံးမရအောင် ပျက်စီးသွားခဲ့ရပါတယ်။မင်းပြားမှာဆိုရင် ရေကြီးတာတင်မကဘဲ လေးမြို့မြစ်ရဲ့ မြစ်ကမ်းပါးတွေ ပြင်းပြင်းထန်ထန် ပြိုကျခဲ့တာကြောင့် လူနေအိမ်တွေ တင်မက၊ အိမ်ဆောက်ဖို့ မြေနေရာတွေပါ ရေထဲမျောပါပြီး ပျောက်ကွယ်သွားခဲ့ရတဲ့အထိ အခြေအ နေ ဆိုးရွားခဲ့ပါတယ်။

အခုအခါတော့ရေပြန်ကျသွားပေမယ့် နောက်ဆက်တွဲ စားဝတ်နေရေး၊ သောက်သုံးရေပြဿနာ၊ ကျန်းမာရေးနဲ့ ပျက်စီးသွားတဲ့ စပါးခင်းတွေ ပြန်လည်စိုက်ပျိုးနိုင်ရေး မျိုးစပါးနဲ့ အရင်းအနှီးလိုအပ်ချက်စတဲ့ အခက်အခဲ၊ လိုအပ် ချက်တွေ ကြုံနေကြရဆဲပါ။

“ဒီလောက်အကြပ်အတည်းကြားထဲမှာ သဘာ၀ဘေးတခုပေါ်လာတော့ တပူပေါ်နှစ်ပူဆင့်ဖြစ်သွားကြရတယ်။ရေဘေးမှာတချို့လူတွေဆိုရင် ထမင်းငတ်တဲ့အဆင့်ထိ ဖြစ်သွားကြတယ်။တရက်လုပ်မှ တရက်စားရတယ်။ရေကြီးနေတော့အလုပ်မလုပ်ရဘူး။အဲဒီလိုနေ့စားလုပ်နေတဲ့သူတွေအလုပ်မလုပ်ရ၊ ပိုက်ဆံမရ၊ ထမင်းငတ်ကြတဲ့အနေ အထား၊ စားဖို့အတွက်ဆန်မရှိလို့ ဆန်ချေးငှားနေရတဲ့ အနေအထားတွေကို အများကြီး မြင်ခဲ့ရတယ်” လို့ မြေပြင် မှာ ကွင်းဆင်းပြီး ရေဘေးကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှ လူငယ်တဦးက ပြောပါတယ်။

တပူပေါ်နှစ်ပူဆင့်ပြီး အငတ်ဘေးဆိုက်ခဲ့ရတဲ့ စစ်ရှောင်တွေအတွက် နဂိုကတည်းက ခက်ခဲကြပ်တည်း​နေတဲ့အ​ခြေအ​နေမှာ ရေဘေးက ပိုပြီးတော့ ဒုက္ခ​ရောက်​စေခဲ့ပါတယ်။ လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) မှ အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက စစ်ရှောင်တွေရဲ့ မြေပြင်အခြေအနေကို အခုလို ရှင်းပြပါတယ်။

“နိုင်ငံတကာကလည်း ရခိုင်စစ်ရှောင်တွေကို ကူညီမှုနည်းလာတယ်။ အဲဒီလိုအချိန်မှာ ရေဘေးနဲ့ပါကြုံတော့ လေးရာကို ဖိထားသလို ဖြစ်သွားတာပေါ့။ ထမင်းနပ်မှန်ဖို့ မနည်းကြိုးစားနေရတဲ့အခြေအနေကနေ ထမင်းတောင် နပ်မ နိုင်တော့တဲ့ အခြေအနေထိဖြစ်သွားရပါတယ်” လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအများစုက ရေဘေးဒဏ် တိုက်ရိုက်မခံခဲ့ရပေမယ့်၊မြို့ရွာတွေထဲမှာ ကိုယ်ထူကိုယ်ထ စစ်ရှောင်နေ ကြသူတွေကတော့ စစ်ရှောင်ဒုက္ခအပြင် ရေဘေးဒုက္ခပါ ပေါင်းပြီး အင်မတန်ဆိုးရွားတဲ့ အခြေအနေကို ရောက်သွား ခဲ့ရပါတယ်။

