Connect with us

Hi, what are you looking for?

ဆောင်းပါး

ဖွားလေးစိန်နားမလည်တဲ့ အပစ်ရပ်ကြေညာချက်

ရှမ်း​မြောက်မှ ပြည်သူများက အပစ်ရပ်​ကြေညာပြီး ဗုံးကြဲလိုက် ထိုးစစ်ဆင်လိုက်လုပ်​နေ​သော စစ်တပ်ကို ​ညီ​နောင်သုံးဖွဲ့က ခံစစ်မလုပ်ဘဲ ထိုးစစ်ဆင်ရန် လိုလား​နေကြပါတယ်

စစ်​ကောင်စီက ​ကျောင်မဲမြို့ကို ဗုံးဆက်တိုက်ကြဲထား၍ အပျက်အစီးများကို​တွေ့ရစဥ်။

ယောနသံ/People’s Spring

အသက် ၇၀ အရွယ်ဖွားလေးစိန်ကခေါင်းရွက်ဖြတ်ထိုးဈေးဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလထဲ သူ့မြို့ဇာတိ ကျောက်မဲမှာ တိုက်ပွဲ‌တွေပြင်းထန်ခဲ့ချိန်က​​တောင်မြို့ကိုမစွန့်ခွာခဲ့ဘဲ တကိုယ်ရည်တကာယ ဈေး‌ရောင်းရုန်းကန်နေခဲ့သူ။

လေကြောင်းကနေ ပစ်တာတွေ၊ လက်နက်ကြီးပစ်သံတွေကို ဖွားလေစိန်လည်း ကြောက်ခဲ့တာပါပဲ။ ဒါပေမယ့်မြို့ရဲ့တောင်ဘက်မှာ တိုက်ပွဲဖြစ်ရင် မြောက်ဘက်မှာသွားရှောင်၊ အရှေ့ဘက်မှာတိုက်ပွဲဖြစ်နေရင် အနောက်ဘက်မှာသွားရှောင်ခြင်းဖြင့် တိုက်ပွဲကာလကို ဈေးရောင်းရင်း ဖြတ်ခဲ့တဲ့ အာဂအဘွားအိုပါ။

၁၀၂၇ ဒုတိယလှိုင်းမှာ TNLAက ကျောက်မဲမြို့ကိုသိမ်းယူပြီးနောက်ပိုင်း တိုက်ပွဲတွေရပ်တန့်သွားပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ နည်းပါးသွားပါတယ်။ ဖွားလေးစိန်လည်း ဈေးပဲဆက်ရောင်းနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ညီ​နောင်မဟာမိတ် သုံးဖွဲ့

ဒါပေမယ့် အခုတော့ ဖွားလေးစိန်ကို စိုးရိမ်ထိတ်လန့်စေတဲ့နေ့ရက်တွေ တကျော့ပြန်ရောက်လာပါတယ် ။ ဒီတစ်ကြိမ်က ဈေးရောင်းပြီး ဝမ်းစာရှာလို့​တောင် မရ​တော့ပါ။ ဒီရက်ပိုင်း နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေချိန် စစ်ကောင်စီက ကျောက်မဲမြို့ကို လက်နက်ကြီး‌​တွေနဲ့ ပစ်တာ ၊ တိုက်​လေယာဥ်​တွေနဲ့ ဗုံးကြဲတာတွေဆက်လုပ်နေတာက ဖွားလေးစိန်ကို အိပ်ယာထဲ ဗုန်းဗုန်းလဲစေခဲ့ပါပြီ။

ဇွန်လနှောင်းပိုင်းနေ့ခင်းတစ်ခုမှာ ကျောက်မဲမြို့ပေါ်ကို ဂျက်ဖိုက်တာပတ်ပျံချိန် ဈေးရောင်းနေတဲ့ ဖွားလေးစိန်ဟာ ကြောက်လန့်ပြီး လမ်းဘေးကို ပြေးအပုန်း ပစ်လဲကျသွားပါတယ်။ အခုတော့ လမ်းလျှောက်လို့မရတော့တဲ့ ခြေထောက်ဒဏ်ရာနဲ့ ဖွားလေးစိန် အိပ်ရာထဲလဲနေပါပြီ။

“မြို့ကရုတ်တရက်ငြိမ်ကျသွားပြီ။ဘာတွေဆက်ဖြစ်လာမလဲမသိတော့ဘူး။ဘာဆက်လုပ်ရမလဲဆိုတာမသိနိုင်တော့ဘူး”

