Connect with us

Hi, what are you looking for?

ဆောင်းပါး

အီရန်နဲ့အစ္စရေး ဘာကြောင့် စစ်ဖြစ်ကြသလဲ

အခုလ ၁၃ရက် မနက်စောစောပိုင်းမှာ အစ္စရေးဟာ အီရန်ကို Operation Rising Lion အမည်တပ်ထားတဲ့ စစ်ဆင်ရေးနဲ့ အီရန်ကို တိုက်ခိုက်ခဲ့တာပါ။ စစ်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံစလုံးမှာ လူပေါင်းရာချီပြီး သေဆုံးခဲ့ကြရပါတယ်။ အများစုက အရပ်သားတွေပါ။

ကိုဗလ​ရေးသားသည်။

အာရှတိုက်ရဲ့ အနောက်ပိုင်း(အရှေ့အလယ်ပိုင်းဒေသလို့ခေါ်ကြ)မှာ ရှိကြတဲ့ အီရန်နဲ့ အစ္စရေးနှစ်နိုင်ငံဟာ စစ်ဖြစ်နေပါပြီ။

အခုလ ၁၃ရက် မနက်စောစောပိုင်းမှာ အစ္စရေးဟာ အီရန်ကို Operation Rising Lion အမည်တပ်ထားတဲ့ စစ်ဆင်ရေးနဲ့ အီရန်ကို တိုက်ခိုက်ခဲ့တာပါ။ စစ်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံစလုံးမှာ လူပေါင်းရာချီပြီး သေဆုံးခဲ့ကြရပါတယ်။ အများစုက အရပ်သားတွေပါ။

အီရန်နဲ့ အစ္စရေး နှစ်နိုင်ငံဟာ ဘာကြောင့် စစ်ဖြစ်နေကြရတာလဲ။ ဘယ်သူ့ဘက်ကနေ ဘယ်သူတွေက နောက်ကွယ်မှာ ပါဝင်နေကြသလဲဆိုတာ ဆွေးနွေးကြပါစို့။

Public Service Announcement

Public Service Announcement

မဆွေးနွေးခင် အီရန်နဲ့ အစ္စရေး နိုင်ငံတွေရဲ့ ပရိုဖိုင်းကို အကြမ်းဖျင်း အရင် ရှင်းပြပါ့မယ်။

အီရန်နိုင်ငံရဲ့တရားဝင်အမည်က အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ(The Islamic Republic of Iran) ဖြစ်ပါတယ်။ ဟိုးအရင်က ပါရှား(Persia)လို့ လူသိများပါတယ်။ နိုင်ငံရဲ့ တရားဝင်အမည်မှာကို အစ္စလာမ်မစ်သမ္မတနိုင်ငံလို့ ပါရှိတာကြောင့် အီရန်ဟာ ဘာသာရေးကို အထွဋ်အထိပ်ထားတယ်ဆိုတာ သိသာထင်ရှားပါတယ်။ သူ့ရဲ့အိမ်နီးချင်း နယ်စပ်ချင်းထိစပ်တဲ့ နိုင်ငံတွေထဲမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်၊ တူရကီတို့ဟာ လူသိများပါတယ်။

အခုစစ်ဖြစ်နေတဲ့ အစ္စရေးဟာ အီရန်နဲ့ နယ်နမိတ်ချင်းမထိစပ်ပါဘူး။ အီရန်ဟာ သမ္မတနိုင်ငံဖြစ်ပေမယ့် အီရန်အစ္စလာမ်ဘာသာရေးခေါင်းဆောင် ခါမေနီ(Ayatollah Ali Khamenei)က အာဏာကို ချုပ်ကိုင်ထားပါတယ်။ သူဟာ ၁၉၈၉ ကနေ ကနေ့အထိ အာဏာရယူထားတာကြောင့် အာဏာသက်တမ်း နှစ်ပေါင်း ၄၀ နီးပါး ရှိပါပြီ။