ဒါ့အပြင် ရေဘေးသင့်ဒေသ မဟုတ်တဲ့နေရာက စစ်ရှောင်တွေတောင်မှ ရေကြီးလို့ အလုပ်အကိုင်တွေ ပျောက်ဆုံး ကုန်ပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ကြရသလို၊ ကူညီကယ်ဆယ်ရေးလုပ်ရာမှာလည်း ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြင်း ပြင်းထန်ထန် ခံနေကြရပါတယ်။

“အလုပ်တွေ ပြန်လုပ်လို့မရသေးတော့ ရှက်ပေမယ့် တောင်းစားနေရတယ်။ ရေမကြီးခဲ့ပေမယ့် ငတ်နေရတာပဲ” လို့ မြေပုံမြို့နယ်မှ စစ်ဘေးရှာင်အမျိုးသမီးတဦးက ပြောပါတယ်။

ရေဘေးသင့်ဒေသက စစ်ဘေးရှောင်တွေဆိုရင်လည်း ရေဘေးကြောင့် ရွှေ့ပြောင်းနေခဲ့ကြရရာကနေ ယာယီခိုလှုံ ရာ မူလနေရာပြန်လို့ရပြီဖြစ်ပေမယ့် စားဝတ်နေ ရေးအကြပ်အတည်းနဲ့ နေထိုင်စရာတွေ လိုအပ်ချက်ရှိနေဆဲဖြစ် တယ်လို့ ဆိုပါတယ်။

“မြောက်ဦးမှာဆိုရင် စစ်ရှောင်စခန်းတွေက လုံး၀မပျက်စီးသွားရင်တောင် ပျက်စီးသွားတဲ့အိမ်တွေအတွက်နေစရာတွေလိုနေတယ်။စားဖို့အတွက်ကတော့အရေးအကြီးဆုံးပါ” လို့ မြောက်ဦးမြို့မှ လူငယ်တဦးကပြောပါတယ်။

ရေဘေးကြောင့် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းအချို့ ရေမြုပ်ရွှေ့ပြောင်းခဲ့ကြရတာဖြစ်ပါတယ်။

“ရေဘေးနောက်ပိုင်း အလှူခံတဲ့သူတွေလည်း များလာတယ်။ တရက်မှာ ဆယ်ယောက်မကဘူး အလှူလာခံကြတာ။စစ်ရှောင်တွေရော၊ စစ်ရှောင်မဟုတ်တဲ့သူတွေရောပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံအမျိုးသမီးတ ဦးက ပြောပါတယ်။

AA ရဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကပြည်သူ​တွေ​ရေ​ဘေးကြုံ​နေချိန်မှာ ​ရေ​ဘေးကယ်ဆယ်ရေးလုပ်တာ၊ စားနပ်ရိက္ခာဖြန့်ဝေတာ ၊ရေကျပြီး​တော့လည်း နွှံရှင်းတာ၊ ကန်တွေ ရေစုပ်ထုတ်တာနဲ့ ရေလှူဒါန်းတာတွေကို တ စိုက်မတ်မတ် လုပ်ဆောင်ခဲ့တာတွေ့ရတယ်လို့ မြေပြင်မှာ ရှိနေသူတွေက ပြောကြပါတယ်။​ရေ​ဘေးသတိ​ပေးတာ​တွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)လက်​အောက်ရှိလူသားချင်းစာနာ​ထောက်ထား​​ရေးနှင့် ဖွံ့ဖြိုး​ရေးဆိုင်ရာပူး​ပေါင်း​​ဆောင်ရွက်​ရေးရုံး(HDCO) ကလုပ်ခဲ့တာကိုလည်း​တွေ့ရပါတယ်။

မြေပြင်မှာ ကူညီပေးနေတဲ့ ကိုဇော်ဇော်ထွန်းက AA ရဲ့ ကူညီမှုအပေါ် “တော်တော်ကြီးကို ကျယ်ကျယ်ပြန့်ပြန် အားအင်စိုက်ပြီးတော့ တစိုက်မတ်မတ် အစအဆုံးဆိုသလို ကြိုးစားပန်းစားလုပ်တာကို မြင်ရတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေကအစ ပါတီဝန်ထမ်းတွေကအစ အားလုံး ကြိုးစားပမ်းစားနဲ့ ပြည်သူ့ရေးရာကို လုပ်တာမြင်ရပါတယ်။ဒီနေ့ထက်တိုင် ရေကျသွားပြီးနောက်ပိုင်းမှာတောင် ရေဆိုးတွေကို ကန်က စုပ်ထုတ်တာတွေ၊ ရေရရှိရေးအတွက် ရေ ဖြန့်ဝေတဲ့ကိစ္စတွေကိုလည်း လုပ်နေတာမြင်ရပါတယ်” လို့ သူကဆက်​ပြောပါတယ်။

