Connect with us

Hi, what are you looking for?

ဆောင်းပါး

“ ပါရာ​မော်တာ အမဲလိုက်ခန်း”

ပခုက္ကူအခြေစိုက် တော်လှန်​ရေးတပ်ဖွဲ့ နှစ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်တွင် အတူပူး​ပေါင်းလုပ်ရမည့် အရေးကြီး စစ်ဆင်ရေး သို့မဟုတ် ရန်သူနှင့် အနီးကပ်ဆုံး စွန့်စားမှုပြုလုပ်ရမည့် စစ်ဆင်​ရေးတစ်ခုအတွက် စိတ်လှုပ်ရှားတက်ကြွ​နေကြသည်။

PDF များကပစ်ချ​သော​ကြောင့် အ​ရေး​ပေါ်ဆင်းသက်ခဲ့ရ​သော ပါရာ​မော်တာကို မီးမရှို့ခင်​တွေ့ရပုံ။ ဓါတ်ပုံ-PPDF ၊ BRR

ရဲ​ခေါင်း/People’s Spring

ပခုက္ကူအခြေစိုက် တော်လှန်​ရေးတပ်ဖွဲ့ နှစ်ဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်တွင် အတူပူး​ပေါင်းလုပ်ရမည့် အရေးကြီး စစ်ဆင်ရေး သို့မဟုတ် ရန်သူနှင့် အနီးကပ်ဆုံး စွန့်စားမှုပြုလုပ်ရမည့် စစ်ဆင်​ရေးတစ်ခုအတွက် စိတ်လှုပ်ရှားတက်ကြွ​နေကြသည်။

ထိုစစ်ဆင်ရေးသည် စစ်ကောင်စီ၏ တပ်မ ၁၀၁ အခြေစိုက်သည့် ပခုက္ကူမြို့မှ ပျံတက်မည့် တော်လှန် ရေးတပ်ဖွဲ့များအခေါ် ပါရာမော်တာ(စက်တပ်လေထီး) ကို တိုက်ခိုက်ရေးပင်ဖြစ်သည်။

စစ်ကောင်စီသည် စက်တပ်လေထီးများကို ဝေဟင်တိုက်ခိုက်ရေး လက်နက်တစ်ခုသဖွယ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစ၍ မန္တလေးတိုင်းငါးဇွန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့ကို ဗုံးကြဲခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ယခုနှစ်ဆန်းပိုင်းတွင် မိတ္ထီလာလေတပ်စခန်းကို ဗဟိုပြု၍ မန္တလေးတိုင်းမှ တော်လှန်ရေးအင်အားစုများအားကောင်းရာ တောင်သာ၊နွားထိုးကြီး၊မြင်းခြံ မြို့နယ်တို့ကို စက်တပ်လေထီးအသုံးပြု၍ ဗုံးဆက်တိုက်ကြဲခဲ့သည်။

ထို​​နောက် စစ်​ကောင်စီင စစ်ကိုင်းတိုင်းတွင်မုံရွာရှိ နမခ မှ ကနီ ၊မင်းကင်း၊​ချောင်းဦး အပါအဝင် စစ်ကိုင်းတိုင်းအနှံ စက်တပ်​လေးထီးဖြင့်ဗုံးကြဲသည်။အလားတူ မ​ကွေးတိုင်း၊ပဲခူးတိုင်းစသည့် ဒေသအနှံတွင်လည်းစက်တပ်​လေထီးများဖြင့် ပြည်သူများအ​ပေါ် ဗုံးမိုးရွာခြင်းကို တိုးလုပ်လာကြသည်။