အီရန်ဟာ ဒီဘက်ခေတ်ပိုင်းမှာနျူကလီးယားပိုင်ဆိုင်ဖို့ အသည်းအသန်ကြိုးစားနေပါတယ်။ စွမ်းအင်လိုအပ်ချက်အရ အကြောင်းပြပေမယ့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေ၊ အစ္စရေးနိုင်ငံ၊ ကုလသမဂ္ဂနဲ့ IAEA(နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ)တို့က မယုံကြည်ကြပါဘူး။ အီရန်ဟာ နျူကလီးယားကိုလက်နက်အဖြစ်အသုံးချဖို့ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့သံသယရှိခဲ့ကြပါတယ်။

ပေါက်ကြားလာတဲ့သတင်းတွေအရ အီရန်ဟာ နျူကလီးယားပိုင်ဆိုင်ဖို့ တော်တော်နီးစပ်နေတယ်လို့ သိရပါတယ်။ အီရန်ဟာ အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေက ဘက်ပေါင်းစုံ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရပါတယ်။ လက်ရှိခေါင်းဆောင် ခိုမေနီဟာ အီရန်ပြည်သူတွေက အကြိုက်နည်းလာနေပါတယ်။

အစ္စရေးနိုင်ငံအကြောင်းဆက်ကြပါစို့။ အစ္စရေးဟာ ဂျူးလူမျိူးအများစုနေထိုင်ကြတဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်။ ဂျူးဘာသာကို ကိုးကွယ်ကြပါတယ်။ လက်ရှိခေါင်းဆောင်ဟာ ဝန်ကြီးချုပ် နေတန်ယာဟု(Benjamin Netanyahu)ပါ။ အစ္စရေးရဲ့သက်တမ်းအကြာဆုံးဝန်ကြီးချုပ် ဖြစ်ပါတယ်။

ပါလက်စတိုင်း၊ လက်ဘနွန်၊ ဆီးရီးယား၊ အီဂျစ်တို့နဲ့ နယ်မြေချင်းထိစပ်ပါတယ်။ အစ္စရေးဟာ ၁၉၄၈ ခု ကတည်းက ပါလက်စတိုင်းအပါအဝင် အာရပ်နိုင်ငံတွေနဲ့ စစ်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

ဘာကြောင့် အီရန်နဲ့ အစ္စရေးစစ်ဖြစ်ရတာလဲ။ အီရန်နဲ့ အစ္စရေးဟာ အရှေ့လယ်ပိုင်းဒေသတွင်းမှာ ရှိကြပေမယ့် နယ်မြေချင်းမထိစပ်ပါဘူး။ ဒါကြောင့် နှစ်နိုင်ငံကြားတင်းမာမှုဟာ နယ်စပ်ပြဿနာကြောင့် မဟုတ်ပါဘူး။ အခြားပြဿနာတွေကြောင့်ပါ။ ဘာတွေပါလဲ။

အီရန်နဲ့အစ္စရေးတို့ဟာ ကိုးကွယ်ရာဘာသာ မတူညီကြပါဘူး။ ကိုးကွယ်ရာဘာသာမတူညီခြင်းဟာ အီရန်နဲ့ အစ္စရေးတင်းမာမှုကို ဖြစ်စေခဲ့ပါတယ်။ အီရန်ဟာ အစ္စရေးကို နိုင်ငံတခုအဖြစ်အသိအမှတ်မပြုသလို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်နေတာကို မကြိုက်ပါဘူး။

အီရန်ရဲ့မြိုတော် တီဟီရန်ရှိ အမေရိကန်သံရုံးကို အီရန်ကျောင်းသားလူငယ်တွေ စီးနင်းသိမ်းပိုက်ခဲ့တဲ့ ၁၉၇၉ ခု နောက်ပိုင်းကစပြီး အီရန်နဲ့အမေရိကန်ဟာ မဟာရန်သူတော်တွေ ဖြစ်ခဲ့ကြပါတယ်။ အမေရိကန်အပါအဝင် အနောက်နဲ့ဥရောပ နိုင်ငံအချို့ဟာ အီရန်ကို သံတမန်ရေး၊ စီးပွားရေးစတဲ့ ဘက်ပေါင်းစုံကနေ အရေးပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပါတယ်။