ဒါပေမယ့် တိုက်ခိုက်ရေးနဲ့ တည်ဆောက်ရေးတပြိုင်တည်းလုပ်နေရပြီး ငွေကြေးအင်အားမတောင့်တင်းတဲ့ ကြားက လုပ်ကိုင်​ပေးခဲ့တာမို့ လိုအပ်ချက်​တွေ​​တော့ ရှိ​သေးတယ်လို့သူက သုံးသပ်ပါတယ်။

“လုံလောက်မှုရှိလားဆိုတော့ ရှိသမျှအားနဲ့ အကောင်းဆုံးကြိုးစားရတာပဲ။ ဒါပမေယ့် လိုအပ်ချက်များတဲ့အတွက် လုံလောက်မှုရှိတယ်လို့တော့ ပြောလို့မရသလိုတွေ့တယ်။ ပြည်သူတွေသက်သာရာရစေတယ်၊ ပြည်သူတွေအဆင်ပြေစေတယ်။နောက်ပြီးတော့ ပြည်သူတွေရဲ့ အားရကျေနပ်မှုကိုတော့ ရရှိတယ်” လို့ ကိုဇော်ဇော်ထွန်းက ပြော ပါတယ်။

အဲဒီလို ရေဘေးကြောင့် ပြည်သူတွေ အခက်အခဲကြုံ၊ အစိုးရနဲ့ အရပ်ဖက်အဖွဲ့တွေ ဝိုင်းဝန်းကူညီ၊ ရုန်းကန်နေကြ ရချိန် အာဏာသိမ်းစစ်တပ်က​တော့ ​ရေ​ဘေးကြုံ​နေတဲ့မြို့နယ်တွေကို လေကြောင်း ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်း ဆက်တိုက်လုပ်ခဲ့ပါတယ်။

ရေကြီးနေတဲ့ကာလအတွင်းမှာပဲ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကို ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ရေဘေးသင့်ပြီး ပြည်သူတွေ ရွှေ့ပြောင်းနေရ၊ အကူအညီလိုအပ်ချက်ရှိနေ တဲ့ ဂွမြို့နယ်ကိုလည်း ရက်ဆက်ဗုံးကြဲခဲ့ပြန်ပါတယ် ။ဇူလိုင်လနှစ်ပတ်အတွင်းမှာတင် စစ်တပ်လက်ချက် ကြောင့် သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၇ ဦးထက်မနည်းရှိကာ နေအိမ်ဆယ်ကျော် ပျက်စီးခဲ့ရပါတယ်။

ရခိုင်ပြည်နယ်အတွင်းကပြည်သူတွေ သဘာ၀ဘေးအန္တရယ်နဲ့ ရင်ဆိုင်နေရချိန်၊ ရေဘေးသင့်ပြည်သူတွေကို အရေး ပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေရချိန် လူသားချင်းစာနာမှုကင်းစွာနဲ့ အကြမ်းဖက်လုပ်ရပ်ကျူးလွန်နေ တဲ့ စစ်တပ်ရဲ့လုပ်ရပ်အပေါ် ကောင်းစွာမှတ်တမ်းတင်ထားတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။

“ဒီလောက်လူတွေ ဒုက္ခရောက်နေတဲ့အချိန် လူတွေကို ဗုံးကြဲပြီး သတ်နေတယ်ဆိုကတည်းက ဘယ်လောက်တိယုတ်မာ၊ အောက်တန်းကျတယ်ဆိုတာ ပေါ်နေတယ်။ သမိုင်းမှာ ဒီကောင်တွေလောက် ယုတ်တာ မရှိတော့ဘူး” လို့ ဂွမြို့နယ် ကျိန္တလီမြို့မှ ဒေသခံတဦးက ပြောပါတယ်။

ရေဘေးနောက်ဆက်တွဲလိုအပ်ချက်တွေ ကူညီပေးမှု နည်းနေအရေးပေါ် ကူညီကယ်ဆယ်ရေးအပိုင်းမှာ AA ဘက်က အပြည့်အဝနီးပါး အားစိုက်ခဲ့ပေမယ့် ရေဘေးနောက်ဆက် တွဲ ပြန်လည်ထူထောင်ရေးအပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ မြေပြင်ကူညီရေးလုပ်နေသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေက ထောက်ပြကြပါတယ်။