ကျောက်မဲမြို့ခံအမျိုးသမီးတစ်ဦးကလက်ရှိ ကျောက်မဲမြို့အခြေအနေကို ငြီးတွားနေတာပါ။ သူနဲ့အတူ လူတိုင်းဟာ ဖွားလေးစိန်လိုပဲ စိုးရိမ်ထိတ်လန့်နေတာလို့ အသက် ၃၀အရွယ် အဆိုပါ အမျိုးသမီးကဆိုပါတယ်။

လုံခြုံရေးအခြေအနေအရ အမည်ထုတ်ဖော်ပြောကြားခြင်းမရှိတဲ့ သူမဟာ ပုံမှန်​တော့ ရဲရင့်ဖြတ်လတ်တက်ကြွသူပါ။သူကိုယ်တိုင်က စစ်ဘေးသင့်နေပေမယ့်အခြားသူတွေကိုတတ်နိုင်သရွေ့အကူအညီနေပေးနေသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ကျောက်မဲမြို့အခြေအနေဟာ သူ့စိတ်ကိုပါထိုးနှက်နေပြီးသူနဲ့အတူမြို့ခံတွေအားလုံးဟာ အဓိပ္ပါယ်မရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းနေရသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။

“(စစ်​ကောင်စီက) အပစ်ရပ်တယ်ပြောပြီးလေကြောင်းကနေ ခဏခဏ အပစ်ခံနေရတယ်။ ဒါက လုံးဝအဓိပ္ပါယ်မရှိဘူး။ဘဝတွေရင်းခဲ့ရတဲ့၁၀၂၇စစ်ဆင်ရေး ကတိကဝတ်တွေ ဘယ်မှာလဲ။ မြို့ခံတွေရဲ့အနာဂတ်က ဘယ်မှာလဲ”

စစ်​ကောင်စီက ​ကျောင်မဲမြို့ကို ဗုံးဆက်တိုက်ကြဲထား၍ အပျက်အစီးများကို​တွေ့ရစဥ်။

ဇွန်လနှောင်းပိုင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး လမ်းမတွေပေါ်မှာတောင် အသွားအလာမရှိတော့တဲ့အထိ ထိန့်လန့်တုန်လှုပ်နေတဲ့ မြို့ကို ငေးကြည့်ရင်း သူက မေးခွန်းတွေ တရစပ်ထုတ်လာတာပါ။

မတ်လ ၂၈ရက်က စစ်ကိုင်းနဲ့မန္တလေးမြို့ကို ဗဟိုပြုပြီးလှုပ်ခဲ့တဲ့ဖျက်အားပြင်းငလျင်ကိုပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးစစ်ကောင်စီရော​မြောက်ပိုင်းမဟာမိတ်သုံးညီ​နောင်သုံးဖွဲ့တို့ကပါ ဧပြီလကစပြီး တစ်လပြီးတစ်လထပ်တိုးပြီး အပစ်ရပ်ကြေငြာခဲ့ကြပါတယ်။

ကျောက်မဲမြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၁မြို့ကို သိမ်းယူထားတဲ့ TNLAကလည်း ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ AA၊ MNDAA တို့နဲ့အတူ ဇွန်လကုန်အထိ့ တစ်ဖက်သတ် အပစ်ရပ်ထားပါတယ်။ စစ်ကောင်စီရော မြောက်ပိုင်းမဟာမိတ်အဖွဲ့ပါ တစ်လချင်းသက်တမ်းလာခဲ့တာ အခုဆိုရင် ၃လအတွင်း ၃ကြိမ်စီရှိနေပါပြီ။ ဒီကနေ့ ဇွန်လ ၃၀ရက်မှာပဲ အပစ်ရပ်၁လသက်တမ်း ပြန်ပြည့်အုံးမှာပါ။

အပစ်ရပ်ကာလထဲမှာလည်း စစ်ကောင်စီက စစ်သား​တွေအများကြီးနဲ့ ထိုးစစ်သလိုလေကြောင်းက ဗုံးကြဲမှုကို​တော့ ပို​တောင်လုပ်နေတာပါ။ ဒါက ကိန်းဂဏန်းတွေ၊ အဖြစ်အပျက်တွေက သက်သေပြနေပါတယ်။

