Connect with us

Hi, what are you looking for?

ဆောင်းပါး

လူငယ်တွေ စစ်မှုထမ်း ဘယ်လိုအဖမ်းခံခဲ့ရလဲ

စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီး အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပါပြီ။စစ်ကောင်စီကရပ်ထဲရွာထဲမှာလည်း စစ်မှုထမ်း ပေါ်ပေါ်တင်တင် ခေါ်ခဲ့သလို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေလည်း အများအပြား ရှိနေပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၄ ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာပကဖ

Scorpio/People’s Spring

စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီး အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ခဲ့ပါပြီ။စစ်ကောင်စီကရပ်ထဲရွာထဲမှာလည်း စစ်မှုထမ်း ပေါ်ပေါ်တင်တင် ခေါ်ခဲ့သလို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတာတွေလည်း အများအပြား ရှိနေပါတယ်။

စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလာတဲ့သူတွေထဲမှာ စစ်မှုထမ်း တပ်သားသစ်တွေလည်း အများအပြား ပါဝင်လာပါတယ်။ အဲဒီလို စစ်ကောင်စီလက်အောက်ကနေ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ သူတို့ဘယ်လိုပုံစံနဲ့ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံလိုက်ရတယ်ဆိုတာ ကာကွယ်ရေးအဖွဲ့တွေကို ပြောပြခဲ့ပါတယ်။

“ပြည်သူ့ပန်းတိုင်ရဲ့ ရေဆန်လမ်း” အစီအစဥ်ကနေ တင်ဆက်ခဲ့တဲ့ စစ်ကောင်စီရဲ့အဓမ္မဖမ်းဆီးခံရပြီးတဲ့နောက် လွတ်မြောက်လာတဲ့ လူငယ်တွေထဲမှာတနင်္သာရီတိုင်း၊ ကံပေါက်မြို့အခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်ကနေ ထွက်ပြေးလာတဲ့တပ်သား ဝေယံစိုးလည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

မော်လမြိုင်မြို့မှာရေတပ်သင်္ဘောပြင်ဆင်ရေးတာဝန်ကျနေချိန် ဂဠုန်စစ်ကြောင်းနဲ့ ဆက်သွယ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ အလင်းဝင်ခဲ့တာပါ။ဝေယံစိုးဟာတပ်ထဲကို စက်ရုံအလုပ်ဆိုပြီးတော့လိမ်ပြီးအခေါ်ခံခဲ့ရတာလို့သူကပြောပါတယ်။

“ဟိုရောက်မှ အထဲဝင်(စစ်တပ်ထဲ)ဝင်ရမယ်ဆိုတာ သိခဲ့တာ”လို့ ဝေယံစိုးက ပြောပါတယ်။

စစ်အခြေခံသင်တန်းထဲမှာကိုဝေယံစိုးတို့လိုပုံစံအမျိုးမျိုးနဲ့ လိမ်ညာစုဆောင်း၊ အဓမ္မစုဆောင်းခံရတဲ့တပ်သားသစ်တွေ အများအပြား တွေ့ခဲ့ရတယ်လို့ သူက ပြောပြပါတယ်။

အလုပ်ဆိုပြီး စစ်တပ်ထဲ လိမ်လည်အပို့ခံရသူ နောက်တဦး ရှိပါသေးတယ်။ သူကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အလင်းဝင်လာတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် အမှတ်(အမှတ်၉ဝ၈) စစ်မြေပြင် အင်ဂျင်နီယာတပ်က တပ်သား သက်ဇော်ဦး(အမည်လွှဲ)ပါ။

အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၄ ဦးကို တွေ့ရစဥ်။ ဓာတ်ပုံ-မုံရွာပကဖ

သူကလည်း Facebook မှာတွေ့တဲ့ အစိုးရအင်ဂျင်နီယာမှအလုပ်ခေါ်ယူခြင်းဆိုတဲ့ လိမ်လည်ထားတဲ့ အလုပ်ခေါ်စာကနေတဆင့် တပ်ထဲ ရောက်ရှိခဲ့တာလို့ သူက ပြောပါတယ်။သူကအရင်က ယန္တရားမောင်းတာပါ။ ယန္တရားမောင်းတဲ့ Certificate(အသိအမှတ်ပြုလက်မှတ်)လိုချင်တော့ သူတို့ကလည်း ၆ လတက်ရင် Certificate ပေးမယ်ဆိုလို့ သွားတက်ခဲ့လိုက်တာလို့ သူကပြောတယ်။

“တကယ် ရောက်သွားတာက ယန္တရားမောင်းသင်တန်းမဟုတ်ဘဲ စစ်အခြေခံသင်တန်းဖြစ်နေတယ်”လို့ ကိုသက်ဇော်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ အွန်လိုင်းကနေ အလုပ်ခေါ်စာတွေနဲ့ လိမ်လည်ခေါ်ယူပြီး စစ်မှုထမ်း တပ်သားသစ်စုဆောင်းနေတယ်လို့ သူက ပြောပြပါတယ်။ “ဒီသင်တန်းတက်ပြီးရင် မင်းတို့က အင်ဂျင်နီယာဖြစ်ပြီ။ စစ်သားမဟုတ်ဘူးပေါ့။ အဲလိုပြောတာ”လို့ သူက ပြောပါတယ်။ အဲဒီလိုခေါ်ယူပြီး စစ်အခြေခံသင်တန်းတွေ ပို့လေ့ရှိတယ်လို့သူကပြောပါတယ်။