မြေပြင်မှာ ရေကြီးမှုကြောင့်ပျက်စီးသွားခဲ့တဲ့ ရေကန်တွေ အားလုံးကို မပြုပြင်ပေးနိုင်သေးသလို၊ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ကာကွယ်၊ ကုသဖို့ ကျန်းမာရေးအဖွဲ့တွေ ကွင်းဆင်းကုသ ပေးနိုင်မှုဟာ မရှိသလောက် နည်းနေသေးတယ်လို့ ဆိုကြပါတယ်။

ရေကျသွားပေမယ့် ဒုက္ခက ပြီးမသွားဘဲ သောက်သုံးရေကန်တွေထဲ ရေဆိုးနဲ့ရွှံ့နွှံတွေ ဝင်ကုန်လို့ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကူးစက်လာမှာကို ပြည်သူတွေ စိုးရိမ်နေကြတာပါ။

မင်းပြားမြို့နယ် ဖုံသာချောင်းဒေသ ကျေးရွာတွေနဲ့ ကျောက်တော်မြို့နယ်ကုလားတန်မြစ်ကမ်းဘေး ကျေးရွာအချို့ မှာဆိုရင် ရေကန်တွေ ပျက်စီးကုန်လို့ သောက်သုံးရေ အရေးပေါ် လိုအပ်နေသလို၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာဆိုရင် သွေးလွန်တုပ်ကွေးရောဂါတွေပါ စတင်ဖြစ်ပွားနေပြီလို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့မင်းပြားမြို့နယ် နဲ့ ​ကျောက်​တော်မြို့နယ်ကကျေးရွာအချို့ကို ရေကန်ပြုပြင်၊ သောက်သုံးရေကူညီပေးနိုင်တာ​တွေ့ရသေးတာမို့ ကျန်ဒေသတွေမှာပါရေကန်ပြုပြင်ပေးတာ​တွေလုပ်​ပေး​စေချင်တယ်လို့ဒေသခံအချို့က ပြောကြပါတယ်။

ဒါ့အပြင်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေသူတွေကို ကွင်းဆင်းကုသပေးတာ၊ နောက်ဆက်တွဲ ရောဂါတွေ ထပ် မဖြစ်ပွားစေရေး ကာကွယ်ရေးအစီအမံလုပ်ပေးတာတွေလည်း အားနည်းနေသေးတယ်လို့ ​ထောက်ပြကြပါတယ်။

“အရင်းအမြစ်နဲ့ ကျန်းမာရေးဝန်ထမ်းအင်အားနည်းတာကြောင့်ထင်တယ်။အခုထိတော့ ကွင်းဆင်းဆေးကုတာ တွေအများကြီးမတွေ့ရသေးဘူး။မြန်မြန်ဆန်ဆန်ဆင်းပြီးကူညီပေးနိုင်ရင်တော့ပိုထိရောက်မယ်လို့ထင်တယ်။ မဟုတ်ရင် ရောဂါတွေ အများကြီးပြန့်သွားမှာ စိုးရိမ်ရပါတယ်” လို့ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းဘေးရေသေးသင့်ခဲ့တဲ့ ကျေးရွာတခုမှ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပျက်စီးသွားတဲ့စပါးခင်းတွေအတွက် လယ်သမားတွေကို အကူအညီပေးဖို့လိုတယ်လို့ လယ်သမားတွေက ပြောပါတယ်။

“ကျွန်တော့်ဘက်မှာဆိုရင် လယ်တွေအကုန်ပျက်သွားတယ်။စပါးတွေပြန်ကြဲရတော့မယ်။ အရေးကြီးဆုံးက မျိုးစ ပါးပါ၊ တော်တော်များများမှာ အပိုမရှိကြဘူး” လို့ ရေကြီးမှုကြောင့် လယ်ဧက နှစ်ဆယ်ဝန်းကျင်ပျက်စီးခဲ့ရတဲ့ မင်း ပြားမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လယ်ဧကသိန်းဂဏန်းဟာ စပါးပင်ပေါက်ထွက်စ၊ စပါးကြဲပြီးခါစအချိန်မှာ ရေလွှမ်းသွား တာကြောင့် ပျက်စီးခဲ့ရတာဖြစ်ပါတယ်။ အာရက္ခပြည်သူတော်လှန်ရေးအစိုးရကတော့ လယ်သမားတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အရန်မျိုးစပါးတွေ သိုလှောင်ထားတယ်လို့ သိရပါတယ်။