အီရန်နဲ့ အစ္စရေးတို့အကြား တင်းမာမှုဟာ အီရန်မှာ ဘာသာရေးခေါင်းဆောင် အာယာတိုလာခိုမေနီ အာဏာရယူခဲ့တဲ့ ၁၉၇၉ ခု လောက်ကနေ စခဲ့တာပါ။ ခေါင်းဆောင်ဟောင်းခိုမေနီနဲ့ လက်ရှိခေါင်းဆောင် ခါမေနီတို့ဟာ အစ္စရေးရဲ့ရန်သူဖြစ်တဲ့ ပါလက်စတိုင်းအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်၊ ဂျီဟတ်နဲ့ ဟစ်ဘိုလာအဖွဲ့တွေကို ထောက်ခံ ပံ့ပိုးပေးပါတယ်။ ငွေကြေးကူညီတယ်။ စစ်သင်တန်းတွေပေးတယ်။ လက်နက်တွေ ပံ့ပိုးတာပါ။ အဲ့ဒီအဖွဲ့တွေက အစ္စရေးကို တိုက်ခိုက်ပါတယ်။

ဒါ့အပြင် အီရန်ဟာ အစ္စရေးနဲ့စစ်ဖြစ်နေတဲ့ ဆီးရီးယားကိုစစ်လက်နက်ပစ္စည်းတွေအပြင် အီရန်ဝေဟင်ပိုင်နက်နဲ့လေယာဉ်ကွင်းတွေကို ဆီးရီးယားကို အသုံးပြုခွင့်ပေးခဲ့ပါသေးတယ်။

အီရန်နဲ့ အစ္စရေးဟာ စစ်ပွဲမရှိခဲ့ကြပေမယ့် Proxy War(သွယ်ဝိုက်စစ်ပွဲ)တွေ ဖြစ်နေခဲ့တဲ့သဘောပါ။ အီရန်ဟာ စွမ်းအင်လိုအပ်ချက်ရှိတယ်လို့ အကြောင်းပြပြီး နျူကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တာ၂၀၀၀ ခုဝန်းကျင်လောက်မှာ တော်တော်အောင်မြင်လာခဲ့တယ်။

အီရန်နျူကလီးယားပိုင်ဆိုင်လာမှာကို အစိုးရိမ်ဆုံးနိုင်ငံကတော့ အစ္စရေးပါ။ ဒါကြောင့် အစ္စရေးဟာ အီရန် နျူကလီးယားမပိုင်ဆိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့ပါတယ်။ အီရန်သာ နျူကလီးယားပိုင်ဆိုင်ခဲ့ရင်အစ္စရေးဟာ သူ့နိုင်ငံ ကမ္ဘာ့မြေပုံပေါ်ကနေ ပျောက်ကွယ်သွားနိုင်မယ်လို့ ယူဆထားပါတယ်။

၂၀၁၀ ခုမှာ အစ္စရေးဟာ Stuxnet Virus အမည်ရှိတဲ့ Cyber Attack နဲ့ အီရန်ရဲ့ နျူကလီးယားထုတ်လုပ်နေတယ်လို့ ယူဆရတဲ့နေရာတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေ အတွင်းမှာတော့ အတင်းမာဆုံး ဖြစ်ခဲ့ပြီး အီရန်က အစ္စရေးကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးကလည်း ပြန်လည်တုန့်ပြန် တိုက်ခိုက်ခဲ့ပါသေးတယ်။