မန္တလေးတိုင်းက ကိုစိုင်းဆိုသူကတော့ အလုပ်ရှာရင်း လိုင်းပေါ်မှာတွေ့တဲ့ ပဲခူးတိုင်းက အလုပ်တခုကို လျှောက်လိုက်တယ်။ ရတော့ လာလုပ်တယ်။ ၃ လ လောက်လုပ်အပြီးမှ သူတို့နေတဲ့ရပ်ကွက်က အုပ်ချုပ်ရေးမှူးက လာဖို့ခေါ်တယ်။ သူရယ်သူ့သူငယ်ချင်းရယ် အုပ်ကြီးအိမ်လာခဲ့ပါတဲ့။ ထမင်း

စားရင်းတန်းလန်း ထမင်းပန်းကန်ပြန်ချပြီး သွားတွေ့တယ်။ အဲဒီမှာ အုပ်ကြီးက ဘာမပြောညာမပြောနဲ့ စစ်တပ်ကို လာခေါ်ခိုင်းပြီး စစ်မှုထမ်း ထည့်လိုက်တာလို့ ကိုစိုင်းက ပြောပြပါတယ်။

စစ်မှုထမ်းအပတ်စဥ်(၈) သင်တန်းဆင်း သရက်ချောင်း ခမရ (၃၀၄)က လွတ်မြောက်လာတဲ့တပ်သားရဲလွင်ကတော့ အမြန်လမ်းပေါ်မှာ အဓမ္မဖမ်းဆီးခံလိုက်ရတာပါ။

စစ်ကိုင်းတိုင်းထဲက PDF စိုးမိုးနယ်မြေမှာနေတဲ့ ကိုရဲလွင်ဟာ အလုပ်အတွက် မြို့ပေါ်တက်တဲ့အချိန် အမြန်လမ်းမှာ စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတာပါ။ သူတို့ စီးလာတဲ့ ခရီးသည်တင်ယာဥ်ကို မနက် ၈ နာရီလောက်မှာ အမြန်လမ်းပေါ်မှာ ထွေအုပ်နဲ့ ရဲတွေက စစ်ဆေးပါတယ်။ သူတို့လူငယ်တွေကို မှတ်ပုံတင်သိမ်း ဖုန်းတွေသိမ်းတယ်။ မနက်ခင်းအစောကြီးဆိုတော့ ထင်လည်းမထင်ထားဘူး။ ကိုရဲလွင်တို့ကားပေါ်မှာ ဦးဇင်းတပါးလည်း ပါပါတယ်။ ဦးဇင်းက ကလေးတွေကို မဖမ်းဖို့ ဝင်တားတယ်။ “ကျနော်တို့ တပည့်တွေ ဘာမှအပြစ်မရှိဘူး”ဆိုပြီး ဝင်မိန့်ပေးတယ်။ စစ်အုပ်စုဝင်တွေ သံဃာ့စကားလည်း နားမဝင်ပါဘူး။ “ဒါဘုန်းကြီးနဲ့မဆိုင်ဘူး။ ဦးဇင်းပြန်တော့”တဲ့။ ဒါနဲ့ ကိုရဲလွင်တို့ အဖမ်းခံလိုက်ရပါတယ်။ “ကျနော်တို့ကားပေါ်က ၃ ယောက်လောက်အဖမ်းခံရတယ်”လို့ သူက ပြောတယ်။ သူတို့တွေကို ထွေအုပ်ရုံးခေါ် လက်မှတ်ထိုးခိုင်းပြီး စုဆောင်းရေးကို ပို့လိုက်တာလို့ ကိုရဲလွင်က ပြောပြပါတယ်။

ဓာတ်ပုံ-မုံရွာပကဖ

စစ်ကောင်စီဟာ အသက် ၄၀ ကျော် ၅၀ နီးပါးတွေကော အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ဖမ်းဆီးနေတယ်လို့ လွတ်မြောက်လာတဲ့တပ်သားသစ်တွေက ပြောကြပါတယ်။

အဲဒီအတွက် သက်သေမှတ်တမ်းတခုလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်ထဲက စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က တိုက်ခိုက် သိမ်းပိုက်ချိန် သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရသူ ၄ ဦးမှာ ၃ ဦးက အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်းခံရသူ (ပေါ်တာဆွဲခံရသူ)တွေ ဖြစ်နေခဲ့ပါတယ်။ အဲဒီ ၃ ဦးထဲမှာမှ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါဝင်ခဲ့တာကို PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အသက် ၁၅ နှစ်သာ ရှိသေးတဲ့ အဲဒီကလေးဟာ ရန်ကုန်မှာ အကင်ရောင်းနေတုန်း ပေါ်တာဆွဲခံလိုက်ရတာပါ။ တောင်တွင်းကြီးမှာ သင်တန်း ၅ လ တက်ပြီးခါရှိသေး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အင်မထီးပျူရွာကို ပို့လိုက်တာလို့ PLA ဆီမှာ သူကိုယ်တိုင် ဖြေကြားခဲ့ပါတယ်။

သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ တပ်သားတစ်ယောက်ကတော့ ရန်ကုန် အဝေးပြေးကားကွင်းမှာ ပေါ်တာအဆွဲခံလိုက်ရတာပါ။ စစ်ကောင်စီဟာ ဘူတာရုံတို့ အဝေးပြေးယာဥ်ရပ်နားစခန်းတို့မှာလည်း အဓမ္မဖမ်း​ဆီးနေတယ်လို့ လွတ်မြောက်လာသူ တပ်သားသစ်တွေက ပြောပြပါတယ်။

စစ်မှုထမ်းစုဆောင်းသူတွေဟာ လူငယ်တွေကို ပိုက်ဆံပိုပေးတဲ့တပ်ကို ရောင်းစားကြတယ်လို့ အလင်းဝင် တပ်သားသစ်တွေက ပြောပြပါတယ်။

“တရားဝင် လူကုန်ကူးတာပေါ့။ ဖမ်းလို့လည်းမရ တိုင်လို့လည်းမရ၊ ရောင်းစားနေကြတာ တစ်ယောက်နဲ့တစ်ယောက်”လို့အလင်းဝင်တပ်သားကိုသက်ဇော်ဦးက ပြောပါတယ်။

စီးပွားရေးအဆင်မပြေလို့ ကိုယ့်ကိုယ်ကို ရောင်းပြီး ဝင်တဲ့သူတွေလည်းရှိတယ်လို့ ကိုသက်ဇော်ဦးက ပြောပါတယ်။”တယောက်ကို ၁၅ သိန်းလောက်ရှိတယ်”လို့ သူက ပြောတယ်။

အပြင်မှာ ဓါးထိုးမှုတို့ လူသတ်မှုတို့ ဖြစ်တဲ့သူတွေကလည်း ထောင်ကျမှာကြောက်လို့ စစ်ထဲ ဝင်တာတွေရှိတယ်လို့လည်း သိရပါတယ်။

“အဓမ္မစုဆောင်းခံရတာ တော်တော်များတယ်။ ၁၀၀ ဆိုရင် ၈၀ လောက်က အဓမ္မစုဆောင်းခံရတာ”လို့ ကိုရဲလွင်က ပြောပြတယ်။

ပိုက်ဆံတက်နိုင်သူတွေကတော့သိန်းထောင်ဂဏန်းလောက်အထိလိုက်ပြီး ပြန်ထွက်သွားနိုင်တာတွေရှိကြောင်းအလင်းဝင်သူတွေကပြောပြပါတယ်။

ဇူလိုင် (၃)ရက်ကနေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်မှုထမ်း ခေါ်ခံရတဲ့ တပ်သား ၄ ယောက်ဟာ မုံရွာပကဖနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။ သူတို့ ၄ ဦးကတော့ ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေကိုယ်စား စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးက အစားထိုး အထည့်လိုက်ခံလိုက်ရတာပါ။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၄၂၉ ဦးထိရှိခဲ့ကြောင်း သိရပါတယ်။

ဇွန်လ တတိယပတ်အတွင်းမှာတင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ဝ ဦးအနက် ၆ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးထားပါတယ်။

တပ်သားသစ်တွေ အလင်းဝင်မှာစိုးလို့ PDF က မိရင်သတ်ပစ်တယ်ဆိုပြီး စစ်ကောင်စီက ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် လက်တွေ့ အလင်းဝင်လိုက်တဲ့အခါမှာတော့ သူတို့ပြောထားတာနဲ့ တခြားစီဖြစ်နေတယ်လို့ အလင်းဝင်သူတွေက ပြောပြပါတယ်။

PDF ထံ အလင်းဝင်ထားပြီးဖြစ်တဲ့ ကိုသက်ဇော်ဦးကတော့ သူ့ရဲ့အိပ်မက်ဆိုးကာလကြီး တခန်းရပ်သွားခဲ့ပါပြီ။ စစ်ကောင်စီလက်အောက်မှာ နေနေရတဲ့လူငယ်တွေအတွက်သူကတခုတော့မှာပါတယ်။

“အွန်လိုင်းပေါ်မှာ အလုပ်ခေါ်စာတွေ တွေ့တိုင်း မယုံပါနဲ့”လို့ ကိုသက်​ဇော်ဦးက သတိပေးလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIA) က ထုတ်ပြန်သည်။

သတင်း

တီမောလက်စတီ(အရှေ့တီမော)အနေနဲ့ (၁၁)နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်မှုဟာ ‘အဓိပ္ပာယ်မရှိ၊ ကျိုးကြောင်းညီညွတ်မှုမရှိ’ကြောင်း တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ပြောကြားလိုက်ပါတယ်။

သတင်း

မိုးဗြဲမြို့ရှိ လူနေအိမ် များကို စစ်ကောင်စီတပ်စစ်ကြောင်းကနေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်နေကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့အနီးတနေရာတွင် ယနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။