“စိုက်ပျိုးရေးဌာနမှာ မျိုးစပါးတွေ စုထားတာရှိတယ်။လယ်တွေအကုန်လုံးအတွက်တော့ လုံလောက်ချင်မှ လုံ လောက်မယ်။ စိုက်ခင်းဘယ်လောက်ပျက်တယ်ဆိုတာလည်း မသိရသေးတော့လေ။ ကူညီတာကတော့ ကူညီသွား ဖို့ရှိပါတယ်” လို့ AA စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းတဦးက ပြောပါတယ်။

●AA ရဲ့​ရေ​ဘေးကူညီမှုအောင်မှတ်ရလား

ပုဏ္ဏားကျွန်းမြို့နယ်က ရေဘေးကူညီပေးနေတဲ့လူငယ်တဦးကတော့ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ အစိုးရရဲ့ဘဏ္ဍာရေးကြပ်တည်းမှုတွေကြောင့်AAရဲ့ရေဘေးကူညီပေးမှုအပေါ် အားရကျေနပ်မှု ရာခိုင်နှုန်း ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

“ရေဘေးနောက်ဆက်တွဲမှာကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍတွေကအရေးပေါ်လိုအပ်ချက်ဖြစ်နေတယ်။ဆိုတော့အစိုးရလုပ်ပေးတာကောင်းပါတယ်။ဒါပေမယ့် ကိုယ်တိုင်လည်း ပိုက်ဆံမရှိတဲ့အခြေအနေမျိုးမှာ နိုင်သလောက်လုပ်ပေးတာကို တော်တော်ကြီး ကျေးဇူးတင်ရမယ်” လို့ သူက ပြောပါတယ်။

ရခိုင်ရေဘေးမှာ AA အစိုးရအပြင် ဒေသခံလူမှုကူညီရေးအဖွဲ့တွေနဲ့ ပရဟိတသမားတွေကလည်းပြည်တွင်း၊ပြည်ပ အလှူရှင်တွေရဲ့ အလှူငွေကို အားထားကာ မြေပြင်မှာ ကူညီပေးတာတွေ လုပ်နေကြတာပါ။ ဒါပေမယ့် ငွေကြေး လိုအပ်ချက်တွေကြောင့် လုံလောက်မှုမရှိဖြစ်နေတယ်လို့ ဆိုကြပါတယ်။

“အရပ်ဖက်အဖွဲ့တွေလည်း လုပ်ကြပေမယ့် ပမာဏ မလုံလောက်ဘူး။ကုန်စျေးနှုန်းကြီးတာကြောင့် ခေါက်ဆွဲခြောက်သုံးထုပ်ရမယ့်နေရာမှာတထုပ်ပဲရတော့တချို့နေရာတွေမှာ လုပ်ကိုင်ရတာအားရကျေနပ်မှုမရှိဘူးပေ့ါ” လို့ ပုဏ္ဏားကျွန်းဒေသခံ လူမှုကူညီရေးလုပ်နေသူက ပြောပါတယ်။

ရခိုင်ရေဘေးမှာကုလသမဂ္ဂ(UN)နဲ့ နိုင်ငံတကာကူညီရေးအဖွဲ့(INGOs)တွေ သွားရောက်ကူညီခွင့်ကို အာဏာသိမ်းစစ်တပ်က ကန့်သတ်ထားပါတယ် ။အခု​ရေ​ဘေးမှမဟုတ်ပဲစစ်တပ်အာဏာသိမ်းပြီးကတည်းကရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်တာ ၊​ရေ​ဘေးကြုံရတိုင်းလည်း စစ်တပ်က နိုင်ငံတကာအကူအညီ​တွေကို ခွင့်မပြုပဲ အကြိမ်ကြိမ်ကန့်သတ်ခဲ့တာပါ။ဒီလိုအခက်အခဲ​တွေ​ကြောင့် AA နဲ့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ​ရေ​ဘေးကယ်ဆယ်​ရေး၊ပြန်လည်ထူ​ထောင်​ရေးကိုပိုအားစိုက်နေကြရတယ်လို့ ရခိုင်ပြည်တွင်းအခြေစိုက် INGO တခုရဲ့ ဝန်ထမ်းတ ဦးက ပြောပါတယ်။