စစ်ကောင်စီက ငလျင်ပြန်လည်ထူထောင်ရေးအကြောင်းပြချက်နဲ့ ယာယီ အပစ်ရပ်ချိန်ကနေ မေလကုန်အထိ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၂၈ ကြိမ်ရှိပြီး ပြည်သူ ၄၆၂ ဦးသေဆုံး၊ ၈၈၄ ဦးဒဏ်ရာရခဲ့တယ်လ်ို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ မေလကုန်အထိ လေကြောင်းတ်ိုက်ခိုက်မှုအကြိမ်ရေ ၂,၈၄၁ကြိမ်ရှိခဲ့ပါတယ်။NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ချက်အရ ၄နှစ်ကျော်ကာလအတွင်းလေကြောင်းတ်ိုက်ခိုက်မှု ၂,၈၄၁ကြိမ်မှာ သေဆုံးသူ ၃,၁၅၂ ဦးရှိခဲ့တာမို့စစ်ကောင်စီဟာ လက်ရှိအပစ်ရပ်ကာလမှာ ဗုံးကြဲတာကိုတွေ အရင်ထက်​တောင်ပိုလုပ်နေတဲ့သဘောပါ။

ငလျင်အကြောင်းပြပြီး အပစ်ရပ်ခဲ့ကြပေမယ့် သိန်းနဲ့ချီတဲ့ငလျင် ဘေးသင့်ပြည်သူတွေဟာ လုံလောက်တဲ့ပြန်လည်ထူထောင်ရေး ခံစားခွင့်တွေမရကြပါဘူး။မတ်လ ၂၈ ရက်နေ့ကစစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာ​သေဆုံးထိခိုက်ပျက်စီးမှုအလွန်များပြီး လူ ၄၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီလောင်းရိပ်အောက်မှာအရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရသလို လက်ရှိပြန်လည်ထူထောင်ရေးကာလမှာလည်းထိရောက်တဲ့အကူအညီတွေမရခဲ့ကြပါဘူး။ ဘေးသူပြည်သူလူဦးရေ ၄ ဒသမ ၃ သန်းကျော်ဟာ စားနပ်ရိက္ခာနဲ့နေထိုင်ရေးအကူအညီတွေလိုအပ်နေပြီး ကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထားထောက်မှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ကထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့က နာမည်ကြီး Sky Villa ပြိုကျမှုမှာ သေဆုံးသွားတဲ့သူတွေကို ရုပ်အလောင်းပြန်လည်ရှာဖွေရေး အခုထိ မပြီးပြတ်သေးတာက စစ်ကောင်စီရဲ့ စေတနာမဲ့မှုပေါင်းများစွာထဲက တစ်ခုပါ။ ဘေးသင့်ပြည်သူတွေဟာစားဝတ်နေရေးအဆင်မပြေမှုတွေနဲ့အတူ ကိုယ်ထူက််ိုယ်ထ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေဆီသွားမယ့်အကူအညီတွေကိုစစ်ကောင်စီကတားဆီးနေပါတယ်။

စစ်ကောင်စီအခုအာရုံအစိုက်ဆုံးလုပ်နေတာက ရွေးကောက်ပွဲကျင်းပနိုင်ရေးပါ။ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးပုလ္လင်ပေါ် ဆက်ထိုင်နိုင်ဖို့ စစ်ကောင်စီခေါင်းဆောင်ကဦးစားပေးအကောင်အထည်ဖော်နေပါတယ်။ အပစ်ရပ်ကြေညာခြင်းဟာသူ့ကို ဦးတည်‌နေတဲ့ တိုက်ခိုက်မှုတွေလျော့ကျအောင် မလှမ့်တစ်ပတ်လုပ်နေတာလို့ နိုင်ငံရေးလေ့လာသူတစ်ဦးကဆိုပါတယ်။

စစ်​ကောင်စီက ​ကျောင်မဲမြို့ကို ဗုံးဆက်တိုက်ကြဲထား၍ အပျက်အစီးများကို​တွေ့ရစဥ်။

စစ်ကောင်စီအပစ်ရပ်ကြေညာထားပြီးမှ လေကြောင်းက​နေ ဗုံးကြဲတာပိုခံနေရတဲ့ ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေရဲအပစ်ရပ်ကြေငြာချက်တွေကို မေးခွန်းထုတ်လာကြပါတယ်။

“ကိုယ်စီကိုယ်စီ အပစ်ရပ်ကြေညာ‌‌နေကြရင်း စစ်ပွဲက ကျမတို့နားပြန်ရောက်နေတယ်”လို့ နောင်ချိုမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

TNLAထိပ်ချုပ်ထားတဲ့နောင်ချိုမြို့ဟာလည်း စစ်ကောင်စီရဲ့ထိုးစစ်တွေနဲ့အတူ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ ပြန်လက်လွှတ်ရဖို့စိုးရိမ်ရေမှတ်ကို ရောက်နေပြီလို့ဒေသခံတွေကညည်းတွားပါတယ်။ TNLAကတော့ လုံးဝလက်လွှတ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း မြေပြင်အခြေအနေမှာတော့ နောင်ချိုမြို့နားအထိ စစ်တပ်စစ်ကြောင်း တွေရောက်ရှိနေပြီး ကျောက်မဲမြို့ကိုလည်း စစ်ကောင်စီက အမဲဖျက်သလို လေကြောင်းကနေဆက်တိုက်ဘတိုက်ခိုက်နေပါတယ်။