အီရန်နဲ့ အစ္စရေးနှစ်နိုင်ငံစလုံးဟာ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ပါဝါအရှိဆုံးနိုင်ငံတွေ ဖြစ်ချင်ကြပါတယ်။ ဒါကြောင့်အီရန်ဟာ အစ္စရေးနဲ့ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေကို ကူညီပြီး အစ္စရေးကို ချည့်နဲ့အောင်လုပ်တယ်။

အစ္စရေးက အနောက်နဲ့ ဥရောပနိုင်ငံတွေ အကူအညီနဲ့ အီရန်ကို ပြန်လည်တုန့်ပြန်ပါတယ်။ အဲ့ဒီအခြေနေတွေဟာ ဒီနှစ်နိုင်ငံကို စစ်ပွဲဖြစ်စေခဲ့တဲ့အခြေခံ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

အီရန်နဲ့ အစ္စရေးတို့ဟာ သူတို့ချည်း စစ်ဖြစ်နေကြတာမဟုတ်ပါဘူး။ နှစ်ဘက်စလုံးမှာ နောက်ကွယ်ကနေ ပါဝင်နေသူတွေ ရှိကြပါတယ်။

အီရန်ရဲ့နောက်ကွယ်မှာ ရုရှ၊ တရုတ်တို့အပြင် ရှီးယက်ဘာသာဝင်အုပ်စုတွေဖြစ်တဲ့ လက်ဘနွန်၊ အီရတ်၊ ဆီးရီးယားနဲ့ ယီမင်တို့ ရှိပါတယ်။ ရှရုက အီရန်ကို စစ်လက်နက်ရောင်းချသလို တရုတ်ဟာ အီရန်ရဲ့ အဓိက ရေနံကုန်သွယ်ဖက်နိုင်ငံတွေ ဖြစ်ကြပါတယ်။

အစ္စရေးရဲ့နောက်မှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေရှိကြပါတယ်။ အစ္စရေးကို စစ်လက်နက်၊ နည်းပညာ အဓိ

ကပံ့ပိုးနေသူက အမေရိကန်ပါ။ ဆော်ဒီ၊ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ကတော့ အီရန်ရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်လို့ အစ္စရေးကို သွယ်ဝိုက်ပြီး ထောက်ခံပါတယ်။

အီရန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲဟာ ရုရှ၊ တရုတ်တို့နဲ့ အမေရိကန်အပါအဝင် အနောက်နဲ့ ဥရောပနိုင်ငံတွေရဲ့ Proxy War(သွယ်ဝိုက်စစ်ပွဲ)ဖြစ်နေမလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အစ္စရေးဟာ လူနေအိမ်တွေနဲ့ တခြားအဆောက်အအုံ ထောင်ပေါင်းများစွာကို ဖောက်ခွဲပြီး ဖြိုချ ဖျက်ဆီးပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးက စစ်ရေးအရ ထဲထဲဝင်ဝင် စွက်ဖက်လာတဲ့နောက် ဆီးရီးယား အစိုးရဟာ တိုင်းရင်းသား မျိုးနွယ်စု တပ်ဖွဲ့တစ်ခုနဲ့ စစ်ခင်းနေရာကနေ တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ လူတစ်ယောက်ကို ဖောက်ခွဲရေး ဒရုန်းနဲ့ လိုက်သတ်တဲ့ ဖြစ်ရပ်ကို အစ္စရေး လက်နက် ကုမ္ပဏီ တစ်ခုက အရောင်းမြှင့်တင်ရေး ကြော်ငြာ ဗီဒီယိုအဖြစ် အသုံးပြုထားပါတယ်။

နိုင်ငံတကာ

ကလေးတွေ အပါအဝင် ရေဝေငှတာကို တန်းစီစောင့်နေတဲ့ ပါလက်စတိုင်းတွေ သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုဟာ လက်နက်စနစ် အမှားအယွင်းကြောင့်လို့ အစ္စရေးက အကြောင်းပြချက် ပေးခဲ့ပါတယ်။

Facebook