ရေကြီးမှုကြောင့် စပါးခင်းတွေ၊ ရေကန်တွေနဲ့ မြစ်ကမ်းပါးပြိုကျ၊ နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ မင်းပြားမြို့နယ်မှ ရေ ဘေးသင့်ပြည်သူတစ်ဦးကလည်း အာဏာသိမ်း စစ်တပ်ထက်စာရင် AA အစိုးရရဲ့ ကူညီမှုဟာ ပိုမိုကောင်းမွန်တယ်လို့​ပြောပါတယ် ။ဒါ​ပေမယ့် အခုထက်​ရေ​ဘေးသင့်ပြည်သူ​တွေကို ကူညီ​ပေးနနိုင်ဖို့ သူ​မျှော်လင့်​နေပါတယ်။

“စစ်ကောင်စီလက်ထက်နဲ့စာရင်တော့ အများကြီးကောင်းပါတယ်။သို့ပေမယ့် လတ်တလော လုပ်ပေးပြီးတာနဲ့ ရပ်တန့်မသွားဘဲ ရေဘေးနောက်ဆက်တွဲ လယ်သမားတွေအတွက် မျိုးစေ့လိုအပ်ချက် ဖြည့်ဆည်းပေးတာ၊အိမ်ပျက်သွားတဲ့ စစ်ရှောင်တွေကို အိမ်ပြန်ဆောက်ပေးတာ၊ နေရာပြန်ချပေးတာမျိုးတွေ လိုအပ်တယ်။ကျွန်တော့်အ နေနဲ့ကတော့ စောင့်ကြည့်ရဦးမယ်လို့ မြင်တယ်။နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ဖြေရှင်းပေးနိုင်ရင်တော့ ပိုကောင်းမယ်” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းမှာ စစ်တပ်ဟာ ဘဘာဝ​ဘေးကြုံလာရင် အ​ရေးပေါ်ကယ်ဆယ်​ရေးကို​ရော ၊ပြန်လည်ထူ​ထောင်​ရေးကိုပါ ​သေချာလုပ်ကိုင်​ပေးခဲ့တာမရှိပါဘူး ။၂၀၂၃ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြုံခဲ့စဥ် အကူအညီ​တွေ လုံ​လောက်​အောင်မ​ပေးတဲ့အပြင်နိုင်ငံတကာအကူအညီ​တွေကို ရခိုင်ပြည်နယ်တွင်းဝင်​ရောက်ခွင့်ကန့်သတ်ခဲ့ပါတယ် ။၂၀၂၄ စက်တင်ဘာလက ​နေပြည်​တော်အပါအဝင် နိုင်ငံအလယ်ပိုင်း​ရေးကြီးချိန်မှာလည်း စစ်တပ်က အ​ရေး​ပေါ်ကယ်ဆယ်​ရေး ၊ပြန်ထူ​ထောင်​ရေးကို လုံ​လောက်​အောင်မလုပ်နိုင်ပါဘူး။

၂၀၂၅ မတ်လက စစ်ကိုင်းငလျင်ကြီးကြုံချိန်မှာ စစ်တပ်ဟာအ​ရေး​ပေါ်အကူအညီ​တွေ စနစ်တကျမလုပ်နိုင်ပဲ နိုင်ငံတကာကို အကူအညီ​တောင်းခဲ့ပါတယ်။နိုင်ငံတကာက​ပေးအပ်တဲ့အကူအညီ​တွေကိုလည်းစစ်ကိုင်းတိုင်းဘက်ကိုသွား​ရောက်ခွင့်မ​ပေးတာအပြင် ကန့်သတ်မှုမျိုးစုံလုပ်ခဲ့သလို ၊အကူအညီအများစုကို စစ်တပ်ကအများဆုံးရယူပြီးပြည်သူ​တွေကို မဖြန့်​ဝေလို့ ပြည်သူ​တွေက ​ဝေဖန်ခဲ့ကြပါတယ် ။