ဇွန်လနှောင်းပိုင်းကာလ ဇွန်လ ၂၄ရက်က‌နေဇွန်လ ၂၉ရက်ညအထိ လေကြောင်းကနေ မကြာခဏလာပြီး ဗုံးကြဲလို့ အရပ်သား ၅ဦးသေဆုံးပြီး ၁၆ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ နေအိမ်အဆောက်အအုံး ရာဂဏန်းနီးပါးပျက်စီးခဲ့ပါတယ်။

တိုက်ပွဲကြီးတခုအခုမှစသလို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲနေတာပါ။ ဇ့န် ၂၉ ရက်ညကဆိုလျင်ကလပ်စတာဗုံးတွေပါ ကြဲချခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။Cluster Bombကလပ်စတာဗုံးဆိုတာ ဗုံးသီးအကြီးတစ်လုံးထဲမှာ ဗုံးသီးအသေးစား(submunitions) တွေထည့်ထားပြီး တိကျတဲ့ ပစ်မှတ်တစ်ခုစီစီကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေတဲ့ ဗုံးဖြစ်ပါတယ်။ အရပ်သားတွေအတွက်အလွန်အန္တရာယ်ကြီးပါတယ်။

ဇွန်လထဲမှာ စစ်ကောင်စီက ကျောက်မဲအပြင် TNLA ထိန်းချုပ်ဒေသ မိုးကုတ်၊ နမ္မတူမြို့တို့ကိုလည်း ဗုံးကြဲခဲ့ပါတယ်။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားနဲ့ပေါက်တောမြို့ကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို MNDAAထိန်းချုပ်ထားတဲ့ သိန္နီမြို့ကိုလည်းမ​ရှောင်ပါဘူး။ စစ်ဘေးသင့်သံသရာမရှည်ချင်တော့တဲ့ စစ်ဘေးနဲ့ ငလျင်ဘေးသင့် ပြည်သူနကတော့ အပစ်မရပ်ဘဲ စစ်ကောင်စီကို စစ်ရေးအရပြန်ပြီးဖိအားပေးဖို့ တောင်းဆိုမှုတွေရှိလာပါတယ်။

“၁၀၂၇စစ်ဆင်ရေးစတော့လူထုဆန္ဒအတိုင်း စစ်အာဏာရှင်ပြုတ်ကျတဲ့အထိတိုက်မယ်လို့ သူတို့သုံးဖွဲ့ ကြေညာခဲ့ကြတယ်လးမဟုတ်လား။အပစ်မရပ်ဘဲ တိုက်စစ်ပြန်ဖွင့်ပါ” လို့ မြောက်ပိုင်းမဟာမိတ်ထိန်းချုပ်ဒေသက ပြည်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ အပစ်ရပ်ကြောညာချက်ဟာ မကြာခင်နာရီပိုင်းမှာ တစ်လ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ အပစ်ရပ်သက်တမ်းထပ်တိုး/မတိုးကို ကြေညာချက်ထုတ်ပြန်ကြဦးမှာဖြစ်ပါတယ်။

လေကြောင်းကနေမကြာခဏတိုက်ခိုက်ခံနေရတဲ့ ဒေသက ပြည်သူတွေကတော့ သူတို့မြို့ပေါ်ကို လေယာဉ်ဖြတ်ပြီးပျံသံကြားရင် သူတို့ကိုယ်သူတို့ သေလူလို့သတ်မှတ်ပြီး သရဏဂုံ တင်လိုက်ကြတဲ့အထိ မျှော်လင့်ချက်မဲ့နေတဲ့အခြေအနေဖြစ်နေပါတယ်။

TNLA နဲ့အတူ မဟာမိတ်အဖွဲ့တွေအနေနဲ့ ဒီနေ့ည ကြေညာချက်မထုတ်ခင် လေယာဉ်ပျံသံကြားတာနဲ့ လမ်းဘေးကိုပြေးဝပ်ရင်း ဒဏ်ရာရသွားတဲ့ ကျောက်မဲမြို့က ခေါင်းရွက်ဖြတ်ထိုး ဈေးသည်ဖွားလေးစိန်ရဲ့သတင်းကို လှမ်းမေးပြီးမှ ဆုံးဖြတ်ဖို့ အကြံပေးချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။