စက်တပ်​လေထီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများတွင် သေဆုံးဒဏ်ရာရသူ ဆယ်နှင့် ချီရှိ​နေပြီဖြစ်ပြီး အများစုသည် အရပ်သားပြည်သူများဖြစ်ကြသည်။ ညဥ့်နက်ပိုင်း အိပ်မောကြချိန်တွင်ပါစက်တပ်လေထီးဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့အခြေစိုက်စခန်းများ ပတ်ဝန်းကျင်ကို ကင်း ထောက် ခြင်း နှင့် စစ်ရေးအသုံးစရိတ်အရ သက်သာခြင်းတို့ကြောင့် စစ်ကောင်စီသည် လေတပ်စခန်း နှင့် ၎င်း၏အခြေစိုက်တပ်များကစက်တပ်လေထီးများကို ပိုမိုအသုံးပြုလာသည်။

“ စကစ အခုသုံးနေတဲ့ စက်တပ်လေထီးတွေက တစ်နာရီ မိုင်၅၀ ပတ်ချာလည်လောက်သွားလို့ရတယ်။လေပေါ်မှာ နှစ်နာရီကြာနေနိုင်တယ်။ဆီစားနှုန်းက အများ ဆုံးတစ်ဂါလံခွဲ နှစ်ဂါလံပဲ” ဟု စစ်ဘက်သုံးပစ္စည်းများ လေ့လာသူတစ်ဦးက ပြောသည်။

သို့သော် စက်တပ်လေထီးသည် ပျံသန်းချိန်တွင် မီး စက်ကဲ့သို့ ဆူညံသည့်အသံကြားရကာ ပျံသန်းနှုန်း နှေးကွေးပြီး ပွိုင့် ၅ ၊ ငါးကြင်းမြီး(ခ)MG 3 ကဲ့သို့ လက်နက်များဖြင့် ပစ်ချနိုင်ကြောင်း ၎င်းက ​ပြောသည်။

အဆိုပါစက်တပ်လေထီးများကို ပစ်ချနိုင်မှုနှင့်ပတ်သက်၍ ယခုနှစ် ဖော်ဖော်ဝါရီလကပဲခူးတိုင်း၊ညောင်ကျိုးတိုက်ပွဲတွင် အာရက္ခတပ်တော် AAက သာ​ဈေးဦး​ဖောက်နိုင်ခဲ့​ကြောင် သတင်းများထွက်​ပေါ်ခဲ့ဖူးသည်။သို့​သော် တရာဝင်သတင်းထုတ်ပြန်ခြင်း ၊အတည်ပြုခြင်းမရှိ​ပေ။

စက်တပ်လေထီးကို လက်တွေ့ ပစ်ချ ဖျက်ဆီးပြခဲ့သည့် မှတ် တမ်းကိုမူ စစ်ကောင်စီ အသုံးပြုခဲ့သော ငါးလ​ကျော် အတွင်း မည်သည့်တော်လှန်ရေးတပ်ဖွဲ့များဆီကမှမ​တွေ့ရ​သေး​ပေ။ မြိုင်ပကဖ နှင့် ​တော်လှန်​ရေးတပ်ဖွဲ့များကလည်း မကြာ​သေးခင်က စက်တပ်​လေထီးများကို ပွိုင့်ဖိုက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​သေးသည်။သို့​သော် ပျက်ကျခဲ့ခြင်းမရှိ​ပေ။

ထို့ကြောင့် တော်လှန်ရေးအင်အားစုများအတွက် ပထ မဆုံး ပါရာမော်တာကို ရယူနိုင်အောင် ပခုက္ကူPDF (PPD နှင့် Burma Revolution Rangers ( BRR ) ရဲဘော်များက ကြိုးပမ်းခဲ့ကြသည်။

ဧပြီ ၂၂ ရက်က တပ်မ ၁၀၁ သို့ စစ်ကောင်စီတပ်က စက်တပ်လေထီးသုံးစီး ပို့ဆောင်ခဲ့သည်ကို တော်လှန်ရေးတပ်ဖွဲ့များက ကနဦးသတင်းရခဲ့သည်။ထို့အပြင် စက်တပ်လေထီး ပျံသန်းပြီးလူနေကျေးရွာများကို ဗုံးကြဲမည့် အ​ခြေအ​နေများ ကိုကြိုတင်အတည်ပြုတွက်ချက်နိုင်ခဲ့သည်။ထို့နောက် တော် လှန်ရေးတပ် ဖွဲ့များက ပခုက္ကူမြို့နှင့် အတက်နိုင်ဆုံး နီးကပ်အောင်ချဥ်းကပ်ခဲ့သည်။

“ ပထမဆုံးအနေနဲ့လည်းဖြစ်တယ်။စွန့်စားမှု အသစ်ဆိုလည်း ဟုတ်တယ်” ဟု စစ်ကောင်စီ၏ပါရာမော်တာ ကို တိုက်ခိုက်ရန်စီစဥ်ခဲ့မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF မှ ရဲဘော်လီယို (Leo)ကရှင်းပြသည်။

ဧပြီ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် PPDF နှင့် BRR ရဲဘော်များက စက်တပ်လေထီးကို ပစ်ချနိုင်မည့် နေရာကို ဖြန့်ခွဲနေရာယူထားလိုက်ကြသည်။

ရထားသည့် သတင်းအတိုင်း ညနေ ၅ နာရီခန့်တွင် စက်တပ်လေထီးသုံးစီးစလုံးပခုက္ကူမြို့၏မြောက်ဘက်ခြမ်းသို့ ဦးတည်စမ်းသပ်ပျံတက်လာသည်။

ထိုစဥ် စက်တပ်လေထီးတစ်စီးသည် အခြားနှစ်စီးထက် ပျံသန်းမှုအမြင့်ပေနိမ့်နေသည် ကို တော်လှန် ရေးရဲဘော်များ သတိပြုမိခဲ့သည်။ထို​နောက် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်ခံရသည့် စက်တပ်လေထီးသည် ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဟုဆိုရမည်ပင် မြေပေါ်သို့ အ​ရေး​ပေါ်ဆင်းသက်ခဲ့ရသည်။စက်တပ်လေထီးမောင်းသည့် စစ်ကောင်စီတပ်သားမှာဆင်းပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ စက်တပ်​လေထီးမှာ ​တော်လှန်​ရေးတပ်များနှင့် ခပ်လှမ်းလှမ်းတွင် အ​ရေး​ပေါ်ဆင်းသက်ခဲ့ရသည်။

“ စက်ချို့ယွင်းတာရောပစ်တာကပါ အင် ဂျင်ကိုထိသွားတာ။ကျွန်တော်လေ့လာကြည့်သလောက် စက်တပ်လေထီးတစ်စီးက သိန်း ၅၀၀ ပတ်ချာလည်တန်တယ်။ဗုံးသီးက ၆၀ မမ တွေလေးလုံးပါတယ်” ဟု စက်တပ်လေထီးကို ပစ်ခတ်ရာတွင်ပါဝင်ခဲ့သောရဲဘော်တစ်ဦးကပြောသည်။

ပခုက္ကူမြို့ နှင့် တပ်မ ၁၀၁ အခြေစိုက်ရာသုံးမိုင်ခန့် အကွာ ချောက်ကန်ကျေးရွာအနီးတွင် ပစ်ချခံရသည့် စက်တပ်လေထီး ကို တော်လှန်ရေးတပ်ဖွဲ့များကရှာဖွေနိုင်ခဲ့သည်။

စစ်ကောင်စီ၏ စက်တပ်လေထီးတစ်စီးကို ပစ်ချနိုင်ပြီး​နောက် မြေပြင်တွင် ပထမဆုံးမျက်မြင်တွေ့ခဲ့ရသော ရဲဘော်များ၏ ဝမ်းသာမှုသည် အချိန်ခဏမျှသာပင် ဖြစ်ခဲ့ရ၏။

တော်လှန်ရေးတပ်ဖွဲ့များထံ စက်တပ်လေထီးမရောက်ရန် တပ်မ ၁၀၁ မှ အင်အားအလုံးအရင်းဖြင့် လာ​နေသောကြောင့်ဖြစ်သည်။

“ ကားနဲ့ ဆွဲဖို့ အဆင်သင့် ပါလုပ်ခဲ့ကြတာ။ဒါပေမယ့် သူ့အကွာအဝေး၊ကိုယ့်အကွာအဝေး ရှိတယ်။တပ်မ ၁၀၁ နဲ့က နှစ်မိုင်ကျော်သုံးမိုင်ပတ်ချာလည်ပဲဝေးတာ။ရဲဘော်တွေရဲ့ အသက်ကို အတက်နိုင်ဆုံးတန်ဖိုးထားရတယ်။အဲဒါကြောင့် မီးရှို့ဖျက်ဆီးခဲ့ရတာ” ဟု Burma Revolution Rangers ( BRR )မှ ရဲဘော် ကိုဒီမိုက စက်တပ်လေထီးကို မီးရှို့ဖျက်ဆီးခဲ့ရမှုအပေါ် ရှင်းပြသည်။

မီးရှို့ဖျက်ဆီးခဲ့သောစက်တပ်လေထီး၏ အကြွင်းအကျန်ပစ္စည်းများကို စစ်ကောင်စီက ဧပြီ ၂၃ ရက် ည တွင်းချင်း သယ်ဆောင်ခဲ့ပြီး အနီးတစ်ဝိုက်စစ် ကြောင်းထိုး ရှင်းလင်းမှုလည်း လုပ်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ စက်တပ်လေထီးတစ်စီးကို ပထမဆုံးအကြိမ် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည့် PPDFနှင့် BRR ရဲဘော်များက သူတို့၏ စွမ်း​ဆောင်နိုင်ခဲ့မှုကို အထိုက်အ​လျှောက်​ကျေနပ်ခဲ့သည်။ စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် ထိခိုက်သေဆုံးခဲ့ရသောပြည်သူများအတွက် တုံ့ပြန်တိုက်ခိုက်မှုဟုလည်း ခံယူကြသည်။

ဧပြီ ၂၈ ရက်​နေ့တွင်လည်း မုံရွာ နမခ မှထွက်ခွာလာ​သော ပါရာ​မော်တာတစ်စီးမှာလည်း ​လေပြင်းမိ၍ ​မျောပါသွားပြီးအ​ရေး​ပေါ်ဆင်းသက်ခဲ့ရသည်။ ​ရှေ့တွင် ပါရာ​မော်တာများကို မည်သည့်​​တော်လှန်​ရေးအဖွဲ့များက လက်စွမ်းပြ ပစ်ချနိုင်မည်လဲ ဆိုသည်မှာ ဆက်လက်​စောင့်ကြည့်ရ​မည်ဖြစ်သည်။ ပခုက္ကူ PDF က​တော့ မ​ကျေပွဲထပ်နွှဲချင်​နေ​ပါသည်။

“ ဒါဟာ ပထမဆုံးအတွေ့အကြုံဖြစ်သလို။နောက်ဆုံးဖြစ်ရမယ့် သင်ခန်းစာပဲ။နောက်တစ်ကြိမ် ကြုံလာခဲ့ရင် စက်တပ်လေထီးရော၊မောင်းတဲ့သူပါ ရအောင်ကျွန်တော်တို့လုပ်မယ်” ဟုPPDF ရဲဘော်ကို လီယိုကဆိုလိုက်သည်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှစ်လေးလုံးအရေးတော်ပုံကာလက ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တောင်းဆိုချက်တွေကို ကြွေးကြော်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးဟာ ၃၈ နှစ်အကြာမှာတော့ စစ်အာဏာရှင်အောက်ကို ခေါင်းလျှိုဝင်သွားပါပြီ။

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...