ပိုဆိုးဝါးတာက ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်း စစ်တပ်က ငလျင်သင့်​ဒေသ​တွေအပါအဝင် စစ်ကိုင်းတိုင်း ၊မန္တ​လေးတိုင်း၊ရှမ်းပြည်နယ်​မြောက်ပိုင်းက​ဒေသအချို့ကိုဗုံးကြဲခဲ့ပါတယ် ။အခုလည်းရခိုင်ပြည်နယ်မှာ​ရေ​ဘေးကြုံ​နေစဥ်မှာလည်း ​စစ်တပ်က ​ရေ​ဘေးသင့်ပြည်သူ​တွေကို မကူညီတဲ့အပြင် ဗုံးသွားကြဲခဲ့တာဖြစ်ပါတယ်။ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)က​တော့ရခိုင်ပြည်နယ်​ရေ​ဘေးအတွက် ယွမ်တစ်သိန်းခွဲ (ကျပ်သိန်း ၄၆၀ ​ကျော်)ကိုအာရက္ခ​တော်လှန်​ရေးအစိုးရကကူညီ​ပေးအပ်ခဲ့ပါတယ်။

ဇူလိုင်လမှာမုန်တိုင်းမိုး​တွေ​နဲ့ ဆည်ကျိုး​ပေါက်တာ​တွေကြောင့်တရုတ်နိုင်ငံမှာပါ​ရေကြီး​ရေလျှံတာကြုံခဲ့ပြီးလူ​သေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုများခဲ့ပါတယ်။စီးပွား​ရေး​တောင့်တင်းပြီး ​ကယ်ဆယ်ရေးပစ္စည်းနဲ့ နည်းပညာ​​ ​ပေါကြွဝတဲ့တရုတ်နိုင်ငံမှာ​တောင် ​ရေ​ဘေးကယ်ဆယ်တုံ့ပြန်မှု​တွေက အကန့်အသတ်ရှိခဲ့ပါတယ် ။တရုတ်အစိုးရကိုပြည်သူနှစ်သိန်း​​ခြောက်​သောင်းကျော်ကို အမြန်​​ရွေ့​ပြောင်း​ပေးလို့ချီးကျူးမှု​တွေရှိ​ပေမယ့် ​ကောလဟလ​တွေဖြန့်တယ်ဆိုပြီး ပြည်သူအချို့ကိုဖမ်းဆီးတာ ၊ ကြိုတင်ကာကွယ်​ရေးအ​ခြေခံအ​ဆောက်အအုံ​တွေလုံ​လောက်မှုမရှိ​​ဘူးလို့​​​ဝေဖန်မှု​တွေလည်းကြုံရပါတယ် ။

ရခိုင်ပြည်သူတွေဟာ လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရင်ဆိုင်နေရတဲ့စစ်ရေး၊ ဘဏ္ဍာ ရေးအကြပ် အတည်းကို နားလည်စာနာကြပြီး၊ ရှိတဲ့အင်အားနဲ့ ချက်ချင်းထွက်ကူခဲ့တဲ့အပေါ် အောင်မှတ်ကတော့ အသေအချာ ပေးထားကြတယ်လို့ ဆိုပါတယ်။

“အခုလောက်လုပ်ပေးတာနဲ့တင် တော်တော်ကျေးဇူးတင်နေပါပြီ။AAက ကလေးတွေလည်း တော်တော်ပင်ပန်းနေပြီ။ အရမ်းအားရဖို့ကောင်းတယ်။လူတွေကယ်ပေးတယ်။လမ်းတွေရှင်းပေးတယ်၊ လုပ်အားနဲ့ ကူညီပေးတာ တွေလေ။တခြားကျန်းမာရေး၊ ငွေကြေးအကူအညီတွေလည်း ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ မြောက်ဦးမြို့ ကအမျိုးသမီးတဦးက ပြောပါတယ်။

ရခိုင်မြို့နယ် ၁၄ ခုကို သိမ်းပိုက်၊ အုပ်ချုပ်နေတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ရေဘေးသင့် ပြည်သူ တွေ နလံပြန်ထူနိုင်ဖို့အတွက် ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ဆောက်ပေးတာ၊လယ်သမားတွေကို မျိုးစပါးနဲ့ အရင်းအနှီး ကူညီပေးတာ စတဲ့ ရေရှည်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကိုပါ ထိရောက်အောင် ဆက်လုပ် ပြနိုင်မယ်ဆိုရင်တော့ အောင်မှတ်ထက်ပိုတဲ့ ပြည်သူ့ရင်ထဲက အမှတ်ပြည့်ကို အပိုင်သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။

သတင်း

ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးခေါ်ရင် ကျည်ဆံပဲရမယ်လို့ AAသတိ​ပေး

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook